MENU

ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ Shaken Baby Syndrome ( March, 2022 )

???? Shaken Baby Syndrome သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ ????

၂၀၀၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့ မတိုင်ခင်အထိ အသက် (၂) နှစ်ခွဲအရွယ် Austin လေးဟာ သာမန်ကလေးတွေလိုပဲ လမ်းလျှောက်တယ်၊ ကစားရတာကြိုက်တယ်၊ တီတီတာတာလေးတွေ ပြောတတ်တယ်၊ ကာတွန်းကားကြည့်ရတာ ကြိုက်တယ်။ သူဟာ အမြဲတမ်းပျော်ရွှင်တက်ကြွနေတဲ့ ကလေးလေးတစ်ယောက်ပေါ့။

၂၀၀၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့မှာတော့ Austin လေးဟာ ဦးနှောက်အာရုံကြောဆေးရုံကြီးတစ်ခုရဲ့ အထူးကြပ်မတ်ခန်းထဲမှာ ရောက်ရှိနေပါပြီ။ သူဟာ သတိလည်းမရတော့ပါဘူး။ သူ့ဦးခေါင်းခွံ မာမာသေးသေးလေးထဲက သူ့ဦးနှောက်သေးသေးလေးဟာ အဆမတန် ရောင်ရမ်းဖောင်းကားလာပြီး အောက်ဆီဂျင်တွေ၊ သွေးတွေ မပို့နိုင်အောင် ဖိထားလိုက်ပါတယ်။ အသက်ရှင်ဖို့ ရာခိုင်နှုန်းအရမ်းနည်းပါးတယ်လို့ ဆရာဝန်တွေကလည်း မှတ်ချက်ပေးပါတယ်။

(၂) ပတ်ခွဲအကြာမှာတော့ ကံကောင်းထောက်မစွာနဲ့ Austin လေး သတိပြန်ရလာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ညာဘက်ဦးနှောက်ခြမ်းက ပြင်းပြင်းထန်ထန်ထိခိုက်ပျက်ဆီးသွားခဲ့ပါပြီ။ စကားလည်း ကောင်းကောင်းမပြောနိုင်တော့သလို ဘယ်ဘက်ခြေလက်တွေလည်း မသန်စွမ်းတော့ပါဘူး။ သူဟာ ဆေးရုံမှာ၊ ပြန်လည်သန်စွမ်းရေးစင်တာတွေမှာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကုသမှုခံယူနေရပါတယ်။ ဆေးပုံမှန်မသောက်ရင် အတက်ရောဂါကလည်း အချိန်မရွေးထဖောက်ပါတယ်။ ခြေတွေလက်တွေ လှုပ်ရှားနိုင်ဖို့ကို စတီးထောက်တွေနဲ့ ထိန်းထားရပါတယ်။

Austin လေးအတွက် ဒီအဖြစ်ဆိုးတွေအားလုံးဖြစ်သွားဖို့ အချိန် မိနစ်ပိုင်း၊ စက္ကန့်ပိုင်းလေးပဲ လိုခဲ့တာပါ။ ၂၀၀၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့မှာ (၂) နှစ်ခွဲအရွယ် Austin လေးအရမ်းငိုနေလို့ သူ့အမေရဲ့ ရည်းစားက လက်မောင်းနှစ်ဖက်ကကိုင်ပြီး ပြင်းပြင်းထန်ထန်ခါယမ်းလိုက်တာပါ။ ဆရာဝန်တွေက “Shaken Baby Syndrome” လို့ ပြောပါတယ်။ စိတ်ဝင်စားသူတွေအတွက် “Shaken Baby Syndrome” အကြောင်းကို အောက်မှာရှင်းပြထားပါတယ်။

???? “Shaken Baby Syndrome” (ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ)

ဖေဖေမေမေတို့တွေ၊ ကလေးထိန်းတွေအနေနဲ့ လူမှုရေး/ စီးပွားရေး/ အိမ်ထောင်ရေး ပြဿနာတွေနဲ့ စိတ်တွေရှုပ် ဒေါသတွေထွက်နေချိန်မှာ ကလေးလေးကလည်း အငိုမရပ် ချော့မရဖြစ်နေရင် ဒေါသတွေအားလုံး ကလေးပေါ် စုပြုံသွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအချိန်အများအားဖြင့် လုပ်မိလေ့ရှိတာက ကလေးရဲ့ လက်မောင်းနှစ်ဖက်ကို ဖိညှစ်ကိုင်ပြီးဖြစ်စေ ၊ ရင်ဘတ်ကနေ ညှစ်ကိုင်ပြီးဖြစ်စေ ကလေးလေးကို ကြမ်းကြမ်းတမ်းတမ်း ခါယမ်းလိုက်မိတတ်ပါတယ်။ အဲဒီအချိန်စက္ကန့်ပိုင်းလေးအတွင်းမှာပဲ နုနယ်တဲ့ကလေးလေးရဲ့ ခန္တာကိုယ်အစိတ်အပိုင်းအချို့ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး တစ်ဘဝလုံး ဒုက္ခိတဖြစ်သွားနိုင်ပါတယ်။

???? ဘာတွေဖြစ်နိုင်လဲ ?

  • ချက်ချင်းအနေနဲ့ ကလေးက ပင်ပန်းနွမ်းနယ်နေမယ်
  • အစာမစားတော့ဘူး
  • ရီတာပြုံးတာ၊ စကားပြောတာမရှိတော့ဘူး
  • အရမ်းငိုနေမယ်
  • ကြောင်တောင်တောင်ဖြစ်နေမယ်
  • တချိန်လုံးအိပ်နေမယ် / နိုးရခက်မယ်
  • ကလေးက တောင့်တောင့်ခိုင်ခိုင်ကြီးဖြစ်နေမယ်
  • အရမ်းကိုနူးညံတဲ့ ဦးနှောက်က ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါခံလိုက်ရတဲ့အချိန်မှာ ၊ ဘေးနံရံက ဦးခေါင်းခွံတွေနဲ့ ဆောင့်ခံရသလိုဖြစ်ပြီး ဦးနှောက်တွင်းသွေးယိုတာ ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်နိုင်ပါတယ်။
  • ရင်ဘတ်ကိုညှစ်ပြီးကိုင်ဆောင့်တာတွေကြောင့် နံရိုးကျိုးတာ/ အဆုတ်ထိခိုက်တာတွေဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲအနေနဲ့….

  • ကလေးဦးနှောက် ဖွံဖြိုးမှု ပုံမမှန်တာ
  • မျက်စိမမြင်တော့တာ
  • နားမကြားတော့တာ
  • စာသင်လို့မရတော့တာ
  • ခဏခဏ တက်တာ
  • ခြေလက်မသန်တော့တာ
  • သေဆုံးတာတွေအထိ ဖြစ်နိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာတော့ တစ်နှစ်ကို ကလေး အယောက် (၁၀၀၀) မှ (၃၀၀၀) အထိ ဒီလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာကို ခံနေရပြီး သူတို့တွေရဲ့ လေးပုံတစ်ပုံက သေဆုံးနေပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ကလေးတွေရဲ့ ၈၀% ကတော့ ဦးနှောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရကြပါတယ်။

???? ဘယ်လိုကာကွယ်မလဲ ?

ကလေးထိန်းနေသူအနေနဲ့ ကိုယ်ကိုယ်တိုင်လည်း အရမ်းစိတ်ရှုပ်နေမယ် ၊ ကလေးကလည်း ဘယ်လိုမှချော့မရအောင် ငိုနေမယ်ဆိုရင် ကလေးကို ပုခက်ထဲမှာ ခဏထည့်ထားပါ။ အသက်ကို ဝဝရှုပါ။ စိတ်ကို အရင်လျှော့ချထားပါ။ ပြီးမှ ကလေးငိုရတဲ့ အကြောင်းရင်းကို ရှာပါ။

????ဘာလို့ကလေးငိုတာလဲ ?

  • ဗိုက်ဆာ/ ရေဆာနေလို့လား
  • အနှီးစိုနေလား
  • အနှီး/ အဝတ်အစား အရမ်းကျပ်နေလား
  • ပျင်းနေလို့လား
  • ရာသီဥတု အရမ်းပူ/ အရမ်းအေးနေလို့လား
  • အကောင်ကိုက်လို့လား

????နေမကောင်းတဲ့ အခြေအနေတွေကိုလည်း စစ်ဆေးကြည့်ပါ

  • နှာပိတ်နေလား
  • အဖျားရှိလား
  • နားထဲကပြည်/ အရည်တွေထွက်နေလား/ နားကိုင်ပြီးငိုနေလား
  • ခန္ဓာကိုယ်မှာ အနီစက်တွေထွက်နေလား
  • အာသီးရောင်နေလား
  • အကြိတ်တွေ ထွက်နေလား

ကလေးလေးတွေအတွက် ငိုတယ်ဆိုတာ ပုံမှန်ကြီးထွားတာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကလေးလေးတစ်ယောက်ဟာ တစ်နေ့ ၃ နာရီလောက်အထိ (တစ်ခါတလေ ဒါ့ထက်ပိုပြီးတောင်) ဘာရောဂါမှ ရှိလို့မဟုတ်ဘဲ ငိုတတ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ရှုပ်စိတ်ဆိုးနေပါစေ၊ ကိုယ့်ရဲ့ တစ်ခဏတာ စိတ်ထွက်ပေါက်ဟာ အရမ်းနုနယ်တဲ့ ကလေးလေးအတွက် တစ်ဘဝစာ ဒုက္ခကနေ သေဆုံးမှုတွေအထိ ဖြစ်သွားနိုင်ပြီး မိမိကိုယ်တိုင်ပဲ တစ်ဘဝစာ နောင်တတွေနဲ့ ဖြစ်သွားနိုင်ပါတယ်။

References:

  1. https://tinyurl.com/shakenbaby1
  2. https://tinyurl.com/shakenbaby2
  3. https://tinyurl.com/shakenbaby3

❤️ NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ပြသရန် (နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ)
https://m.me/telehealthmm

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...