“ အသားနာမှ မှတ်မှာ” တဲ့။
ကလေးငယ်တွေအပေါ် လက်ပါတဲ့အခါ အုပ်ထိန်းသူမိဘတွေ ပြောတတ်လေ့ရှိတဲ့ စကားပါ။
အဲဒီအယူအဆဟာ ကလေးတွေကို ရိုက်နှက်ခြင်းအပေါ် ပိုပြီးအားပေးရာလည်း ရောက်ပါတယ်။ ဒါဟာ Physical abuse ပါပဲ။
ရိုက်နှက်ပြီးဆုံးမတာဟာ သင့်တော်တဲ့နည်းလမ်း၊ လိမ္မာအောင်သွန်သင်တဲ့ နည်းလမ်းလို့ မှားယွင်းစွာ လက်ဆင့်ကမ်းခဲ့ကြတာလည်း ပါတာပေါ့။
တချို့မိဘတွေဟာ ကလေးတွေကို လက်ပါမှသာ ဆုံးမရလွယ်တယ်လို့ ယုံကြည်ကြပါတယ်။
မိဘတွေ/အုပ်ထိန်းသူတွေမှာ ကလေးတွေကို ရိုက်နှက်ရခြင်း အကြောင်းအရင်းများစွာ ရှိပါတယ်။ များသောအားဖြင့် . . .
- ကိုယ်တိုင် ကြီးပြင်းလာပုံ
- မိမိပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု
- အလုပ်၊ ငွေရေးကြေးရေး၊ မိသားစုအရေးတွေ
- စိတ်ဖိစီးရမှုတွေ
- စိတ်ကျန်းမာရေး ပြဿနာတွေ (ဥပမာ စိတ်ကျရောဂါ၊ စိုးရိမ်မှုလွန်ကဲသောရောဂါ)
- စိတ်မွန်းကျပ်မှုကို ဘယ်လိုဖြေလျှော့ရမှန်း မသိသူတွေ
- စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့ အလေ့အထတွေကြောင့် ဖြစ်တတ်ကြပါတယ်။
.
တချို့ကလည်း ကိုယ်တိုင်က ကိုယ့်ကလေးကို ထိန်းချုပ်ဖို့နည်းလမ်းကို မသ်ိတာမို့ ဒီလိုလုပ်မိတတ်ကြပါသေးတယ်။
ဒါ့အပြင် မိဘတွေကိုယ်တိုင်က မိသားစုနဲ့ ဆွေမျိုး မိတ်ဆွေတွေဆီက စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုမျိုး မရရှိတဲ့အခါမှာလည်း ကလေးကို ပြုစုပျိုးထောင်ရာမှာ အခက်တွေ့ကြပါတယ်။
တစ်ဖက်မှာလည်း
Physical abuse လုပ်ခြင်းကိုခံရတဲ့ ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ၊ နာကျင်မှုများ ရရှိရုံသာမက . . .
- စိတ်ဒဏ်ရာတွေပါ ရရှိတာ
- မိဘကို ကြောက်ရွံ့လာတာ
- မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးလာတာ
- မိဘကိုလည်း မယုံကြည်တော့တာ စသဖြင့် မိဘနဲ့သားသမီးကြား ခက်ခဲတဲ့ဆက်ဆံရေးတွေ ဖြစ်လာနိုင်သလို . . .
- ဒီလိုဆိုးဝါးတဲ့အတွေ့အကြုံကြောင့် ကလေးတွေရဲ့လူမှုဆက်ဆံရေးတွေမှာ အားနည်းလာတာ
- ကိုယ်တိုင်ကပါ မသိလိုက်ပဲ အနိုင်ကျင့်တတ်တဲ့အပြုအမူတွေပေါ်လာတာ
- စာကို အာရုံစိုက်လို့မရတော့ဘဲ ပညာရေးပါ အားနည်းလာတာ၊ သူများထက် နောက်ကျတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
…
…
ဒီတော့ ဆူပူကြိမ်းမောင်း ရိုက်နှက်မယ့်အစား Positive Discipline လို့ခေါ်တဲ့ ဆုပေးဒဏ်ပေးစနစ်လေးကို သုံးလို့ရပါတယ်။
✅ ဆုပေးခြင်း
ကလေးတွေရဲ့ ကောင်းတဲ့အပြုအမူလေးတွေအပေါ် ချီးကျူးပေးတာ၊ ဆုလေးတွေပေးတာဟာ သူတို့ရဲ့ ကောင်းတဲ့အမူအကျင့်လေးတွေကို ပိုလို့ ဖွံဖြိုးစေပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကိုလည်း တိုးပွားစေပါတယ်။
ဥပမာ၊ ကလေးက အိမ်စာကို သပ်သပ်ရပ်ရပ်လေးနဲ့အချိန်မီပြီးစီးအောင် လုပ်နိုင်တဲ့အခါ တော်ကြောင်း ချီးမွမ်းပေးပြီး သူကြိုက်တဲ့ သရေစာလေးတွေ ဝယ်ကျွေးတာ၊ အတူတူဆော့ပေးတာ။
ကလေးက သူငယ်ချင်းတွေကို ကူညီတာ၊ အခက်အခဲတွေ ဝိုင်းဖြေရှင်းပေးတာမျိုးမှာ ကလေးကို ချီးကျူးပြောဆိုပေးပြီး သူနှစ်သက်တဲ့ ပန်းခြံ သို့မဟုတ် ကစားကွင်းကို ခေါ်သွားပေးတာ၊ သူကြိုက်တဲ့ ကာတွန်း/ရုပ်ရှင်ပြပေးတာ စတာတွေဟာ ကလေးတွေရဲ့ ကောင်းတဲ့အပြုအမူတွေကို အားပေးရာရောက်ပါတယ်။
.
✅ ဒဏ်ပေးခြင်း/ အပြစ်ပေးခြင်း
ဒဏ်ပေးခြင်းစနစ်က နည်းလမ်းမှန်ဖို့ ပိုအရေးကြီးပါတယ်။
ဒီနေရာမှာ အသားနာအောင် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်အောင် မလုပ်မိဖို့ လိုပါတယ်။
ကလေးက မကောင်းတဲ့အပြုအမူတစ်ခုကို လုပ်မိတဲ့အခါ ဦးစွာ သေချာနားလည်အောင် ရှင်းပြပါ။ ပြီးမှ သင့်လျော်သော အပြစ်ကိုပေးပါ။
ဥပမာ၊ သူနှစ်သက်တဲ့ အရုပ်လေးကို အချိန်အကန့်အသတ်နဲ့ သိမ်းထားပြီး ပေးမဆော့တာမျိုး၊ တီဗီကြည့်ခွင့်၊ အပြင်ထွက်ကစားခွင့် စတာတွေကို အချိန်တစ်ခုထိ ရုတ်သိမ်းတာမျိုး ပြုလုပ်လို့ရပါတယ်။
အရေးကြီးတာကတော့ အပြစ်ပေးတဲ့အခါ ကလေးရဲ့ အသက်အရွယ်နဲ့ နားလည်နိုင်စွမ်းကို အမြဲထည့်တွက်ဖို့ပါပဲ။
အပြစ်မပေးခင်မှာလည်း ဘာကြောင့် အပြစ်ပေးရကြောင်း သေချာနားလည်အောင် ရှင်းပြပါ။ ဒဏ်ပေးတဲ့အခါ တစ်သမတ်တည်းဖြစ်အောင် လုပ်ပါ။
ဒဏ်ပေးပြီးတဲ့အခါ ကလေးကို ချစ်ခင်ကြောင်း ပြသဖို့နဲ့ ဂရုစိုက်ဖို့ကိုလည်း လုံးဝမမေ့ပါနဲ့။ ကောင်းတဲ့အပြုအမူလေးတွေအတွက် ပြန်ချီးကျူးပါ။ အားပေးပါ။
…
…
နိဂုံးချုပ်ပြောရရင် ကလေးတွေကို ရိုက်နှက်ဆုံးမခြင်းဟာ ဘယ်သောအခါမှ သင့်တော်တဲ့ နည်းလမ်းမဟုတ်ပါဘူးနော်။
မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဆုံးမတဲ့အခါ သည်းခံခြင်း၊ နားလည်ခြင်းနဲ့အတူ ချစ်ခြင်းမေတ္တာနဲ့ပြုစုပျိုးထောင်မှသာ မိဘနဲ့ကလေးငယ်အကြား ကောင်းမွန်တဲ့ဆက်နွယ်မှုနဲ့ ယုံကြည်မှုကို ရရှိစေမှာဖြစ်ပါတယ်။
ဒါ့အပြင် ဆုပေးခြင်းဟာ ကလေးတွေကို ကောင်းတဲ့အပြုအမူတွေ လုပ်ဆောင်ဖို့ အားပေးတဲ့ နည်းလမ်းဖြစ်ရုံသာမကပဲ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ အထောက်အကူဖြစ်စေတာမို့ မိဘတွေအနေနဲ့ Positive Discipline လေးကို အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.