“ ကလေးပဲ စိတ်ဒဏ်ရာရစရာလား”
“ ကလေးပဲ စိတ်ညစ်စရာရှိမလား” ဆိုတာမျိုး အချို့လူကြီးတွေ ပြောတတ်လေ့ရှိတာကို မြင်ဖူးကြားဖူးကြပါလိမ့်မယ်။

အချို့ကလည်း ကလေးတွေရဲ့စိတ်ခံစားမှုကို အလေးမထားမိကြဘဲ “ ကလေးပဲ ဘာသိဦးမှာလဲ” ဆိုတဲ့ အတွေးမျိုးနဲ့ လျစ်လျူရှုမိလိုက်ကြပါတယ်။

တကယ်တော့ ကလေးတွေမှာလည်း စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ အများကြီးရှိနိုင်ပါတယ်။

လူကြီးတွေရဲ့ ပြဿနာတွေလောက် မကြီးမားဘူးလို့ ထင်ရပေမဲ့ သူတို့ရဲ့ ကမ္ဘာငယ်လေးထဲမှာတော့ ဒါတွေဟာ တကယ်ကိုမှ ခံစားရခက်ပြီး ဝမ်းနည်းစိတ်ညစ်စရာကောင်းတဲ့ အရာတွေပါပဲ။

သူတို့ရဲ့ အချစ်ဆုံးအရုပ်လေး ပျောက်သွားတာ
အိမ်မွေးတိရစ္ဆာန်လေး ဆုံးရှုံးလိုက်ရတာ
သူငယ်ချင်းနဲ့ အဆင်မပြေတာ
သူငယ်ချင်းတွေနဲ့ ခွဲခွာရတာ (ကျောင်းပြောင်းတာ/အိမ်ပြောင်းတာ စသဖြင့်)
ဆော့ကစားဖို့ အပြင်မထွက်ရတာ
မိဘတွေ ရန်ခဏခဏဖြစ်တာ (အိမ်တွင်းအကြမ်းဖက်မှု)
ကျောင်းမှာ သို့မဟုတ် အနီးနားကလေးတွေဆီက အနိုင်ကျင့်ခံရတာ
မိဘအုပ်ထိန်းသူရဲ့ ဂရုစိုက်မှုနည်းပါးတာ (မိဘက အလုပ်များလို့ အချိန်မပေးနိုင်တာ၊ သားသမီးတွေအပေါ် တန်းတူညီမျှတဲ့ဆက်ဆံရေးမျိုး မရှိတာ) စတာတွေကလည်း ကလေးငယ်လေးတွေရဲ့ စိတ်ကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် လူကြီးမိဘတွေအနေနဲ့ ဘယ်တော့မဆို ကလေးတွေရဲ့ စိတ်ခံစားချက်ကို လျှော့မတွက်ပါနဲ့။ “ ကလေးပဲ ရှိသေးတာ” ဆိုတဲ့ အတွေးနဲ့ ပစ်ထားလိုက်ရင် သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေဟာ ပိုပြီး နက်ရှိုင်းသွားနိုင်ပါတယ်။

ကလေးငယ်တွေဟာ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာကို လူကြီးတွေနဲ့မတူညီတဲ့ ပုံစံတွေနဲ့ ဖော်ပြတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်တွေကို တိတိကျကျ ဘယ်လိုပြောပြရမယ်ဆိုတာကိုတော့ မသိကြပါဘူး။

ဒါကြောင့်

ဒေါသထွက်တာ
စိတ်တိုတာ
ငိုယိုတာ
အစားမစားတာ
တဇွတ်ထိုးလုပ်တာ ဒါမှမဟုတ် စကားမပြောဘဲ၊ ဆော့မကစားတော့ဘဲ တိတ်ဆိတ်သွားတာမျိုးနဲ့ ဖော်ပြတတ်ပါတယ်။

တစ်ခါတစ်ရံ အကြောင်းပြချင်မရှိဘဲ “ နေလို့မကောင်းဘူး” ၊ “ ဗိုက်နာတယ်” လို့ ညည်းညူတာမျိုးလည်း ရှိတတ်ပါတယ်။

အရင်က ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတဲ့ ကလေးဟာ ရုတ်တရက် ဆော့ကစားတာကို စိတ်မဝင်စားတော့တာ၊ တစ်ယောက်တည်းနေချင်တာ၊ သူငယ်ချင်းတွေနဲ့ မပေါင်းသင်းချင်တော့တာ၊ အချို့ကလေးတွေမှာ စာသင်ရတာ အခက်အခဲဖြစ်လာတာ၊ အမှတ်တွေ ကျဆင်းလာတာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။

အရင်က မလုပ်တဲ့ ဆိုးသွမ်းတဲ့ အပြုအမူတွေ (ဥပမာ – ခိုးတာ၊ လိမ်ပြောတာ) ကို လုပ်လာတာမျိုးလည်း ရှိနိုင်ပါတယ်။

အဲ့လိုအချိန်တွေမှာ ကလေးတွေကို ဆူပူကြိမ်းမောင်းတာ၊ ရိုက်နှက်တာ၊ အပြစ်တင်တာတွေ မလုပ်မိဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ကလေးတွေ စိတ်မကောင်းဖြစ်နေတဲ့အချိန်မှာ နားထောင်ပေးပါ၊ ဖေးမကူညီပေးပါ၊ သူတို့ရဲ့ ခံစားချက်ကို လက်ခံကြောင်း ပြောပြပေးပြီး ဘာကြောင့် စိတ်ညစ်နေလဲဆိုတာကို ညင်ညင်သာသာလေး မေးပေးပါ။ ပြီးရင် သူတို့နဲ့ အတူတူ စိတ်သက်သာရာရစေမယ့် နည်းလမ်းတွေကို ရှာဖွေပါ။

ဘေးမှာ ရှိနေပေးပါ။ ငိုချင်တဲ့အချိန်ဆို အနားမှာ နေပေးပါ။ ဖက်ပေးထားတာ၊ လက်က‌လေးတွေကို ကိုင်ထားပေးတာ စတာတွေကလည်း သူတို့လေးတွေရဲ့ စိတ်ကို သက်သာရာရစေနိုင်ပါတယ်။

ပျော်ရွှင်စရာလှုပ်ရှားမှုလေးတွေ ဖန်တီးပေးပါ။ သူငယ်ချင်းတွေနဲ့ဆော့ဖို့ အခွင့်အလမ်းဖန်တီးပေးတာ၊ အတူခရီးထွက်တာမျိုးတွေက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

ဥပမာ။ သူတို့အကြိုက်ဆုံး ကစားနည်းကို အတူတူဆော့ပေးတာ၊ ပုံပြင်လေးတွေ ဖတ်ပြတာ၊ ဒါမှမဟုတ် သူတို့ရဲ့ ခံစားချက်တွေကို ပုံဆွဲတာ၊ အရုပ်လေးတွေကို ပြောပြတာမျိုးတွေကလည်း အကူအညီဖြစ်စေပါတယ်။

တကယ်လို့ ကလေးရဲ့ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေဟာ ရက်ပေါင်းများစွာ ကြာမြင့်နေမယ် ဒါမှမဟုတ် ပိုဆိုးလာမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ကလေးစိတ်ပညာရှင်ဆီ ခေါ်သွားပြီး အကူအညီယူဖို့ လိုအပ်နိုင်ပါတယ်။

ကလေးတွေဟာ နုနယ်တဲ့ နှလုံးသားလေးတွေနဲ့ မွေးဖွားလာတာ ဖြစ်တဲ့အတွက် သူတို့ကို ဂရုစိုက်ဖို့၊ နားလည်ပေးဖို့၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပြုစုပျိုးထောင်ပေးဖို့ဟာ အလွန်အရေးကြီးကြောင်း ထပ်ပြောပါရစေ။

ကလေးငယ်လေးတွေရဲ့ စိတ်ချမ်းသာမှုဟာ သူတို့ရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးပါပါတယ်။

“ ကလေးပဲ” ဆိုပြီး သူတို့ရဲ့ခံစားချက်တွေကို လျစ်လျူမရှုပါနဲ့။ ကလေးတွေဟာလည်းပဲ စိတ်ခံစားမှုရှိပြီး သူတို့ရဲ့ကမ္ဘာထဲမှာ ဖြစ်ပျက်သမျှက သူတို့အတွက်တော့ ဘဝကြီးတစ်ခုလုံးပါပဲ။

ဆိုတော့ . . .

ကလေးတစ်ယောက်ရဲ့စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှုကို ကုသဖို့အတွက် အကောင်းဆုံးဆေးဝါးဆိုရင် ဒါဟာ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုပဲ ဖြစ်ပါလိမ့်မယ်…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here