“ခေါင်းထောင်ရင် အဖြတ်ခံရမှာ ကြောက်လို့လား”

ကဲ… ရေနွေးကြမ်းလေးတစ်ခွက်ယူ၊ အေးအေးဆေးဆေးသောက်ရင်း ဒီစာလေးဖတ်ပြီး နားကြပါဦး။

ဒီနေ့တော့ လူတွေကြားမှာ ခဏခဏကြုံရပေမယ့် သေချာ မတွေးမိတဲ့ စိတ်ပညာ သဘောတရားလေး တစ်ခုအကြောင်း ငါးခြောက်ဖုတ်လေးမြည်းရင်း ပြောပြချင်တယ်ဗျာ။

ဒီလိုဗျ… အခုစာဖတ်နေသူတွေထဲ အပင်စိုက်ရဝါသနာပါတဲ့သူတွေ ရှိလားဗျ။ ပန်းခင်းထဲမှာ အခြားပန်းပင်တွေထက် ပိုမြင့်ပြီး ထိုးထွက်နေတဲ့ ပန်းပင်မျိုးကိုတွေ့ရင် ညီသွားအောင် ညှပ်ပစ်တာမျိုး ဒါမှမဟုတ် ခေါင်းဖြတ်ပစ်တာမျိုး လုပ်မိတတ်ကြတယ်မဟုတ်လား။ စိတ်ပညာမှာတော့ ဒါကို “Tall Poppy Syndrome” လို့ ခေါ်ကြတယ်။ အသိုက်အဝန်းထဲမှာ တစ်ယောက်ယောက်က ပိုထူးချွန်သွားရင်၊ ပိုတောက်ပသွားရင် မနာလိုစိတ်၊ ဣဿာမစ္ဆရိယဖြစ်မှုတွေနဲ့ အောက်ကို ပြန်ဆွဲချချင်ကြတဲ့ သဘောတရားပေါ့။

ဒါပေမယ့် ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက အဲဒီဖိအားကိုကြောက်လို့ တို့တတွေ ဘယ်လို တုံ့ပြန်ပြုမူတတ်ကြသလဲ ဆိုတာပဲဗျ။

အတိုချုပ်ပြောရရင် လူအများစုဟာ (ကျွန်တော်အပါအဝင်ပေါ့လေ) သူများတွေ ဝေဖန်တိုက်ခိုက်မှာကို ကြောက်တဲ့အတွက် “Self-Criticism as a Social Shield” ဆိုတဲ့ နည်းလမ်းကို သိစိတ်ကရော မသိစိတ်ကပါ အသုံးပြုမိကြပါတယ်။ စာဖတ်သူတို့လည်း သတိထားမိကြမယ်ထင်တယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို ချီးမွမ်းလိုက်ရင် ဒါမှမဟုတ် ကိုယ်က အောင်မြင်မှုတစ်ခုခု ရလိုက်ရင် မသိမသာနဲ့ “အာ… မဟုတ်ပါဘူး၊ ငါက ကံကောင်းသွားတာပါ။ ငါက အဲဒီလောက် မတော်ပါဘူး။ ဒါလေးကတော့ ဘာမှမဟုတ်ပါဘူး” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ပြန်နှိမ့်ချလိုက်တာမျိုး၊ အရင်ဆုံး ပြန်ဝေဖန်ပစ်လိုက်တာမျိုးလေ။

ဘာလို့ အဲဒီလို လုပ်ကြသလဲဆိုတော့ “သူများတွေ ငါ့ကို မနှိမ့်ချခင်၊ ငါ့ကို မဝေဖန်ခင်… ငါ့ဟာငါ အရင် နှိမ့်ချထားလိုက်မယ်။ ဒါဆိုရင် ဘာမှ မထိခိုက်တော့ဘူး” ဆိုတဲ့ ဒိုင်းသဖွယ် ကာကွယ်လိုက်တဲ့ စိတ်ရဲ့ သဘာဝကြောင့်ပါ။ သူများဆီက အပြစ်တင်သံကို ကြားရတာထက် ကိုယ့်ကိုယ်ကိုယ် အရင်ဝေဖန်ထားလိုက်တာက ခံစားရတာနည်းနည်းသက်သာတယ်လို့ စိတ်ထဲမှတ်ယူထားကြလို့ပါပဲ။

ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်သတိထားမိတဲ့ အလွန်ကို ပါးလွှာလွန်းတဲ့ စည်းမျဉ်းတစ်ခု ရှိပါတယ်။

ကဲ.. ဆိုပါတော့.. “ငါ့ကိုများ လူတွေက Tall Poppy Syndrome နဲ့ ဆွဲချနေကြတာလား” ဆိုပြီး အရာရာကို အတွေးလွန်နေမယ်ဆိုရင် Overconfidence (လွန်ကဲသော အတ္တ) ထောင်ချောက်ထဲ သက်ဆင်းသွားနိုင်ပြန်ရော။

ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်တာက မကောင်းဘူးဆိုတာကို သဘောပေါက်သွားတဲ့အခါ အချို့ကျတော့လည်း တစ်ဖက်စွန်းရောက်သွားပြီး “ငါကတော့ တော်ပြီးသားပဲ၊ ငါ့ကို လာထောက်ပြသမျှ ဝေဖန်သမျှဟာ ငါ့ကို မနာလိုလို့ ဆွဲချချင်နေကြတာ” ဆိုတဲ့ paranoia စိတ် (လွန်ကဲသံသယစိတ်) မျိုးနဲ့ အတ္တခေါင်းထောင်သွားတတ်ကြပါတယ်။

မြင်သာအောင် ပြောရရင် စိတ်မလုံတာ (Insecurity) နဲ့ အကာအကွယ်ယူဖို့ ကြိုနှိမ့်ချထားတာက ကိုယ့်အရည်အချင်းကို ကိုယ်တိုင်အသိအမှတ်မပြု၊ နှိမ့်ချပစ်တာနဲ့ တူသလို၊ အတ္တကြီးလွန်ပြီး Overconfidence ဖြစ်သွားတာက ကိုယ့်မျက်စိရှေ့မှာရှိတဲ့ တကယ့် အမှားတွေကို မမြင်နိုင်တော့ဘဲ ဘေးရောက်သွားတဲ့ လူအဖြစ် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီနှစ်ခုကြားက စည်းမျဉ်းဟာ ဆံခြည်မျှင်ထက်တောင် ပါးလွှာပါတယ်။

စစ်မှန်တဲ့ ယုံကြည်မှု (True Confidence) ဆိုတာ အသံကျယ်ကျယ် ဟောင်ဖွာဖွာနဲ့ ကြွားဝါနေဖို့ မလိုသလို သူများဝေဖန်မှာကြောက်လို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ပုန်းကွယ်နေဖို့လည်း မလိုပါဘူး။ တစ်ယောက်ယောက်က ကိုယ့်ကို “တော်တယ်၊ ထူးချွန်တယ်” လို့ ချီးမွမ်းရင် “ငါက ညံ့ပါသေးတယ်” လို့ ငြင်းမနေပါနဲ့။ “ကျေးဇူးအများကြီးတင်ပါတယ်၊ ပိုကောင်းအောင် ဆက်ကြိုးစားပါဦးမယ်” ဆိုပြီး ပြုံးပြုံးလေး၊ ရိုရိုသေသေ လက်ခံနိုင်တဲ့ မျှခြေ (Balance) လေး ရှိဖို့ပဲ လိုပါတယ်။

ဒါကြောင့် ရေနွေးကြမ်းဝိုင်းလေးကို အဆုံးသတ်ရမယ်ဆိုရင် စာရှုသူတို့ကို မှာချင်တာက . . .

စာရှုသူတို့ ပန်းကလေးများဟာ မြင့်မားစွာ ပွင့်လန်းခွင့်ရှိပါတယ်။ ခေါင်းထောင်ဖို့ မကြောက်ပါနဲ့။ တစ်ဖက်မှာလည်း သစ်ပင်ပန်းပင်တစ်ပင်ဟာ လေမုန်တိုင်းကို ကြံ့ကြံ့ခံနိုင်ချင်ရင် မြင့်မားကြီးထွားဖို့ လိုအပ်သလို မြေကြီးမှာလည်း ခိုင်မာတဲ့အမြစ် ထွန်းထားဖို့လိုအပ်တယ်။ အခြေလွတ်လို့ မဖြစ်ဘူးဆိုတာကိုလည်း မမေ့မလျော့ နှလုံးသွင်းစေချင်ပါတယ်။ အခြားပန်းပင်လေးတွေ ပွင့်လန်းလာဖို့ကိုလည်း စာနာစိတ်ကလေးနဲ့ လမ်းဖွင့်ပေးနိုင်တဲ့ ပန်းပင်ကြီးတွေ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ မေတ္တာစကားလေး ပါးလိုက်ပါရစေခင်ဗျာ….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here