နုနုနယ်နယ်ကလေးအရွယ်တွေကို “ ဒေဝေါကြီး လာနေပြီ” ၊ “ ဘီလူးကြီး လာဖမ်းလိမ့်မယ်” စသဖြင့် ကြောက်စရာတစ်ခုခုနဲ့ ခြောက်လှန့်တာမျိုးဟာ ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အတော်လေး အမြစ်တွယ်နေတဲ့ အကျင့်တစ်ခုပါပဲ။
မိဘတွေ၊ အုပ်ထိန်းသူတွေရဲ့ ရည်ရွယ်ချက်က ကောင်းတယ်ဆိုရင်တောင် ဒီလိုလုပ်ရပ်ဟာ ကလေးစိတ်ထဲ ဘာတွေဖြစ်သွားမလဲ၊ ဘယ်လိုဆိုးကျိုးတွေ ရနိုင်လဲဆိုတာ သိထားဖို့ လိုပါတယ်။
…
…
၁။ ဒီလိုအချိန် ကလေးတွေရဲ့စိတ်ထဲမှာ ဘာတွေ ခံစားရမလဲ။
ကလေးငယ်တွေဟာ အစစ်အမှန်နဲ့ စိတ်ကူးယဉ်ဆိုတာကို ကောင်းကောင်း မခွဲခြားနိုင်သေးပါဘူး။ သူတို့အတွက် လူကြီးတွေပြောတဲ့ ဘီလူး၊ ဒေဝေါဆိုတာ တကယ်ရှိတဲ့ အရာတွေပါ။ ဒါကြောင့် အဲဒီလိုခြောက်လိုက်တဲ့အခါ ကလေးတွေဟာ…
💢 ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို အကြီးအကျယ် ခံစားပါရတယ်။
ညဘက် အိပ်မရတာ၊ အိပ်မက်ဆိုးမက်တာ၊ တစ်ယောက်တည်းမနေရဲတာ၊ အမှောင်ကြောက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
.
💢 မိဘအပေါ် ယုံကြည်မှု လျော့နည်းလာတယ်။
သူတို့ကို အကာအကွယ်ပေးမယ့် လူကြီးတွေကပဲ သူတို့ကို ကြောက်စရာတွေနဲ့ ခြောက်လှန့်နေတဲ့အခါ၊ လိမ်ညာနေတယ်လို့ သဘောပေါက်သွားတဲ့အခါ ယုံကြည်မှုတွေ ကျဆင်းလာတတ်ပါတယ်။
.
💢 ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း လျော့နည်းလာတယ်။
ကြောက်စရာတစ်ခုခု ကြုံလာရင် ဖြေရှင်းဖို့ထက် ရှောင်ပြေးဖို့၊ ပုန်းအောင်းဖို့ပဲ ဦးစားပေးတာမျိုး ဖြစ်လာပါတယ်။
.
၂။ ဘာအကျိုးအပြစ်တွေ ဖြစ်နိုင်လဲ (နောက်ဆက်တွဲ စိတ်ထိခိုက်မှု)
ဒီလိုခြောက်လှန့်တာက ရေရှည်မှာကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးကျိုးများစွာ သက်ရောက်နိုင်ပါတယ်။
✍️ ရေရှည်ကြောက်ရွံ့မှုနဲ့ စိုးရိမ်စိတ်များ
(Phobias and Anxiety)
အသက်အရွယ်ကြီးလာသည့်တိုင်အောင် အကြောင်းမဲ့ ကြောက်ရွံ့မှုတွေ (ဥပမာ။ အမှောင်၊ အသံကျယ်၊ လူစိမ်း) နဲ့ စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါတွေ (Anxiety Disorders) ဖြစ်လာနိုင်ပါတယ်။
.
✍️ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်း (Low Self-Esteem)
စကားနားထောင်စေဖို့ ကြောက်အောင်ခြောက်တာက ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်တွေအပေါ် ယုံကြည်နိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။
.
✍️ ရန်လိုမှုနဲ့ စိတ်တိုလွယ်ခြင်း (Aggression and Agitation)
အဆက်မပြတ် ကြောက်ရွံ့နေရတာက ကလေးကို စိတ်ဆတ်ပြီး ရန်လိုလွယ်တဲ့သူ၊ ဒေါသပေါက်ကွဲတတ်တဲ့သူ ဖြစ်စေနိုင်ပါတယ်။
.
✍️ မိဘနဲ့ ဆက်ဆံရေးပျက်ပြားခြင်း (Damaged Relationship)
ယုံကြည်မှု ပျက်ပြားလာတဲ့အတွက် မိဘနဲ့ ဝေးကွာလာမယ်၊ စိတ်ခံစားမှုတွေကို ပွင့်ပွင့်လင်းလင်း မပြောပြတော့ဘဲ အမှန်တရားကို ဖုံးကွယ်တာ၊ လိမ်ညာတတ်တာမျိုးတွေ ပြုမူလာနိုင်ပါတယ်။
.
၃။ ချစ်လို့၊ စချင်လို့၊ စကားနားထောင်အောင်လို့ ဆိုတဲ့ ရည်ရွယ်ချက်က မှန်ရဲ့လား။
လုံးဝ လုံးဝ မမှန်ကန်ပါဘူး။
ကလေးက ကြောက်လို့ ခဏတာငြိမ်သွားတာ၊ စကားနားထောင်သွားတာမျိုး ဖြစ်နိုင်ပေမယ့် ဒါဟာ ချစ်ခင်လေးစားမှုနဲ့ နားလည်မှုအပေါ် အခြေခံတဲ့ လိမ္မာမှုမဟုတ်ဘဲ ကြောက်ရွံ့မှုအပေါ် အခြေခံတဲ့ အတင်းအကျပ်နာခံမှု တစ်ခုပါပဲ။
ဘာကြောင့် စကားနားမထောင်ရသလဲဆိုတဲ့ အရင်းခံ အကြောင်းအရင်းကို မဖြေရှင်းဘဲ၊ နားလည်ဖို့ မကြိုးစားဘဲ ကြောက်အောင်ခြောက်တာက ရေရှည်မှာ ဘာမှ အကျိုးမရှိပါဘူး။
…
…
ဆိုတော့ . . .
ဘယ်လို ကာကွယ်မလဲ၊ ဘယ်လို ပျိုးထောင်သင့်လဲ 🤔
ကလေးတွေကို ကြောက်အောင်ခြောက်တာမျိုး လုပ်မယ့်အစား . . .
✅ ပွင့်ပွင့်လင်းလင်း စကားပြောပေးပါ။
ကလေးက တစ်ခုခုကို မလုပ်ရဲဘူး ဒါမှမဟုတ် စကားနားမထောင်ရင် ဘာကြောင့်လဲဆိုတာကို နားလည်အောင် အကြောင်းရင်းကို လေးစားမှုရှိရှိ ရှင်းပြပါ။
.
✅ စည်းကမ်းကို စနစ်တကျ နည်းမှန်အောင် ထားပါ။
စည်းကမ်းဖောက်ဖျက်ရင် ချက်ချင်းပြစ်ဒဏ်ပေးတာမျိုး၊ ခြောက်လှန့်တာမျိုးထက် သူ့တို့လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံစားစေပါ။
(ဥပမာ။ ကစားစရာ မသိမ်းရင် နောက်တစ်ခါ ဆော့ရမယ့် အချိန်လျော့သွားမယ် ဆိုတာမျိုး)
.
✅ စိတ်ခံစားမှုတွေကို ကောင်းစွာ ထုတ်ဖော်တတ်အောင် သင်ပြပေးပါ။
ကလေး စိတ်တိုနေရင်၊ ဒေါသထွက်နေရင် “ ဒေါသထွက်တာကို နားလည်တယ်၊ ဒါပေမယ့် ကစားစရာကို ပစ်ပေါက်လို့တော့ မရဘူးနော်” လို့ ပြောပြီး သူ့စိတ်ခံစားချက်ကို အသိအမှတ်ပြုပေးပါ။ မှန်ကန်တဲ့နည်းလမ်းနဲ့ ဖော်ပြတတ်အောင် အကျင့်လုပ်ပေးပါ။
.
✅ မိဘရဲ့ အတုယူစရာ စံနမူနာ
တစ်ခုခုကြုံလာတဲ့အခါ မိဘတွေကိုယ်တိုင်က စိတ်တည်ငြိမ်ပြီး အကြမ်းမဖက်တဲ့ ဆက်ဆံရေးမျိုးကိုသာ ပြသပါ။
ကလေးကိုကြောက်အောင်ခြောက်ပြီး စကားနားထောင်စေတာ၊ လိမ္မာစေတာဟာ အလွယ်ဆုံးနည်းလမ်းလို့ ထင်ရပေမယ့် ရေရှည်မှာ သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။
ဒါကြောင့် ချစ်ခြင်းမေတ္တာ၊ နားလည်မှုနဲ့ ယုံကြည်မှု အပေါ် အခြေခံတဲ့ ပြုစုပျိုးထောင်မှုကသာ အကောင်းဆုံးနဲ့ အကျိုးအရှိဆုံးမို့ အုပ်ထိန်းသူ caregiver တွေအတွက် သတိပြုနိုင်ရန် ရည်စူးရေးသားလိုက်ရပါတယ်ရှင်….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

