တစ်ခါလေ ကျွန်တော်တို့ရင်ဘတ်မှာ အကြောင်းအရင်းမရှိဘဲ ရုတ်တရက် စူးခနဲ ဓားနဲ့ထိုးသလို ခံစားရတတ်တယ်မို့လား။ အထူးသဖြင့် နှလုံးရှိတဲ့ ဘယ်ဘက်မှာပေါ့။

ဒီလို အကြောင်းအရင်းမရှိဘဲ ရုတ်တရက် ရင်ဘတ်အောင့်တတ်တာကို ဆေးပညာအရ Precordial Catch Syndrome လို့ ခေါ်ပါတယ်။ (အောက်မှာ PCS လို့ ဆက်သုံးပါရစေ)

Precordium ဆိုတဲ့ နှလုံးရဲ့အပေါ်ကနေ အကာအကွယ်ပေးထားတဲ့ နေရာနဲ့ဆိုင်လို့ အဲဒီလို ခေါ်တာပါ။ အောင့်တဲ့နေရာမှာ အရမ်းပြင်းပြီး တော်တော်နာကျင်ခံစားရခက်လို့ ဓားလို အချွန်တစ်ခုခုနဲ့ထိုးသလိုတောင် ဆင်ပါတယ်။ ဒါပေမယ့် အဲဒီနာကျင်မှုဟာ ခပ်မြန်မြန်ပဲ ပျောက်သွားလေ့ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာ ဘာနာကျင်မှုမှမဖြစ်လို့ စိုးရိမ်စရာအခြေအနေတော့ မဟုတ်ပါဘူး။

ဒီလိုရင်ဘတ်အောင့်ခြင်းဟာ နှလုံး၊ အဆုတ်စတဲ့ အင်္ဂါတွေနဲ့ သက်ဆိုင်မှုမရှိဘဲ အန္တရာယ်မဖြစ်စေတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာပါ။ အများအားဖြင့် ဆယ်ကျော်သက်အရွယ်လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ်တွေမှာ အဖြစ်များပါတယ်။

အကြောင်းအရင်းမရှိဘဲ ရုတ်တရက် ရင်ဘတ်အောင့်ခြင်း (PCS) ရဲ့ လက္ခဏာတွေကတော့ . . .

  • ရုတ်တရက်ဖြစ်ခြင်း
  • ပုံစံမမှန် ထိုင်နေချိန်၊ ပေါ့ပေါ့ပါးပါးလှုပ်ရှားမှု ပြုလုပ်ချိန်မှာ ဖြစ်တတ်ခြင်း
  • အခြားနေရာများသို့ ကူးစက်နာကျင်မှု မရှိခြင်း
  • အသက်ပြင်းပြင်းရှုလိုက်လျှင် ပိုအောင့်ခြင်း
  • စက္ကန့်ပိုင်းကနေ အကြာဆုံး (၃) မိနစ်ခန့်ထိသာ ခံစားရခြင်း
  • အခြားရောဂါလက္ခဏာများ ခံစားရမှုမရှိခြင်းတို့ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလို ရုတ်တရက် ရင်ဘတ်စူးခနဲ အောင့်ရတာလည်းဆိုတာတော့ အကြောင်းအရင်း ရေရေရာရာ ရှာမတွေ့သေးပါဘူး။ ဆေးပညာရှင်တွေ ယူဆကြတာကတော့ ကျွန်တော်တို့ နံရိုးအနီးတစ်ဝိုက်က အာရုံကြောတွေ ဒါမှမဟုတ် အဆုတ်ကို ဖုံးကာထားတဲ့ အမြှေးပါးနားက ကြွက်သားတွေ ရုတ်တရက် အကျုံ့အဆန့်လုပ်လို့ ဖြစ်နိုင်တယ်လို့ ယူဆကြတာပေါ့။

လူငယ်နဲ့ လူလတ်တွေမှာ အဖြစ်များတာကြောင့် အရွယ်ရောက်ချိန်မှာဖြစ်တဲ့ နောက်ဆက်တွဲဖြစ်ရပ်လို့လည်း တချို့က ထင်မြင်ကြပါတယ်။ ၆ နှစ်ကနေ ၂၀ ကျော်လူငယ်တွေမှာ အဖြစ်များလေ့ရှိပြီး အခြားလူတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။

ဒီလိုမျိုး ရုတ်တရက် ရင်ဘတ်အောင့်တာ၊ အထူးသဖြင့် PCS ရဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ ကြီးကြီးမားမား မရှိနိုင်ပါဘူး။ ဒါပေမယ့် နာတဲ့အချိန်မှာ အသက်ပြင်းပြင်းနဲ့ ဝဝမရှူရဲလို့ ခပ်မြန်မြန်နဲ့ အသာလေးပဲရှူသွင်းရတဲ့အခါ မူးနောက်ခြင်းတော့ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အခုလို ရင်ဘတ်အောင့်တာမျိုးကို နှလုံးနဲ့ အဆုတ်ရောဂါတစ်ခုခု ဖြစ်ပြီထင်ပြီး စိတ်ဖိစီးမှုဝင်သွားတာမျိုး၊ စိတ်တအားလှုပ်ရှားပြီး တုန်လှုပ်တာမျိုး ဖြစ်တတ်ပါတယ်။

ဆိုတော့ PCS ကြောင့် ရင်ဘတ်အောင့်တာ ဟုတ်/မဟုတ် ဘယ်လိုသိနိုင်မလဲ။

နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး သိနိုင်ပါတယ်။ ကိုယ့်ရဲ့ ရင်ဘတ်အောင့်တာက ဘယ်လိုဘယ်ပုံစံလဲဆိုတာ ဆရာဝန်က ရောဂါရာဇဝင်တွေ မေးမြန်းပြီး စမ်းသပ်ခြင်းအားဖြင့် PCS လား အခြားနှလုံး သို့မဟုတ် အဆုတ်နဲ့ဆိုင်တဲ့ ကိစ္စလားဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် လိုအပ်ရင် လိုအပ်သလို သွေးစစ်တာ၊ ရင်ဘတ်ဓာတ်မှန်၊ နှလုံးဓာတ်မှန်၊ နှလုံး ECG ဆွဲတာ သို့မဟုတ် အာထရာဆောင်းရိုက်တာတွေပါ လုပ်ကောင်းလုပ်ရပါမယ်။

အခုလိုမျိုး ရုတ်တရက် ရင်ဘတ်အောင့်လာတဲ့အခါ သက်သာအောင် ဘယ်လိုလုပ်ရမလဲ ဆိုရင်တော့ . . .

  • ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်တာ
  • မတ်မတ်ထိုင်လိုက်တာ
  • အသက်ကို ဖြည်းဖြည်းနဲ့ ခပ်ပါးပါးပဲ ရှူလိုက်တာ စသဖြင့် လုပ်လိုက်မယ်ဆိုရင် အချိန်ခဏအတွင်းမှာပဲ သက်သာနိုင်ပါတယ်။

အသက်ရှူလို့ ပိုနာတယ်ဆိုရင်တောင် ကြိတ်မှိတ်ပြီး အကြာကြီး အသက်ရှူသွင်းလိုက်တာကလည်း သက်သာအောင် လုပ်နိုင်ပါတယ်။

PCS က အသက် ၂၀ ကျော် ၂၅ လောက်မှာဆိုရင် မတွေ့ရတော့ဘဲ ပျောက်သွားတတ်ပါတယ်။

PCS ကို မကြုံတွေ့အောင် ကာကွယ်ဖို့ကတော့ တိတိပပမရှိသေးပေမယ့် ကိုယ့်ရဲ့နေပုံထိုင်ပုံအနေအထားကို သတိထားခြင်းဖြင့် ရုတ်တရက် ရင်ဘတ်အောင့်တဲ့ကိစ္စကို လျှော့ချနိုင်ပါတယ်။ နာလာခဲ့ရင်လည်း စိတ်ကိုငြိမ်ငြိမ်ထား၊ အသက်ကို ဖြည်းဖြည်းနဲ့ ညင်ညင်သာသာရှူ၊ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်မယ့်အနေအထားမှာ နေရင် သက်သာနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး တချို့ကိုလည်း သောက်လို့ရပေမယ့် ဆရာဝန်တွေလို တတ်သိနားလည်တဲ့ ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။

ဘယ်လိုပဲနေနေ ရုတ်တရက် ရင်ဘတ်အောင့်တယ်ဆိုရင်တော့ သတိလက်လွတ် မနေသင့်ပါဘူး။ ခဏနဲ့ သက်သာသွားတယ်ဆိုရင်တောင် အခြားသော အရေးကြီးတဲ့ ပြဿနာမဖြစ်တာ သေချာစေဖို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍များ ရုတ်တရက် ရင်ဘတ်အောင့်တယ်၊ ခဏနဲ့ မသက်သာဘူး၊ အနားယူလိုက်ပေမယ့် မသက်သာဘူး၊ ဆေးတစ်ခုခုသောက်လိုက်ပေမယ့် မသက်သာသွားဘူး၊ ဒါ့အပြင် ချွေးစီးတွေပြန်လာတယ်၊ အော့အန်ချင်သလို မူးဝေချင်သလို ဖြစ်နေမယ်၊ နှလုံးခုန်နှုန်းတွေမြန်ပြီး ရင်တွေတုန်နေမယ်၊ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေဖြစ်တဲ့ နောက်ကျော၊ မေးစေ့၊ လည်ပင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းတွေ၊ လက်မောင်းနဲ့ ပုခုံးတွေပါ နာလာတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံး သွားရောက်ပြသသင့်ပါကြောင်းပါ ခင်ဗျား….။

Ref: 📖 https:// my. clevelandclinic. org / health/diseases/precordial-catch-syndrome

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here