MENU

Leg Cramp ( ကြွက်တက်ခြင်းအကြောင်း) ( November, 2022)

လူတိုင်းလူတိုင်း အနည်းဆုံး တစ်ခါလောက်တော့ ကြွက်တက်ဖူးကြမယ်ထင်ပါတယ်။ ကိုယ်မတက်ဖူးရင်တောင် အိမ်က မိသားစုဝင် တစ်ယောက်ယောက် ကြွက်တက်တာကို မြင်ဖူး၊ ကြားဖူးမှာပေါ့

ကြွက်တက်တယ်ဆိုတာကတော့ ကြွက်သား ရုတ်တရက် ကျုံ့ခြင်းကြောင့် နာကျင်တဲ့ဝေဒနာ ခံစားရတာကို ဆိုလိုတာပါ။

များသောအားဖြင့်တော့ ‌ခြေသလုံးကြွက်သားတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် ခြေထောက်က တခြားသော သေးငယ်တဲ့ ကြွက်သားတွေမှာလည်း ဖြစ်နိုင်ပါသေးတယ်။ အဲ့ဒီလို ကြွက်တက်တဲ့အခါမျိုးမှာဆို ကြွက်သားက တောင့်တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါတယ်။

ဘယ်သူတွေမှာ ကြွက်တက်နိုင်လဲ?

အသက် (၆၀)ကျော် လူကြီးတွေမှာ အဖြစ်များပါတယ်။ အသက် (၈၀)ကျော်ရင်တော့ (၂)ယောက်မှာ (၁)ယောက်အထိ ကြွက်တက်နိုင်တယ် ဆိုပါတယ်။

တခြား ကြွက်တက်နိုင်ချေရှိတဲ့သူတွေကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အားကစားသမားတွေပဲ ဖြစ်ပါတယ်။

အားကစားသမားတွေမှာတော့ ပြင်းပြင်းထန်ထန် ပြေးလွှားလှုပ်ရှားရတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။ သာမန်လူတွေမှာလည်း မလုပ်တာကြာတဲ့ အားကစားတွေ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်တွေ ပြန်လုပ်တဲ့အခါမှာ ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာတော့ ရှားရှားပါးပါး နားနေတဲ့အချိန်၊ အိပ်နေတဲ့အချိန်တွေမှာ ကြွက်တက်တာတွေလည်း ရှိပါတယ်။

အသက်အရွယ်ကြီးတဲ့သူတွေမှာ ညအိပ်တဲ့အချိန်မှာ ကြွက်တက်တာတွေ ပိုအဖြစ်များပြီး အိပ်နေရင်း နာကျင်ပြီး နိုးလာတတ်ကြပါတယ်။

ဘာကြောင့် ကြွက်တက်ရသလဲ?

အဓိကကတော့ ပုံမှန်လုပ်လေ့မရှိတဲ့ အားကစားတွေ၊ လေ့ကျင့်ခန်းတွေကြောင့် ကြွက်သားကို ပြင်းပြင်းထန်ထန် အသုံးပြုမိရာကနေ ကြွက်တက်တာ ဖြစ်ပါတယ်။

ကြွက်သားမှာ အက်ဆစ်တွေ စုပုံလာပြီး ပြေလျော့မှုမရှိဘဲ တလျောက်လုံး ညှစ်နေတာကြောင့် ကြွက်တက်စေတာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့လှုပ်ရှားမှုတွေအပြင် ပုံစံမမှန်ဘဲ သက်တောင့်သက်သာမဖြစ်တဲ့ အနေအထားတစ်ခုမှာ တောက်လျောက် နေနေရင်ဖြစ်စေ၊ ရေဓာတ်ခမ်းခြောက်ရင်ဖြစ်စေ ကြွက်တက်နိုင်ပါတယ်။

တခြားကြွက်တက်နိုင်တဲ့ အကြောင်းအရာတွေကတော့ ခြေထောက်မှာရှိတဲ့ သွေးကြောတွေကျဥ်းတာ၊ မာတောင့်တာ၊ သိုင်းရွိုက်ရောဂါ၊ ဆဲလ်တွေမှာ ဆားဓာတ် ( ဆိုဒီယမ် ကလိုရိုဒ်) နည်းတာနဲ့ တချို့သောဆေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ (ကြွက်တက်ခြင်းဖြစ်စေနိုင်တဲ့ ဆေးတွေကတော့ ဆီးဆေးတွေ၊ သွေးတွင်းအဆီဓာတ်ကျစေတဲ့ ဆေးတချို့နဲ့ နှလုံးဆေးတချို့ ပါဝင်ပါတယ်။)

ကြွက်တက်ရင် ဘယ်လို ကုရမလဲ?

ကြွက်တက်တယ်ဆိုတာက မိနစ်အနည်းငယ်လောက်တော့ ကြာတတ်ပါတယ်။ တစ်ခါတလေ ၁၀မိနစ်လောက်ထိ ကြာတတ်လေ့ရှိပါတယ်။

ကြွက်တက်လာပြီဆိုရင် ( ညှစ်ပြီး တောင့်တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့အောင် ) ဆန့်ကျင်ဘက်အရပ်ကို ဆွဲဆန့်ပြီး အကြောလျော့ပေးပါ။

( ခြေသလုံးကြွက်တက်တာကို ခြေထောက်ဆွဲဆန့်ပြီး ခြေဖမိုးတွေ ကော့ပေးနေကြတာ ဘောလုံးပွဲတွေမှာ မြင်ဖူးကြမှာပါ )

ကြွက်သားတွေညှစ်နေတာ လျော့နည်းသွားပြီဆိုရင်တော့ ကိုယ့်ဘက်ကို ‌ခြေထောက်ကို ကွေးထားပြီး နှိပ်နယ်ပေးပါ ။ ဘေးမှာ တစ်ယောက်ယောက်ရှိနေရင် သူ့ကို နှိပ်ခိုင်းပါ။ တချို့ကတော့ ‌ခြေမနဲ့ခြေညှိုးကြားကို ဖိအားတစ်ခုသုံးပြီး လက်နဲ့ဖိချလိုက်ရင် ကြွက်တက်တာ သက်သာတယ်လို့ ဆိုကြပါတယ်။

တောင့်တင်း၊ နာကျင်နေတဲ့ ကြွက်သားပေါ်ကို ရေနွေးဝတ် ကပ်ပေးနိုင်ပါတယ်။ ‌ရေနွေးနဲ့ ရေချိုးတာဖြစ်စေ၊ ကြွက်သားပေါ်ကို ရေနွေးငွေ့နွေးနွေးပေးရင်လည်း ကြွက်တက်တာကို သက်သာစေနိုင်ပါတယ်။

ရေခဲကပ်ပြီး နှိပ်နယ်ပေးလို့လည်း ရပါတယ်။

ကြွက်တက်တာကို ဘယ်လို ကာကွယ်နိုင်လဲ?

ကိုယ်က မကြာခဏ ကြွက်တက်တတ်တဲ့ သူတစ်ယောက်ဆိုရင် ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝခြင်းက ကြွက်သားကျုံ့ခြင်း၊ ဆန့်ခြင်းတွေအတွက် အထောက်အကူအများကြီးဖြစ်စေသလို ကြွက်သားတောင့်တင်း၊ နာကျင်တာတွေကိုလည်း နည်းစေပါတယ်။

ညဘက်ကြွက်တက်တယ်ဆိုရင် ညအိပ်ရာမဝင်ခင် အကြောလျှော့လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၁) – ခုံတစ်လုံး ယူပါ။ (ခုံမရှိလည်း နံရံဘက်ကို မျက်နှာမူထားလည်း ရပါတယ်) ကြွက်တက်တတ်တဲ့ ခြေထောက်တစ်ဖက်ကို နောက်ပို့ပြီး ဆန့်ထားပါ။ ခြေချောင်းတွေက ခုံဘက် ဒါမှမဟုတ် နံရံဘက်ကို မျက်နှာမူနေပါစေ။ ကျန်ခြေထောက်တစ်ဖက်ကိုတော့ ဒူးအနည်းငယ်ကွေးပြီး ရှေ့ပို့ထားပါ။ လက်တွေက ခုံကိုဖြစ်စေ၊ နံရံကိုဖြစ်စေ ကိုင်ထားပါ။ ဒီအနေအထားအတိုင်း ၃၀စက္ကန့်လောက်နေပါ။ တစ်နေ့ကို ၃ကြိမ်လောက် လုပ်ပေးပါ။

လေ့ကျင့်ခန်း (၂) – ခုံတစ်လုံးယူပါ။ ကြွက်တက်တတ်တဲ့ ခြေတစ်ဖက်ကို ခုံပေါ်တင်ပါ။ ဒူးရော ပေါင်ရော ဆန့်နေပါစေ။ ကျောကို မတ်မတ်ထားပြီး ခုံကိုလက်နဲ့ထိပါ။ ဒီအနေအထားအတိုင်း ၃၀စက္ကန့်လောက်နေပါ။ ဒီလေ့ကျင့်ခန်းကိုလည်း တစ်နေ့ ၃ကြိမ်လောက် လုပ်ပေးပါ။

အိပ်တဲ့အခါမှာ ခြေရင်းကို မြင့်နေအောင် ခေါင်းအုံးတစ်ခုခုဖြစ်ဖြစ်၊ အမြင့်တစ်ခုခု ခုထားပါ။ တချို့ကတော့ ခြေရင်းမှာ ၁၀ စင်တီမီတာလောက် မြင့်နေတာမျိုးက ကြွက်တက်တာကို ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။

ဆရာဝန်နဲ့ ပြသနေရတယ်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို အတိအကျ သောက်ပါ။ (ဆေးတွေမှာ ဘေးထွက်ဆေးကျိုးရှိတဲ့အတွက် မိမိသဘောနဲ့ မိမိဘာသာ မသောက်ပါနဲ့)

ဒီလောက်ဆို ကြွက်တက်တာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အားလုံးလည်း အထက်မှာ ပြောခဲ့ပြီးတဲ့ နည်းလမ်းလေးတွေကို လိုက်နာရင်း ကြွက်တက်တာကို ကာကွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 249

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#cramp#ကြွက်တက်

Ministry of Health,

National Unity Government.

Published on: 7 November 2022
Last Updated: 7 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...