တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။

လူနာ – “ဆရာရယ်… ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်တယ်။ ဒီဆေးကို ဘယ်လို ဖြတ်ရမလဲ မသိတော့ဘူး” ဟု သက်ပြင်းချရင်း ရင်ဖွင့်သည်။

ကျွန်တော် – “ထိုင်ပါဦးဗျာ။ စိတ်ကို လျှော့ထားပါဦး။ ကိုမှတ် စိတ်ပူတာ ကျွန်တော်နားလည်တယ်။ နှစ်နဲ့ချီပြီး ဆေးသောက်ပြီး ဝမ်းသွားနေရတော့ ‘ငါ့အူတွေများ ပျက်စီးကုန်ပြီလား။ ဆေးမပါရင် ဝမ်းသွားတော့မှာ မဟုတ်ဘူးလား’ ဆိုပြီးကြောက်တာ သဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော် ပထမဦးဆုံး စိတ်အေးအောင် တစ်ခုပြောပြမယ်နော် ကိုမှတ်။ ကိုမှတ်ရဲ့အူတွေ အလုပ်မလုပ်တော့တာ၊ ပျက်စီးသွားတာ လုံးဝ မဟုတ်ဘူး။ ဝမ်းနုတ်ဆေး ဘယ်လောက် အကြာကြီးသောက်သောက် အူရယ်၊ အူရဲ့အာရုံကြောတွေကိုရယ် ရာသက်ပန် ပျက်စီးသွားတာမျိုး မဖြစ်စေဘူးဗျ။”

လူနာ – “ဟင်… ဟုတ်လား ဆရာ။ ဒါဆို ဘာလို့ ဆေးမသောက်တဲ့ရက်ဆို ဝမ်းက လုံးဝမသွားတော့တာလဲ။”

ကျွန်တော် – “ဒါက ဒီလိုရှိတယ်ဗျ။ အူက ဆေးရဲ့ကူညီပေးမှုကို နှစ်ပေါင်းများစွာ ခံယူထားရတော့ နည်းနည်း ပျင်းသွားတာဗျ။ သဘာဝအတိုင်း လှုပ်ရှားဖို့ ခဏတော့ နှေးသွားပြီး အရှိန်ပြန်ယူနေရတာပေါ့ဗျာ။ ဆေးကို ‘ဒီနေ့ကစပြီး ချက်ချင်း ရပ်လိုက်မယ်’ ဆိုပြီး ဇတ်ကနဲ ရပ်ပစ်လိုက်ရင် ‘Rebound Constipation’ ဆိုတဲ့ ဝမ်းပြန်ချုပ်တဲ့ဒဏ်ကို ခံရတတ်တယ်။ အဲဒီအခါ လူနာက ပိုလန့်ပြီး ဆေးပမာဏကို ပိုတိုးသောက်မိတတ်ကြတယ်။ အဲဒါကြောင့် ဆေးကို ချက်ချင်း မဖြတ်ချလိုက်တာ ကောင်းတယ်ဗျ။”

လူနာ – “ဪ… ဒါဆို ဆေးကို ဘယ်လို ဖြတ်ရမလဲ ဆရာ။ ကျွန်တော် တကယ် ဆေးမသောက်ဘဲ နေချင်ပြီ။”

ကျွန်တော် – “ဖြည်းဖြည်းနဲ့ အဆင့်ဆင့် လျှော့သွားကြတာပေါ့ဗျာ။ ပထမအဆင့်အနေနဲ့ – အစားအသောက်နဲ့ အလေ့အကျင့်လေး ပြင်မယ်။

၁။ တစ်နေ့ကို ရေ ၁.၅ လီတာကနေ ၂ လီတာအထိ မဖြစ်မနေ သောက်ပေးရမယ်။

၂။ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ အမျှင်ဓာတ် ပါတာလေးတွေ ပိုစားပေးဖို့လိုမယ်။

၃။ အစာစားပြီး မိနစ် ၂၀ မှ ၃၀ အကြာမှာ အိမ်သာထိုင်တဲ့ အလေ့အကျင့် လုပ်ပေးပါ။”

(အစာစားပြီး မိနစ် ၂၀ မှ ၃၀ အကြာမှာ အိမ်သာထိုင်ပေးတာဟာ အစာသစ်ဝင်လာချိန်မှာ အူမကြီးက သဘာဝအတိုင်း ဝမ်းညှစ်ထုတ်ပေးတဲ့ “Gastrocolic Reflex” အချက်ပြစနစ်ကို အပြည့်အဝ အသုံးချပြီး မလှုပ်ရှားတော့တဲ့ အူတွေကို သဘာဝအတိုင်း ဝမ်းသွားအောင် ပြန်လည်လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။ ဘိုထိုင်သမားတွေအတွက် အိမ်သာထိုင်ရင် ခြေထောက်အောက်မှာ ခုံပုလေး (Footstool) ခုထားပြီး ဒူးကို ခါးထက် အနည်းငယ်မြင့်အောင် ထိုင်ရင် ဝမ်းသွားရတာ သဘာဝအတိုင်း လွယ်ကူစေပါတယ်။ အတင်းမညှစ်ရပါ။ ၁၀ မိနစ်ထက် ပိုမထိုင်ရပါ။ ဝမ်းမသွားရင် ပြန်ထလာခဲ့ပါ။)

လူနာ – “ဟုတ်ကဲ့ ဆရာ။ အလေ့အကျင့် ပြင်ရင်း ဆေးကိုကျတော့ ဘယ်လိုလျှော့ရမလဲ ဆရာ။”

ကျွန်တော် – “ဆေးကိုကျတော့ နည်းလေးတစ်ခု ပြောပြမယ်။ အဲဒီလျှော့နည်းအတိုင်း သွားကြည့်မယ်။

၁ ပတ် သို့မဟုတ် ၂ ပတ်မှာ တစ်ကြိမ်၊ သောက်နေကျ ဆေးပမာဏရဲ့ ၂၅% မှ ၅၀% ထိ ဖြည်းဖြည်းချင်း လျှော့သွားပါ။ ဆေးပမာဏ နည်းသွားပြီဆိုရင် နေ့စဉ်သောက်မယ့်အစား ‘တစ်ရက်ခြား’ ပြောင်းသောက်ပါ။

ဓာတုဝမ်းနုတ်ဆေး အပြင်းစားတွေအစား အမျှင်ဓာတ်အခြေခံ ဝမ်းပျော့ဆေး (Psyllium/Ispaghula Husk) သို့မဟုတ် Macrogol လိုမျိုး သဘာဝအတိုင်း ဝမ်းပျော့စေတဲ့ ဆေးလေးတွေနဲ့ ခဏအစားထိုး ပြောင်းသောက်ပါ။

နောက်ဆုံးကျမှ ပုံမှန်စွဲသောက်တာကို ရပ်လိုက်ပြီး ၃ ရက်ထက်ပိုပြီး ဝမ်းမသွားတော့မှသာ လိုအပ်သလို သောက်တဲ့စနစ်သို့ ကူးပြောင်းပါမယ်။”

လူနာ – “ဆရာရယ်… ဆေးလျှော့နေတုန်း ၁ ရက်၊ ၂ ရက်လောက် ဝမ်းမသွားရင် အူထဲ ပုပ်ကုန်မလားမသိဘူး ဆရာ။”

ကျွန်တော် – “(ပြုံးလျက်) မပုပ်ပါဘူးဗျာ… စိုးရိမ်စိတ်လေး လျှော့ထားပါနော်။ ဆေးပညာအရ ၁ ပတ်မှာ ၃ ကြိမ်ကနေ ၁ ရက်မှာ ၃ ကြိမ်အထိ ဝမ်းသွားတာဟာ လုံးဝ ပုံမှန်ပဲ။ နေ့စဉ် မဖြစ်မနေ ဝမ်းမသွားရင်လည်း ဘာမှ မဖြစ်ပါဘူး။ ဆေးဖြတ်နေတုန်း ၁ ရက်၊ ၂ ရက်လောက် ဝမ်းမသွားလည်း လန့်ပြီး ဆေးတွေ ချက်ချင်း ပြန်မသောက်ပါနဲ့။ ရေများများသောက်၊ အမျှင်ဓာတ်ပါတာလေး များများစားပြီး စိတ်အေးအေးထား။”

လူနာ – “ဟုတ်ကဲ့ ဆရာ။ ဒါနဲ့ ဆရာ… တခြား သတိထားရမယ့် စိုးရိမ်စရာ လက္ခဏာရော ရှိသေးလားဟင်။”

ကျွန်တော် – “ရှိပါတယ်… အကယ်၍ ဝမ်းချုပ်တာအပြင် –

  • ကိုယ်အလေးချိန် အကြောင်းရင်းမရှိဘဲ ရုတ်တရက် ကျသွားတာ
  • ဝမ်းထဲမှာ သွေးပါတာ ဒါမှမဟုတ် ဝမ်းအရောင် အမည်းရောင် သွားတာ
  • ပြင်းထန်စွာ ဗိုက်အောင့်တာ၊ အော့အန်တာမျိုး ပါလာရင်တော့ ကျွန်တော်တို့ဆီ ချက်ချင်း ပြန်လာပြရပါမယ်။

ဒါတွေ မရှိရင်တော့ စိတ်အေးအေးထားပြီး ကျွန်တော် ပြောပြတဲ့အတိုင်း တဖြည်းဖြည်း ဆေးဖြတ်ကြည့်ကြရအောင်နော်။”

လူနာ – “အခုမှပဲ စိတ်ထဲ ပေါ့သွားတော့တယ် ဆရာရယ်။ ဆရာပြောတဲ့အတိုင်း စိတ်ရှည်ရှည်နဲ့ စနစ်တကျ လျှော့ပါတော့မယ်။ ကျေးဇူးအများကြီး တင်ပါတယ် ဆရာ။”

ကျွန်တော် – “ဝမ်းသာပါတယ်ဗျာ။ ကိုယ့်အူလမ်းကြောင်းလေးကို သဘာဝအတိုင်း ပြန်အလုပ်လုပ်ဖို့ အချိန်နည်းနည်းလေး ပေးလိုက်ပါ။ ကျွန်တော်တို့ အမြဲတမ်း ကူညီပေးဖို့ ရှိနေပါတယ်နော်။”
.

(ဤပညာပေး စကားဝိုင်းသည် အောက်ပါ ဆေးပညာ လမ်းညွှန်ချက်များနှင့် သုတေသနများကို ကိုးကား၍ ရေးသားထားခြင်း ဖြစ်ပါသည်။)

Reference

  • NICE Clinical Knowledge Summaries (CKS): Constipation in Adults Guidelines (UK)
  • NHS Primary Care Prescribing Guidelines: Deprescribing Long-term Laxatives Protocol
  • American College of Gastroenterology (ACG) & AGA: Clinical Practice Guidelines for the Management of Chronic Constipation
  • Deprescribing. com Evidence-Based Clinical Practice Guidelines: Laxative Step-Down & Tapering Algorithms
  • Gastroenterology Research Evidence: Role of Gastrocolic Reflex and Bowel Habit Retraining in Functional Constipation

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here