MENU

How to quit smoking “ ဆေးလိပ် ဘယ်လို ဖြတ်ရမလဲ” (November, 2022)

ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ (၈)သန်းလောက် ရှိပါတယ်။

အဲ့ဒီထဲကမှ (၇)သန်းလောက်ကတော့ ကိုယ်တိုင်ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးတာဖြစ်ပြီး (၁.၂)သန်းလောက်ကတော့ ကိုယ်တိုင်သောက်သုံးတာကြောင့် မဟုတ်ဘဲ second-hand smokeကြောင့် သေဆုံးတာ ဖြစ်ပါတယ်။

second-hand smokeဆိုတာကတော့ ဆေးလိပ်ငွေ့ကို နှစ်ရှည်လများ ကာလတော်တော်ကြာ ရှူရှိုက်မိတာကို ဆိုလိုပါတယ်။ အထူးသဖြင့် ဆေးလိပ်စွဲသောက်တတ်တဲ့သူတွေနဲ့ အနီးကပ်နေထိုင်ရသူ၊ မိသားစုဝင်တွေ ဖြစ်တာများပါတယ်။ ကိုယ်တိုင်မသောက်သုံးတာတောင် ဒီလိုကာလအကြာကြီး ဆေးလိပ်ငွေ့တွေကို ရှူနေရတဲ့အခါ သူ့မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အဆုတ်ကို ထိခိုက်ပြီး သေဆုံးတာပဲ ဖြစ်ပါတယ်။

❓ဆေးလိပ်သောက်ခြင်းကြောင့် ဘာရောဂါတွေ ဖြစ်နိုင်လဲ

အဆုတ်ကင်ဆာရောဂါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဆေးလိပ်သောက်တာကြောင့်ပဲ ဖြစ်ပါတယ်။ (ဆေးလိပ်သောက်သူရဲ့ ၈၆%လောက်က အဆုတ်ကင်ဆာ ဖြစ်တာကို တွေ့ရပါတယ်။) အခြားသော အဆုတ်ရောဂါတွေဖြစ်တဲ့ နာတာရှည်လေပြွန်ရောင်တာ၊ လေအိတ်ပျက်တာတွေလည်း ဖြစ်နိုင်ပါတယ်။

အဆုတ်တင်မကဘဲ အသက်ရှူလမ်းကြောင်းက အခြား အင်္ဂါအစိတ်အပိုင်းတွေမှာလည်း ကင်ဆာဖြစ်နိုင်ပါသေးတယ်။

ဒါ့အပြင် နှလုံးသွေးကြောကျဥ်းတာ၊ လေဖြတ်တာတွေလည်း ဖြစ်နိုင်ပါတယ်။

ဆေးလိပ်သောက်သုံးသူ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်တဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ – ကိုယ်ဝန်ဆောင်စဥ် သန္ဓေသားက ကိုယ်အလေးချိန်မပြည့်တာ၊ ကိုယ်ဝန်မဆောင်နိုင်တာ၊ အရွယ်မတိုင်ခင် သွေးဆုံးတာ၊ အရိုးပွတာ အစရှိတာတွေ ဖြစ်နိုင်ပါတယ်။

❓ဆေးလိပ်ဖြတ်လိုက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ

အဓိကကတော့ အထက်ပါဖော်ပြခဲ့တဲ့ ရောဂါတွေ ဖြစ်ဖို့ အခွင့်‌အရေး နည်းပါးသွားမယ်။

အရွယ်မတိုင်ခင် ဆေးလိပ်ကြောင့် စောစောစီးစီး သေဆုံးနှုန်းကိုလည်း လျော့ချနိုင်တဲ့အပြင် အကယ်၍ တခြားရောဂါတွေလည်း မရှိခဲ့ဘူးဆိုရင် ဆေးလိပ်ဖြတ်ခြင်းကြောင့် နောက်ထပ် (၁၀)နှစ် အသက်ရှည်နိုင်တယ်လို့လည်း ဆိုကြပါတယ်။

ဒါ့အပြင် ဆေးလိပ်ကြောင့် ကုန်ကျရတဲ့ ကုန်ကျစရိတ်ကိုလည်း လျော့ချရာရောက်ပါတယ်။

❓ဆေးလိပ် ဘယ်လို ဖြတ်ရမလဲ

• တချို့တွေကတော့ ဆေးလိပ်သောက်တာကို တိခနဲ ဖြတ်တတ်ကြပါတယ်။ ဒီနည်းလမ်းကတော့ တချို့တလေအတွက် အဆင်ပြေနိုင်ပေမယ့် တိခနဲဖြတ်ချဖို့ အဆင်မပြေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။

• တချို့တွေကတော့ ဖြည်းဖြည်းချင်း ဖြတ်တဲ့နည်းကို သုံးကြပါတယ်။ ဥပမာပြောရရင် အရင်က တစ်ရက်ကို ကိုယ်သောက်တဲ့နှုန်းထက် တစ်လိပ်၊ နှစ်လိပ် အစရှိသဖြည့် တိုးတိုးလျော့သွားပြီး နောက်ဆုံး လုံးဝပြတ်သွားတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ချင်တဲ့ မိမိစိတ်ကို ထိန်းဖို့နဲ့ သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။

• အနောက်နိုင်ငံတော်တော်များများကတော့ “nicotine replacement therapy” အသုံးပြုပြီး ဆေးလိပ်ဖြတ်ကြပါတယ်။ ဒီ therapyကတော့ ဆေးလိပ်အစားထိုးအနေနဲ့ nicotineကိုကို ငုံဆေး၊ ပီကယ် အစရှိတဲ့ ပုံစံတွေနဲ့ ‌ပေးတာဖြစ်ပါတယ်။ ဒီ therapyကိုပေးတဲ့အတွက်ကြေင့် ကာယကံရှင်က ဆေးလိပ်ဖြတ်ရာမှာ ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကိုလည်း လျော့စေနိုင်တယ်လို့ ဆိုပါတယ်။ လိုအပ်တဲ့ ‌ဆေးဝါးသောက်သုံးမှုကိုတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ သောက်သုံးရတာပါ။

• တော်တော်များများက ဆေးလိပ်ကို စိတ်ညစ်ရင်၊ စိတ်ဖိစီးရင် စိတ်ထွက်ပေါက်အနေနဲ့ သောက်တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအကျင့်ရှိတယ်ဆိုရင် စိတ်ဖိစီးတဲ့အချိန်တွေမှာ မိမိဝါသနာပါရာ အခြားတစ်ခုခုနဲ့ အချိန်ဖြုန်းတတ်တဲ့အကျင့်ကို မွေးပါ။ အတတ်နိုင်ဆုံး ကိုယ့်ကို စိတ်ဖိစီးမှု ဖြစ်စေနိုင်တဲ့အရာတွေကို ကြိုးစားရှောင်ပါ။

စိတ်ဖိစီးမှုဖြစ်တဲ့အချိန်တွေမှာ ဆေးလိပ်သောက်မိနိုင်တဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ အကြောလျှော့တာ၊ တရားထိုင်တာ၊ Yogaဆော့တာ၊ စိတ်ကြည်လင်စေတဲ့ သီချင်းနားထောင်တာ အစရှိတာတွေ လုပ်နိုင်ပါတယ်။

• နောက်တစ်နည်းအနေနဲ့ ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာပြီဆိုရင် “နောက် ၁၀မိနစ်နေမှ သောက်ရအောင်” ဆိုပြီး မိမိကိုယ်ကိုယ် သတိပေးပါ။ အဲ့ဒီအချိန်အတွင်းမှာလည်း စိတ်ပြောင်းသွားအောင် အခြားတစ်ခုခု လုပ်နေပါ။ တတ်နိုင်ရင် “ဆေးလိပ်မသောက်ရ” သတ်မှတ်ထားတဲ့ နေရာတွေကို သွားကြည့်ပါ။ ဒီလို လုပ်ခြင်းအားဖြင့် ဆေးလိပ်သောက်ဖို့ကို နှောင့်ယှက်ဟန့်တားသလို ဖြစ်စေတဲ့အတွက်ကြောင့်ပါ။

• လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးလို့ရပါတယ်။ ဆေးလိပ်သောက်တတ်တဲ့အချိန်တွေမှာ အားကစားတစ်ခုခု အစားထိုးလုပ်ကြည့်ပါ။ ပြေးတာ၊ လမ်းလျှောက်တာ၊ ထိုင်ထလေ့ကျင့်ခန်း အစရှိတာတွေ လုပ်ပေးနိုင်ပါတယ်။

• မိသားစု၊ သူငယ်ချင်းတွေ၊ တတ်ကျွမ်းနားလည်သူတွေနဲ့ ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းတွေ တိုင်ပင်တွေးနွေးပါ၊ လိုက်နာပါ။

• ဆေးလိပ်ဖြတ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာ အမြဲအမှတ်ရနေပါ။ ဥပမာ – “နေလို့ပိုကောင်းလာမယ်။ ကျန်းမာရေးပိုကောင်းလာမယ်။ ကိုယ့်ကြောင့် ကိုယ့်မိသားစုဝင်တွေမှာလည်း second-hand smokeမဖြစ်တော့ဘူး။ ပိုက်ဆံချွေတာနိုင်မယ်”ဆိုတာတွေကို အမြဲတွေးတောနေပါ။

ဆေးလိပ်စဖြတ်ဖြတ်ချင်းမှာတော့ ဂနာမငြိမ်ဖြစ်တာ၊ စိတ်ဆတ်တာ၊ ပင်ပန်းတာ၊ ချွေးထွက်တာ အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

နောက် (၁၀)ရက်လောက်ကြာပြီးသွားတဲ့အချိန်မှာ ဒီလက္ခဏာတွေ တဖြည်းဖြည်း ပျောက်ကင်းသွားပါလိမ့်မယ်။

❓ဒါဆို e-cigaretteလို့ခေါ်တဲ့ လူငယ်တွေကြား ရေပန်းစားနေတဲ့ အီလက်ထရောနစ် စီးကရက်တွေကိုရော ဆေးလိပ်အစားထိုးအဖြစ် အသုံးပြုနိုင်လား?

အတိအကျဖြေဖို့ကတော့ ခဲယဥ်းပါတယ်။ တကယ့်စီးကရက်၊ တကယ့်ဆေးလိပ်ထက်စာရင် ဓာတုပစ္စည်း ပါဝင်မှုနည်းတယ်လို့ ပြောကြပေမယ့် e-cigarette ကြောင့် ဖြစ်တဲ့ အဆုတ်ဒဏ်ရာနဲ့သေဆုံးသူတွေလည်း ရှိနေပြန်ပါတယ်။ ဒါ့အပြင် e-cigaretteထဲမှာ ဓာတုပစ္စည်း ထောင်ပေါင်းများစွာ ပါဝင်နေပြီး တချို့တွေက ဘာအမျိုးအစားမှန်းတောင် ခွဲခြားမရနိုင်ပါဘူးတဲ့။ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာကိုတော့ တွေ့ရပါတယ်။ ပြီးရင် ကိုယ်က မရပ်နိုင်ရင် ပုံမှန်သောက်နေတဲ့ ဆေးလိပ်လိုပဲ စွဲတတ်ပါတယ်။

ဒါ့အပြင် ပုံမှန်ဆေးလိပ်တွေထက်တင် ပိုပြီး nicotine ပါတယ်လို့ တချို့က ဆိုကြပါတယ်။ ဒါကြောင့် ယာဘီအစားထိုး မဟုတ်ဘဲ တောက်လျှောက်စွဲသောက်ဖို့ကတော့ အန္တရယ်များလှပါတယ်။

ဆေးလိပ်ဖြတ်ပြီးတဲ့အချိန်မှာတော့…

– ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပိုစားပါ။

– Citrusပါတဲ့ အသီးတွေ (ချဥ်တဲ့အသီး)တွေက ဆေးလိပ်သောက်ချင်တဲ့ အာသီသဖြစ်မှုကို လျှော့ချပေးနိုင်ပါတယ်။

– ပီကယ်ဝါးပါ။ ငုံဆေးငုံပါ။

– ကိုယ်လက်လှုပ်ရှား များများလုပ်ပေးပါ။

– ရေများများသောက်ပါ။

– မိမိပတ်ဝန်းကျင်ကိုလည်း ဆေးလိပ်ဘာလို့ ဖြတ်သင့်ကြောင်း၊ ဘယ်လိုဖြတ်သင့်ကြောင့် ကျန်းမာရေးဗဟုသုတ မျှဝေပါ။

ဒီလောက်ဆို ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေနဲ့ ဆေးလိပ်ဘယ်လို ဖြတ်သင့်လဲဆိုတာ ပြည့်ပြည့်စုံစုံ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။

ကိုယ်တိုင်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ရော “ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဖြစ်အောင် အထက်ပါပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ လိုက်နာရင်း ဆေးလိပ်ဖြတ်ကြရအောင်ပါ။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 141

Tobacco- World Health Organization

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#quitting_smoking#ဆေးလိပ်ဖြတ်ခြင်း

Ministry of Health,

National Unity Government.

Published on: 11 November 2022
Last Updated: 11 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း Hypoglycemia

လူအတော်အများများက ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ် တက်တာကိုပဲ သတိပြုကြပြီး ကုသကြတာကို တွေ့ရပါတယ်။ သွေးတွင်းသကြားဓာတ်က လိုတာထက် ပိုကျသွားရင်လည်း ရောဂါလက္ခဏာတွေ ခံစားတတ်တာမို့ ဒီအကြောင်းကို သေချာသိရှိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။…… ▫️Hypoglycemia (သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း) ဆိုတာက နာမည်အတိုင်းပါပဲ… ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ထဲက တစ်ခုဖြစ်တဲ့ Glucose (ဂလူးကို့စ်) က...

ခါးနာခြင်း Back Pain

အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာပါတယ်။ ခါးနာတဲ့ လူနာအများစုဟာလည်း ဆရာပေါင်းစုံ၊ ဓာတ်မှန်ပေါင်းစုံ ရိုက်ထားပြီး မသက်သာလို့ လာပြတဲ့သူလည်း အတော်များလာပါတယ်။ ဒီနေရာမှာ တချို့ကလည်း ခါးနာတာ လူတိုင်းဖြစ်နေတာပါဆိုပြီး မိမိဘာသာ အကိုက်ခဲပျောက်ဆေးသောက်နေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် . . . ခါးနာခြင်းက ၂...

ကျောဘက်ဝက်ခြံပေါက်ခြင်း Back Acne

ကျောဘက်ဝက်ခြံထွက်ခြင်းဆိုတာ ကျောပေါ်မှာဖြစ်တဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အရေပြားအပေါက်လေးတွေ (အပေါက်ငယ်လေးတွေ) က အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ချွေးတွေနဲ့ ဆီဘမ်လို့ခေါ်တဲ့ အဆီရည်တစ်မျိုးနဲ့ ပိတ်ဆို့သွားတဲ့အခါဖြစ်တတ်ပါတယ်။. ❓ဘာကြောင့် ကျောဘက်ဝက်ခြံ ပေါက်ရတာလဲ။ သင့်ခန္ဓာကိုယ်က အဆီကို အလွန်အကျွံထုတ်လုပ်တာ ဒါမှမဟုတ် အရေပြားကို သေချာမသန့်စင်ဘူးဆိုရင် အပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ - ✅...

ဦးနှောက်အမြှေးရောင်ရောဂါ၏ လက္ခဏာများ (ဧပြီ၊ ၂၀၂၅)

ဦးနှောက်နှင့် အာရုံကြောမကြီး ဘေးပတ်လည်ရှိ အသားစများ ရောင်ရမ်းခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းဟု ခေါ်ဆိုပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ လည်ပင်းတောင့်တင်းခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်း ပျိုခြင်း အန်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ