ဟိုးတစ်ပတ်ကပဲ မိတ်ဆွေတစ်ယောက်ရဲ့အဒေါ် နာရေးဖြစ်လို့တဲ့။ အကြောင်းရင်းက ဆီးချို၊ သွေးတိုးမဟုတ်၊ ဖျားနာမဟုတ်ဘဲ အားချင်းကြီး ဆုံးသွားတာတဲ့ဗျ။

ကဲ မေးကြည့်တော့မှ ပန်းကန်ဆေးနေရင်း မြွေပေါက်တာတဲ့။ ဖြစ်မှဖြစ်ရလေ။ ဒါထက် ပိုအံ့သြသွားတာက ဖြစ်တာက ရန်ကုန်တိုင်းဒေသကြီးထဲမှာပဲတဲ့။ ကိုယ်တွေ ထင်ထားတာက လယ်ထဲ ပိုးထိတာမျိုးလေနော်။ အကောင်းကြီး ပန်းကန်ဆေးရင်းနဲ့ ဒါမျိုးဘယ်ဖြစ်နိုင်မှာလဲလို့ ထင်ထားမိတာ။ သူ့အိမ်ကလူတွေလည်း ဒီလိုပဲထင်ကြတာလေ။

ကြီးကြီးက ပိုးထိမှန်းသိတော့ ဘုရားပန်းလဲ၊ ၀တ်ပြုဆုတောင်းတာတွေ လုပ်တဲ့အပြင် ဘုန်းဘုန်းဆီပါ သွားမန်းလိုက်ပါသေးတယ်တဲ့။ ညကျမှ “မျက်လုံးတွေပြာလာပြီ။ ဘာမှ မမြင်ရတော့ဘူး” ဆိုပြီး လဲကျရင်း ဆေးရုံကားခေါ်ဖို့ ရှာမေးနေတုန်းပဲ ဘ၀တစ်ပါးကူးပြောင်းသွားတာပါတဲ့။

ကဲ တယ်လီစာဖတ်သူတို့ရေ မြွေအန္တရာယ်ဆိုတာ တို့ပြည်မှာ ဘယ်နားမှာပဲနေနေ ဘာပဲလုပ်နေနေ သတိထားရမယ့် အရာတစ်ခုပါပဲ။ အထူးသဖြင့် ဒီလိုကာလ တအားပူပြင်းပြီး ရုတ်တရက် မိုးကြီးရေကြီးတဲ့အခါ မြွေတွေက အသိုက်ပြောင်း ရွေ့လျားကြတာကိုး။

မြွေဆိုတာ အဆိပ်ရှိတဲ့မြွေနဲ့ အဆိပ်မရှိမြွေဆိုပြီး (၂) မျိုးရှိတာကိုး။ အဆိပ်ရှိတဲ့မြွေပင် ဖြစ်လင့်ကစား အများစုက နောက်က ပြေးပြီးလိုက်ကိုက်တတ်တဲ့ သတ္တ၀ါမျိုးမဟုတ်တာမို့ တအားကြီးလည်း စိတ်မပူစေချင်ပါဘူး။ ဥပမာ လမ်းသွားရင်း ခွေးရူးကိုက်လို့ ခွေးရူးရောဂါဖြစ်ရင်လည်း အသက်ဆုံးရှုံးမှာပါပဲ။ ခွေးကျ လိုက်ကိုက်တတ်တဲ့ သတ္တ၀ါကိုး။ မြွေတွေက ဒီလိုမဟုတ်ပြန်ဘူး။ မြွေနဲ့ပတ်သက်လို့ ကျန်းမာရေးအသိရှိပြီး သတိထားမယ်ဆို မြွေကိုက်ခံရတာကို လျှော့ချနိုင်ပါမယ်။တန်ဖိုးရှိတဲ့ အသက်ကို မဆုံးရှုံးရတော့ဘူးပေါ့။

မြွေဟောက်တွေက ရန်ကုန်တစ်၀ိုက်လို မြို့ပြတစ်၀ိုက်တွေမှာ တွေ့ရနိုင်ပါတယ်။ သူတို့က စိုစွတ်တဲ့ မှောင်တဲ့ နေရာတွေကို ကြိုက်တယ်။ သူတို့က သူတို့အသိုက်ကို အသက်နဲ့လဲပြီး ကာကွယ်ကြတဲ့ အမျိုးအစားမျိုး။ ဒီတော့ အနှောင့်အယှက်ခံရပြီလို့ ထင်ရင်၊ အစော်ကားခံရတော့မယ် ထင်တာနဲ့ ပါးပျဥ်းထောင် အသံထုတ်ပြီး တစ်ခါတည်း အမိအရ ပေါက်ထည့်လိုက်ပါရော။ နေ့ဘက်မှာလည်း နိုးနိုးကြားကြား ရှိကြတယ်လေ။ ဒါကြောင့်လည်း ကြီးကြီး ပန်းကန်ဆေးရင်း ကိုက်ခံလိုက်ရတာ ဘေစင်အောက်မှာ ရှိနေပုံပါပဲ။ မြွေဟောက်ဆိုတော့ ဦးနှောက်နဲ့ အာရုံကြောကို အဆိပ်ဖြစ်စေတာကိုး။ ဒါကြောင့် အသက်ရှူတဲ့ အာရုံကြော အလုပ်မလုပ်တော့ အသက်ရှူရပ်ပြီး အသက်ဆုံးတာပါ။ အရင်ဆုံး မျက်လုံးတွေ ပြာသွားတာမျိုး ဖြစ်နိုင်ပါတယ်။

မြွေပွေးကျတော့ မြက်တွေကြားထဲ ပုန်းနေတာ မမြင်ရဘူးလေ။ ကိုယ်က နင်းမိတာမျိုးမှ ကိုက်လိုက်တာပါ။ ဒီတော့ သွားသတိ လာသတိ ထားပါ။ ဖြစ်နိုင်ရင် လည်ရှည်ဖိနပ်စီးပါ။ Pressure cooker က အငွေ့ထွက်တဲ့ အသံလို အသံတစ်မျိုးကြီး ကြားရပြီဆိုရင်တော့ အနားမှာ မြွေပွေးရှိနေပြီး အဆိပ်ထုတ်ဖို့ပြင်နေတာဖြစ်နိုင်လို့ အသံလည်း နားစွင့်ပြီး သွားပါ။

အဆိပ်ရှိတဲ့ မြွေထဲမှာ အလွယ် အကြမ်းဖျင်းမှတ်မယ်ဆို မြွေပွေးနဲ့ မြွေဟောက်ပေါ့။ ပွေးဆို သွေး၊ ဟောက်ဆို နှောက်တဲ့။ အလွယ်မှတ်နည်းလေးပါ။ မြွေပွေးကိုက်ရင် သွေးထွက်လွန်၊ သွေးမခဲတာ၊ ကျောက်ကပ်ပျက်တာမျိုးဖြစ်ပြီး ဒွါရကိုးပေါက်က သွေးယိုပြီး အသက်ဆုံးမှာပါ။

ဘယ်နားသွားသွား ကြည့်ပြီးသွား။ တစ်ခုခုကို မကိုင်ခင်၊ လက်မထည့်ခင်မှာ ဘာရှိလဲ အရင်ကြည့်ပါ။ မှောင်နေရင် မီးထိုးကြည့်ပြီးမှ မြွေမရှိမှ ထိုပစ္စည်းကို ကိုင်ပါ။ မြွေအောင်းနိုင်မယ့် နေရာမျိုးတွေကို ရှင်းထားပါ။ စာရေးသူကိုယ်တိုင်ကတော့ ပန်းအိုး နေရာရွှေ့လိုက်တာ မြွေလေးတွေ အခွေလိုက် ထွက်လာပါရော။

မြွေတွေက ရေကြီးတော့ အသိုက်ပျောက် ဒုက္ခရောက်လို့ အိမ်ထဲ၀င်လာတာ၊ တက်လာတာ၊ စဥ့်အိုးထဲ အောင်းနေတာတို့မျိုးတွေ လုပ်တာပါ။ သူတို့က သွေးအေးသတ္တ၀ါဆိုတော့ အေးတော့ နွေးတဲ့အိမ်ထဲတစ်၀ိုက်ကို မိုးရာသီမှာ ရွေ့လာတတ်ပါတယ်။ ပန်းကန်တွေ အိုးတွေ ညက ဆေးဖို့ပုံထားမိ၊ မနက်ကျ ဆေးမယ်ဆို ရုတ်တရက် ယူလိုက်တဲ့အချိန် ကိုက်ခံရနိုင်တာမို့ သတိထားပါ။

မြွေတွေ့တိုင်း မသတ်ပါနဲ့။ မြွေတွေ့ခဲ့ရင် ၀ေးတယ်ဆိုရင် ဓာတ်ပုံရိုက်ယူထား။ ဘာမြွေလဲ သိရအောင်ပါ။ ပြီးလျှင်တော့ မြွေဂရုတွေထဲ မေးမြန်းပါ။ မြွေတွေက ကိုက်တယ်ဆိုတာ သူတို့ကို အန္တရာယ်ပြုမယ်လို့ ထင်လို့ ကိုက်ကြတာပါ။ ဒါကြောင့် မြွေနဲ့ တအားနီးနေပြီး သူလှမ်းပေါက်နိုင်တယ်ဆို စိတ်ကို တည်ငြိမ်အောင် အသက်အရင်ရှူ၊ ပြီးရင် လုံး၀ ငြိမ်ချလိုက်ပါ။ နည်းနည်းမှ မလှုပ်ပါနဲ့။ ဒါဆိုရင် ကိုယ်က ရန်သူမဟုတ်လို့ မမြင်ဘဲ သူတို့ရဲ့ နောက်ခံအပြင်လောကအနေနဲ့ မြင်သွားပါလိမ့်မယ်။ ထိုအခါကျမှ အဆိပ်မထုတ်တော့တာ၊ ပါးပျဥ်းသိမ်းတာတို့ ပြန်လုပ်ပါလိမ့်မယ်။ ပြီးမှ ဖြည်းဖြည်းစီ နောက်ဆုတ်သွားပေါ့။

မြွေတွေက သဘာ၀ပတ်၀န်းကျင်အတွက် ဂေဟစနစ်အတွက် အရေးပါပါတယ်။ မြွေတွေသာမရှိရင် ကြွက်တွေကြီးစိုးနေတာနဲ့ အခုဖြစ်တဲ့ ကြွက်က ကူးစက်တဲ့ ရောဂါတွေ (ဟန်တာ ဗိုင်းရပ်စ်) လိုတွေ ပိုကြောက်ရနိုင်ပါတယ်။ ဒါကြောင့် မြွေတိုင်းကို အဆိပ်ရှိတယ်သဘောထားပြီး သတ်ဖြတ်တာမျိုးတော့ မလုပ်သင့်ပါဘူး။

ကဲ မြွေကိုက်ခံရပြီဆိုပါစို့။ ဒါဆိုရင် အထက်က ကြီးကြီးလို မန်းတာမှုတ်တာတွေ တကယ်ပဲ မလုပ်စေချင်ပါဘူး။ မန်းတာ မှုတ်တာက ကံတရား ကိုယ့်ဘက်ပါလာအောင် လုပ်နိုင်မနိုင်တော့ အတတ်မပြောနိုင်ပေမယ့် သေချာတဲ့ အရာကတော့ မိမိကိုယ်ကိုယ် လုံး၀ လုံခြုံသွားပြီလို့ စိတ်ကို လိမ်လည်လိုက်သလိုပါပဲ။ ဒါကြောင့် မြွေကိုက်ခံရတဲ့ အရှိတရားကနေ မပြေးထွက်ဘဲ ဆေးရုံသွားရမယ်ဆိုတဲ့အရာကို ရင်ဆိုင်လက်ခံစေလိုပါတယ်။

ကိုက်လိုက်တဲ့ မြွေက အဆိပ်ရှိ/မရှိကို ကိုက်ခံရပြီးမှ ကံကောင်းအောင် လုပ်တာလို့ ယူဆတာမို့ စိတ်ထဲကနေ ဆုတောင်းတာ ဘုရားစာဖတ်တာမျိုးလည်းလုပ်၊ ဆေးရုံသွားပြီး သေချာလည်း ကုသတာမျိုး လုပ်စေချင်ပါတယ်။ ကိုက်ခံရတာကို သိတယ်၊ မြွေကို ဓာတ်ပုံရိုက်လို့ မီတယ်ဆို ရိုက်ယူခဲ့ပါ။ အထူးသဖြင့် မြွေရဲ့ ခေါင်းပုံရှိရင် ဘာမြွေလဲ မှန်းရပိုလွယ်ပါမယ်။ မြွေအကောင်လိုက် မဖမ်းလာပါနဲ့။ မလိုအပ်ပါဘူး။

ကိုက်ခံရတဲ့အချိန် တအားကိုစူးပြီး မီးနဲ့ထိုးသလို ကိုက်တာ။ မျက်လုံးပြာထွက်သွားတယ်။ မူးလဲသွားတယ်။ အဲ့နားမှာ အစွယ်အရာ (၂) ခုနဲ့ သွေးကလည်း မတိတ်ဘူး။ ဒါဆိုရင် အဆိပ်ရှိတဲ့မြွေကိုက်တာ ဖြစ်ဖို့များပါတယ်။ ဘယ်လိုမဆို ကိုက်ခံရရင်ကို ဆေးရုံသွားပါ။ ဖြစ်နိုင်ရင် ကိုက်ခံရတဲ့နေရာကနေ အဆိပ်တွေ သွေးကြောထဲကနေ မတက်သွားအောင် ထိုနေရာကို မလှုပ်ရှားပါနဲ့။ ဥပမာ ခြေထောက်ကိုက်ခံရရင် ခြေထောက်ကို ကျပ်စည်း၊ မလှုပ်အောင်ထား။ ချီမပြီး ဆေးရုံကို ခေါ်ခဲ့ရပါမယ်။ တအားကြီး ကျပ်စည်းဖို့မလိုပါဘူး။ ကိုက်ခံရတဲ့အပေါ် ရေခဲလောင်းဖို့လည်း မလိုပါဘူး။ ဘာမှ မလိမ်းပါနဲ့။ မြန်မြန်သာ ဆေးရုံသွားပါ။

မြွေဆိပ်ဖြေဆေးသာ အချိန်မီထိုးပြီး လိုအပ်တာကို ကုသနိုင်မယ်ဆို မြွေကိုက်လို့ မသေပါဘူး။ မလိုအပ်ဘဲ အသက်မဆုံးရှုံးရအောင် မြွေကိုက်ရင် မပေါ့ကြပါနဲ့……။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here