Cocaine (ကိုကင်း)ဆိုတာ ဘာလဲ
Cocaine သည် Erythroxylum coca အမည်ရ ချုံပင်တစ်မျိုးမှရရှိသော စိတ်ကြွရူးသွပ်ဆေးတစ်မျိုးဖြစ်သလို ထုံဆေးတစ်မျိုးလည်း ဖြစ်ပါသည်။
ဤအပင်ကို ဘိုလီဗီးယား၊ ပီရူး ကဲ့သို့သော တောင်အမေရိကတိုက်နိုင်ငံများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျက် ရှိပါသည်။
ဆေးပညာလောကတွင် အလွန်အကျိုးရှိသော ထုံဆေးတစ်မျိုးအဖြစ် အသုံးပြုလျက်ရှိသော်လည်း ၎င်း၏ အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုများကြောင့် နိုင်ငံတကာတွင် ဥပဒေအရ ပိတ်ပင်ထားသော ဆေးတစ်မျိုးဖြစ်လာပါသည်။ Cocaine သည် Amphetamine ထက် ကာယ၊ ညာဏ လှုံဆော်အား ပိုကောင်းသော်လည်း Amphetamine ကဲ့သို့ ကြာရှည်ခံနိုင်ခြင်း မရှိပါ။
Cocaine chloride ကို (အဖြူရောင် ပုံဆောင်ခဲအမှုန့်) အနေနဲ့ ထုတ်လုပ်သော်လည်း Crack (ပုံဆောင်ခဲ) နှင့် free base ( အဖြူရောင် အမှုန့်) အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပါသည်။
ဗန်းစကားအနေဖြင့် snort, coke, rock, Vitamin C စသဖြင့်လည်း ခေါ် ကြပါသည်။
” Cocaine ၏ အကျိုးသက်ရောက်မှုများ “
အကျိုးသက်ရောက်မှုများသည် ဘယ်လိုပုံစံနဲ့ သုံးစွဲလဲ၊ ပမာဏ ဘယ်လောက်သုံးစွဲလဲ စသည်ဖြင့်သုံးစွဲသူပေါ် မူတည်ပါသည်။
Cocaine သုံးပြီး မိနစ်အနည်းငယ်အတွင်း ထူးထူးခြားခြား ဝမ်းမြောက်သာယာမှုကို ဖြစ်စေပါသည်။
စိတ်ချလက်ချ ဖြစ်ပြီး ကျေကျေနပ်နပ် ရှိနေခြင်း၊ နိုးကြားတက်ကြွနေခြင်း၊ လိင်စိတ်ပြင်းထန်လာခြင်း၊ ခွန်အားတိုးလာခြင်း၊ နာကျင်မှု မရှိတော့ခြင်းတို့ ဖြစ်လာပါသည်။
တခြားလက္ခဏာများအနေနှင့်…
– တက်တက်ကြွကြွ ဖြစ်လာပီး စကားများလာခြင်း
– ဗလုံးဗထွေးပြောခြင်း၊ စကားရှေ့နောက် မညီခြင်း
– နှလုံးခုန်နှုန်း မြန်လာခြင်း၊ အသက်ရှုနှုန်းမြန်လာခြင်း၊ ခန္ဓာကိုယ် အပူချိန် တက်လာခြင်း
– သူငယ်အိမ် ကျယ်လာခြင်း
– စိတ်ဆိုးမာန်ဆိုး ဖြစ်ခြင်း
– တစ်ပါးသူအပေါ် ယုံမှားသံသယ လွန်ကဲခြင်း
– မထင်မှတ်ဘဲ ရန်လိုရန်ပြုခြင်း
– စိုးရိမ်ကြောင့်ကြခြင်း၊ ထိန်းမရအောင် လန့်ခြင်း
– အာခြောက်ခြင်း
– ခေါင်းကိုက်ခြင်း
– ဗိုက်အောင့်ခြင်း
– ခြေလက်တုန်ရီခြင်း
– အာရုံ ချောက်ခြားလာခြင်း၊ မရှိသည်ကို ရှိသည်ဟု မှားထင်မှတ်ခြင်း
– စားချင်စိတ် လျော့နည်းလာခြင်းတို့ ဖြစ်တတ်ပါသည်။
Cocaine ကို ဘယ်နည်းလမ်းတွေနဲ့ သုံးစွဲကြသလဲ
နှာခေါင်းဖြင့်ဖြစ်စေ ( ရှူခြင်း၊ ရှိုက်ခြင်း)
ပါးစပ်ဖြင့်ဖြစ်စေ
crack cocaine နှင့် free base အငွေ့ကိုရှူသွင်းခြင်းဖြင့် ဖြစ်စေ
အကြောဆေးသွင်းခြင်းဖြစ်စေ သုံးစွဲကြပါသည်။
Cocaine သုံးစွဲမှုပမာဏ များလာရင် ဘာတွေဖြစ်တတ်လဲ
ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ ( ကြွက်တက်ခြင်း၊ တုန်ရီခြင်း၊ ကြွက်သားများ တင်းကျုံ့ခြင်း)တို့ ဖြစ်တတ်ပါသည်။
ပမာဏများများ ရေရှည်အသုံးပြုပါက cocaine ကို စွဲလမ်းသွားနိုင်ပီး ရူးသွပ်သွားနိုင်ပါသည်။( Cocaine psychosis or madness)
တစ်ပါးသူအပေါ် ယုံမှားသံသယ လွန်ကဲခြင်း(paranoid delusions)၊ မရှိသည်ကို ရှိသည်ဟု မှားထင်မှတ်ခြင်း( hallucinations) (အကြား၊အမြင်အာရုံ ချောက်ခြားခြင်း)၊ကို့ရို့ကားယား အပြုအမူ၊ ရန်လိုသော အပြုအမူများ ပြုကျင့်တတ်ပါသည်။
ရက်ပေါင်း၊ နာရီပေါင်းများစွာ သောက်စားပျော်ပါးသော တစ်ချို့သူများတွင် ရုတ်တရက်ပြင်းထန် စိတ်ကျရာဂါ၊ လေးလံထိုင်းမှိုင်းခြင်းနှင့် ဆာလောင် မွတ်သိပ်ခြင်းတို့ ဖြစ်တတ်ပါသည်။
Overdose
Cocaine ကို ပုံစံမျိုးစုံနဲ့ ဖော်စပ်ကြတဲ့အတွက် ပြင်းအား အမျိုးမျိုး ရှိတတ်ပါသည်။
Overdose ကြောင့်
– အာရုံချောက်ခြားခြင်း (hallucinations)
– ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများ မြန်လာခြင်း ( နှလုံးခုန်နှုန်း မြန်လာခြင်း၊ အသက်ရှူမြန်လာခြင်း၊ ခန္ဓာကိုယ် အပူချိန် တက်လာခြင်း)
– ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်း(heart attack)
– လေဖြတ်ခြင်း၊ တက်ခြင်း
– ဦးနှောက်သေခြင်း (coma)
– သေဆုံးခြင်းအထိ ဖြစ်နိုင်ပါသည်။
အချိန်တိုအတွင်း အလွန်အကျွံသုံးစွဲခြင်းသည် အရေးပေါ် အခြေအနေမျိုးကို ဖြစ်စေတတ်ပြီး ဆေးရုံ အထူးကြတ်မတ်ကုသဆောင်များတွင် မျက်ခြေမပြတ် စောင့်ကြည့်ရပါသည်။
Cocaine ရဲ့ ရေရှည် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ?
– Cocaine ကို စွဲလမ်းမှီခိုသွားခြင်း
– ရူးကြောင်ကြောင်ဖြစ်သွားခြင်း၊ ရူးသွပ်သွားခြင်း
–အစားအသောက် မမှန်တော့ခြင်း၊ ကိုယ်အလေးချိန် လျော့နည်းလာခြင်း
–လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ
– သွေးတိုးရောဂါ၊ နှလုံးရောဂါ ( နှလုံးခုန် ပုံမှန်မဟုတ်ခြင်း၊ စည်းချက်မညီတော့ခြင်း)
– အိပ်ချိန် မမှန်တော့ခြင်း၊ ညအိပ်မပျော်ခြင်း
– အရေပြားအောက်တွင် အင်းဆက်ပိုးမွှားများ တလိမ့်လိမ့် တွားသွားသကဲ့သို့ခံစားရခြင်း ( formication / tactile hallucination)
– နှာခေါင်း ပျက်စီးဒဏ်ရာရခြင်း၊ ရှူခြင်း ရှိုက်ခြင်းကြောင့် နှာခေါင်းအရိုးနု (septum) ပေါက်သွားခြင်း
– ဦးနှောက်ကျုံ့လာပီး ကောင်းစွာမတွေးတောနိုင်ခြင်း
– အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ HIV/AIDS နှင့် တခြား လိင်မှတဆင့်ကူးစက်နိုင်သောရောဂါများ ဖြစ်နိုင်ခြေအန္တရာယ်ပိုများလာခြင်း
– လူမှုဘဝ ပျက်စီးယိုယွင်းလာခြင်း ( မိသားစု ဆက်ဆံရေး၊ ချစ်သူနှင့် ဆက်ဆံရေး၊ အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ ငွေရေးကြေးရေးကိစ္စ)
Cocaine စွဲလမ်းနေသူကို ဘာလုပ်ပေးလို့ရလဲ?
ပြန်လည်ထူထောင်ရေး အစီအစဉ်များ ( drug rehabilitation program)၊ သင့်တော်သော လူမှုအထောက်အပံ့များ ( social support ) များနဲ့ ချိတ်ဆက်ပေးခြင်းသည် အကောင်းဆုံး ချဥ်းကပ်မှု ဖြစ်ပါသည်။
Reference ![]()
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.244
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ![]()
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#cocaine#ကိုကင်
Ministry of Health,
National Unity Government.

Published on: 28 November 2022
Last Updated: 28 November 2022
