မီနူး

တယ်လီကျန်းမာ အဖွဲ့အစည်း

တယ်လီကျန်းမာကို ကျန်းမာရေး၀န်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုသရေးအဖွဲ့ အစည်းအနေဖြင့် မြန်မာပြည်သူလူထုအား ကျန်းမာရေး၀န်ဆောင်မှုများ ပေးအပ်နိုင်ရန်၊ ဖက်ဒရယ် ကျန်းမာရေးစနစ် အားကောင်းစေရန်၊ ကျန်းမာရေးအသိပညာ မြင့်မားလာစေရန်နှင့် လူနာများအတွက် အရည်အသွေးပြည့်၀သော ကျန်းမာရေးစနစ်တစ်ခုကို နည်းပညာအသုံးပြုပြီး လွယ်လင့်တကူ ရရှိနိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းထားပါသည်။

ဤအဖွဲ့အစည်းတွင် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်ဖွား ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ ဆရာ၀န်များနှင့် အခြားစေတနာ့ဝန်ထမ်းများ ပါဝင်ပြီး အထွေထွေရောဂါများသာမက အထူးကုဆေးခန်းများအပြင် စိတ်လူမှု အရေးပေါ် ဖေးမသည့်ဆေးခန်းများလည်း ဖွင့်လှစ်ထားပါသည်။

လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနာများ၏ ကျန်းမာရေးအချက်အလက်များ လုံခြုံစေရေး၊ ကျင့်၀တ်နှင့် ညီညွတ်စေရေးအပြင် အသားအရောင်၊ လူမျိုး၊ ဘာသာ ကွဲပြားမှုမရှိစေဘဲ လူ့အခွင့်အရေးတန်းတူညီမျှရရှိရေးကို အထူးအလေးထား ဆောင်ရွက်ပါသည်။

တယ်လီကျန်းမာ၏ ကျန်းမာရေးဝန်ဆောင်မှုများအကြောင်း အကျဥ်းချုပ်

(Overall Services)

တယ်လီကျန်းမာတွင် စေတနာ့ဝန်ထမ်း ၃၅၀ ကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ပြည်တွင်း၊ ပြည်ပရှိ မြန်မာလူမျိုးများအတွက် အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ကျန်းမာရေးပညာပေး အစီအစဉ်များကိုလည်း တင်ဆက်ပေးလျက် ရှိပါသည်။ ထို့ပြင် စဥ်ဆက်မပြတ် ဆေးပညာသင်ကြားလေ့လာမှု သင်တန်းများ၊ ဌာနတွင်းစစ်ဆေးမှုများနှင့် လူထု၏ တုံ့ပြန်အကြံပြုချက်များမှတစ်ဆင့် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ကနဦး လူနာဝန်ဆောင်မှုဌာန (Telemedicine Support Team)

ဤဌာနတွင် စေတနာ့ဝန်ထမ်း ၄၀ ကျော်ပါဝင်ပြီး အွန်လိုင်းဆေးဝါးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ရယူနိုင်ရန်အတွက် Facebook Messenger နှင့် Telegram မှတစ်ဆင့် ကူညီလမ်းညွှန်ပေးပြီး ကျန်းမာရေးနှင့်ပတ်သက်သည့် မေးမြန်းမှုများကိုလည်း ပြန်လည်ဖြေကြားပေးပါသည်။ နေ့စဥ် နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဝန်ဆောင်မှုပေးပါသည်။

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေး အရေးပေါ်ဝန်ဆောင်မှု ဟော့လိုင်းချန်နယ် (Zero Suicide Hotline)

ဤအစီအစဥ်တွင် စေတနာ့ဝန်ထမ်းများသည် လူနာ၏ ရင်ဖွင့်ပြောစကားများကို ဂရုတစိုက် နားလည်မှုရှိစွာ နားထောင်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးခြင်းအပြင် လိုအပ်ပါက တယ်လီကျန်းမာရှိ သင့်တော်သော စိတ်ကျန်းမာရေးဆိုင်ရာဆေးခန်းများ (ဥပမာ - စိတ်ရောဂါအထူးကု ဆရာဝန်၏ ဆေးခန်း) သို့ လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ပါသည်။

အထွေထွေ ကျန်းမာရေးဆေးခန်းများ (Primary Clinics)

အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် အထွေထွေ ကျန်းမာရေးဆေးခန်း (Primary Clinics) ၁၃ ခုဖြင့် စေတနာ့ဝန်ထမ်း ဆရာဝန် ၁၃၀ ကျော်က နေ့စဥ် နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

အခြေခံ စိတ်ကျန်းမာရေးဆေးခန်းများ (Primary Mental Health Clinics)

စနစ်တကျ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်ဆရာဝန် ၃၀ ကျော်က အခြေခံစိတ်ကျန်းမာရေး ဝန်ဆောင်မှုများဖြစ်သည့် ကနဦး စိတ်ကျန်းမာရေး အကဲဖြတ်မှုများ၊ အကြံပေးမှုများ (counselling)၊ ဖြစ်ပွားတတ်သော စိတ်ကျန်းမာရေး အခြေအနေများအတွက် ကုသမှုပေးခြင်းနှင့် စိတ်ရောဂါအထူးကုများထံ လွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။

အထူးကုဆေးခန်းများ (Specialist Clinics)

အထူးကုဆေးခန်းအမျိုးအစား ၂၅ ခုတွင် အတွေ့အကြုံရင့် အထူးကုဆရာဝန် ၉၀ ကျော်က နေ့စဥ် နံနက် ၈ နာရီမှ ည ၁၀ အထိ ကြည့်ရှုကုသ ဆွေးနွေးပေးလျက်ရှိပါသည်။

ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဝန်ဆောင်မှုများ (Health Promotion Services)

တယ်လီကျန်းမာ၏ ကျန်းမာရေး အသိပညာမြှင့်တင်ရေး အဖွဲ့သည် Facebook၊ YouTube၊ Website၊ Telegram နှင့် Instagram ချန်နယ်များမှတစ်ဆင့် ကျန်းမာရေးပညာပေး အစီအစဉ်များနှင့် ဗီဒီယိုများကို ဖော်ပြပေးနေပြီး လစဥ် ပညာပေးအကြောင်းအရာ ၁၅၀ ကျော်အထိ တင်ဆက်လျက်ရှိပါသည်။

ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စဥ်ဆက်မပြတ် ဆေးပညာသင်ကြားလေ့လာမှု အစီအစဥ်များ (Capacity Development and Continued Medical Education)

တယ်လီကျန်းမာ၏ အရည်အသွေး ထိန်းသိမ်းမြှင့်တင်မှုနှင့် စီမံပံ့ပိုးမှုအဖွဲ့ (Quality Assurance and Program Support Team) သည် ဝန်ဆောင်မှုအရည်အသွေးများနှင့် ထိရောက်မှုများကို စောင့်ကြည့်ထိန်းညှိခြင်း၊ ကုသမှုစံနှုန်းများကို ကြီးကြပ်ခြင်း၊ အစီအစဉ် အကောင်အထည်ဖော်မှုများကို ပံ့ပိုးပေးခြင်းအပြင် အွန်လိုင်းဆေးခန်းများ ထိရောက်စွာ လည်ပတ်စေနိုင်ရေးအတွက်လည်း တာဝန်ယူဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့ပြင် ဝန်ထမ်းများ၏ ဆေးပညာကျွမ်းကျင်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ် ဆေးပညာသင်ကြားလေ့လာမှု သင်တန်းများ ပုံမှန်စီစဉ်ပေးလျက်ရှိသည့်အပြင် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ရန်အတွက် ဌာနတွင်းစစ်ဆေးမှုများ၊ လူနာစိတ်ကျေနပ်မှု စစ်တမ်းများနှင့် တုံ့ပြန်အကြံပြုချက် ရယူခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိနေပါသည်။

ဦးတည်ချက်များ

  • မြန်မာပြည်သူလူထုအား ကျန်းမာရေး၀န်ဆောင်မှုများနှင့် ကျန်းမာရေးအသိပညာများပေးနိုင်ရန်
  • ဖက်ဒရယ်စနစ်သို့ ဦးတည်သော ကျန်းမာရေးစနစ်တစ်ခု တည်ထောင်နိုင်ရန်
  • အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှုတွင်ပါ၀င်သော ကျန်းမာရေး၀န်ထမ်းများနှင့် စေတနာ့၀န်ထမ်းများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးစေနိုင်ရန်၊ ဆေးပညာအသီးအပွင့်များဆက်လက် ပွားများစေရန် ရည်ရွယ်ပါသည်။

အရေးပါသော လုပ်ဆောင်ချက်များ

  • ဆွေးနွေးတိုင်ပင်မှုများ –  မတ်လ ၂၀၂၃ ထိ  လူနာများအား ၁၁၅,၃၉၉ ကြိမ် ဆွေးနွေးကုသပေးနိုင်ခဲ့ပါတယ်။
  • တယ်လီကျန်းမာ မှ အသိပညာဖြန့်၀ေခြင်းကို Facebook Page မှတစ်ဆင့် ကြည့်ရှုသူ (၁၀) သန်းခန့် ကို ဆန်းသစ်သော ပုံစံများဖြင့် မျှဝေနိုင်ခဲ့ပါတယ်။
  • သုတေသန စာတမ်း​ – စိတ်ကျန်းမာရေး၀န်ဆောင်မှုနှင့် ပတ်သက် သော သုတေသန ပိုစတာကို APA conference 2023တွင် တင်ပြနိုင်ခဲ့ပါတယ်။

လူနာများ

မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိသော (၃၁၉) မြို့နယ်မှ လူထုများ လာရောက်ဆက်သွယ်ခဲ့ကြပါတယ်။ ကမ္ဘာအနှံ့ (၃၁) နိုင်ငံမှ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသောမြန်မာများကိုလည်း ဆွေးနွေးတိုင်ပင်မှုပေးခဲ့ပါသည်

Our Timeline

၁၉ ဇွန် ၂၀၂၁

တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းစတင်

၂၆ ဇွန် ၂၀၂၁

အထူးကုဆေးခန်း ၆ ခု စတင်

၁၆ ဇူလိုင် ၂၀၂၁

ကိုဗစ်သံသယလူနာ ၆၅၀၀၀ ခန့်ကို ကြည်ရှု့ပေးခဲ့

၂၄ ဇူလိုင် ၂၀၂၁

ကိုဗစ်-၁၉ CDM ချန်နယ် စတင် (စေတနာ့ဝန်ထမ်း ၄၅၀ ကျော်ဖြင့်)

၅ သြဂုတ် ၂၀၂၁

တန်းစီဆေးခန်း စတင်

၁၃ သြဂုတ်လ ၂၀၂၂

အခြေခံ စိတ်ကျန်းမာရေးဆေးခန်း စတင်

၁ နိုဝင်ဘာ ၂၀၂၂

ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သော အကြိမ်ရေ ၁၀၀,၀၀၀ သို့ ရောက်ရှိ

၃ နိုဝင်ဘာ ၂၀၂၂

တယ်လီကျန်းမာ YouTube Channel စတင်

၃၁ ဒီဇင်ဘာ ၂၀၂၂

ကျန်းမာရေးအသိပညာပေးစာ ပို့စ် ၅၀၀ကျော် တင်နိုင်ခဲ့

၂၀ နိုဝင်ဘာ ၂၀၂၂

တိုင်းရင်းသား ဘာသာစကားများဖြင့် ကျန်းမာရေးပညာပေးပိုစ့်များ စတင်

၂၃ မတ် ၂၀၂၃

Facebook Page Follower ၄၀၀,၀၀၀ ကျော်သို့ ရောက်ရှိခဲ့

ယခုအချိန်ထိ

အထူးကုဆေးခန်း ၂၅ခုထိ ရှိနေ