မနေ့က Facebook သုံးရင်းနဲ့ ရုပ်ရှင်ပရိုမိုးရှင်းဆင်းတဲ့ ပိုစတာတစ်ခုကို တွေ့လိုက်ရတော့ ဒီအကြောင်းလေး ခေါင်းထဲရောက်လာတာနဲ့ ဆောင်းပါးလေးချရေးဖြစ်ပါတယ်။
ပိုစတာက ဘယ်လောက်တောင် အသက်ဝင်လဲဆို တကယ်ဖြစ်နေတယ်ထင်ပြီး ဖုန်းဆက်အကူအညီတောင်းသူတွေတောင် ရှိကြသတဲ့။
သတင်းအမှန်ဟုတ်မဟုတ် မသေချာပေမယ့် ရုပ်ရှင်တွေဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပေါ် အတော်လေး လွှမ်းမိုးမှုရှိတာတော့ အမှန်ပါပဲ။
အထူးသဖြင့် ထိတ်လန့်ကြောက်မက်ဖွယ်ရာ ရုပ်ရှင်တွေ ကြည့်ပြီးသွားတဲ့အခါ ညဘက် အိပ်မပျော်တာမျိုး၊ လမ်းသွားရင်း ရုပ်ရှင်ထဲကလို အဖြစ်အပျက်မျိုး ကြုံရမှာကို စိုးရိမ်နေမိတာမျိုး၊ ဝမ်းနည်းကြေကွဲဖွယ်ရာ ရုပ်ရှင်တွေဆို အချိန်အကြာကြီးထိ စိတ်ထဲစွဲကျန်နေတာမျိုး ကျွန်မတို့ကိုယ်တိုင် ဖြစ်ဖူး၊ ခံစားဖူးကြတာပဲဆိုတော့လေ။
မြင်သာတဲ့ ဥပမာပြောရရင် Final Destination လို ရုပ်ရှင်မျိုးကြည့်ပြီးတဲ့အခါ ရိုလာကိုစတာ မစီးရဲတော့တာ၊ လမ်းသွားရင်း ဘတ်စ်ကားနဲ့ တိုက်မိမှာလား၊ လှေကားပေါ်က ပြုတ်ကျမှာလား စတဲ့အတွေးတွေ ဝင်နေမိတာမျိုးပေါ့။
ကျွန်မဆိုရင် အခုထိ သံရိုက်တဲ့စက်ကိုမြင်ရင် လန့်နေတုန်းပဲ။
ကျွန်မတို့ ဒီလို ခံစားရတာကို ဘာလို့ခေါ်လဲ၊ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာလေးကို ပြောပြချင်ပါတယ်။
…
…
ဒီလို ထိတ်လန့်စရာ ရုပ်ရှင်ကြည့်ပြီးတဲ့အခါ ခံစားရတဲ့ ကြောက်စိတ်နဲ့ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကို “ Post-Movie Anxiety” / Post-cinematic Stress Anxiety လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် “ Media-Induced Trauma” လို့လည်း ဆိုနိုင်ပါတယ်။
ရုပ်ရှင်ထဲက ပုံရိပ်တွေ၊ အသံတွေနဲ့ ဇာတ်လမ်းအသွားအလာတွေဟာ ကိုယ့်ရဲ့စိတ်ထဲမှာ စွဲမြဲသွားပြီး အပြင်လောကမှာ အဲဒီလိုအဖြစ်အပျက်မျိုး တကယ်ဖြစ်လာနိုင်တယ်လို့ မှားယွင်းစွာ ထင်မြင်ယူဆရာကနေ ခုလိုခံစားချက်တွေ စတင်တာပါပဲ။
.
🤔 ဘာကြောင့် ဖြစ်ရတာလဲ။
ကျွန်မတို့ ဦးနှောက်မှာ “ Amygdala” လို့ခေါ်တဲ့ အစိတ်အပိုင်းလေးတစ်ခု ရှိပါတယ်။ သူက အန္တရာယ်ကိုတုံ့ပြန်တဲ့စနစ်နဲ့ သက်ဆိုင်တယ်လို့ အလွယ်မှတ်ထားလို့လည်း ရပါတယ်။
ဇာတ်လမ်းထဲက အကြောင်းအရာတွေဟာ ဒီ အစိတ်အပိုင်းလေးကို အလွန်အမင်းလှုံ့ဆော်မိတဲ့အခါ အပြင်မှာပါ ထိတ်လန့်ကြောက်ရွံ့မိတာမျိုး ခံစားရနိုင်ပါတယ်။
Vicarious Trauma လို့ခေါ်တဲ့ ရုပ်ရှင်ထဲက သူတစ်ပါးရဲ့ ကြောက်မက်ဖွယ်အတွေ့အကြုံများကို ကိုယ့်စိတ်ထဲမှာ အစားထိုးခံစားမိလိုက်တဲ့အခါ သူ့စိတ်ဒဏ်ရာဟာ ကိုယ့်စိတ်ဒဏ်ရာ ဖြစ်သွားတတ်ပါတယ်။
Over-Identification with Characters ဆိုတာကတော့ ဇာတ်ကောင်တွေအပေါ် စွဲလမ်းမှုလွန်ကဲပြီး သူ့နေရာမှာ ကိုယ်တိုင်ပါဝင်နေသလို ခံစားရရင်လည်း ခုလိုတွေဖြစ်တတ်ပါသတဲ့။
ဒါတွေဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားလွယ်မှု၊ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုတို့ပေါ် လည်း မူတည်ပါတယ်။ အချို့ကျတော့လည်း ဒီလိုရုပ်ရှင်မျိုးကိုမှ နှစ်သက်ပြီး ဒါမျိုးကြည့်ရမှ စိတ်အပန်းပြေတယ်ဆိုတဲ့ သူမျိုးတွေလည်း ရှိပါတယ်။
ဆိုတော့… စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်သူတွေ၊ စိတ်ဓာတ်နုနယ်တဲ့သူတွေ၊ စိုးရိမ်စိတ်များတဲ့သူတွေအတွက်တော့ ထိတ်လန့်သွေးပျက်ဖွယ် ရုပ်ရှင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ပိုမိုဖြစ်စေပါတယ်။
အထူးသဖြင့် အချို့ရုပ်ရှင်တွေက တအားလက်တွေ့ဆန်လွန်းပြီး ဖြစ်နိုင်ချေရှိတဲ့ အခြေအနေတွေကို ပြသထားတတ်တဲ့အတွက် ကြည့်ရှုသူတွေအနေနဲ့ ကိုယ်တိုင်ကြုံတွေ့ရမလားလို့ တွေးပူမိတာ ဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ ပုံရိပ်တွေ၊ အသံတွေဟာ ဦးနှောက်ထဲမှာ စွဲမြဲနေပြီး အိပ်နေတဲ့အချိန်မှာတောင် အိပ်မက်ဆိုးတွေအဖြစ် ပြန်ပေါ်လာတာမျိုး၊ နေ့ဘက်မှာတောင် ခြောက်လှန့် စိတ်အနှောင့်အယှက်ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။
ထပ်ပြောရရင် Final Destination လို ရုပ်ရှင်မျိုးဆို သေခြင်းတရားကနေ ဘယ်လိုမှ လွတ်မြောက်လို့မရဘူးဆိုတဲ့ အယူအဆကို အဓိကထားပြီး ရိုက်ကူးထားတာဖြစ်လို့ ဒီကားကို ကြည့်ပြီးသွားတဲ့အခါ လမ်းကူးရင်း ကားတိုက်မှာလား၊ လေယာဉ်ပျက်ကျမှာလား၊ လှေကားက ပြုတ်ကျမှာလား၊ ခေါင်းပေါ်ကို တစ်ခုခုပြုတ်ကျမှာလား၊ ဓာတ်လိုက်ခံရမှာလား စတဲ့အတွေးတွေ ဝင်လာပြီး စိုးရိမ်စိတ်လွန်ကဲတတ်ပါတယ်။
အပြင်မှာ ကိုယ့်ပတ်ဝန်းကျင်က အခြေအနေတစ်ခုက ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနဲ့ ဆင်တူနေပြီဆိုရင် ကြောက်စိတ်က ပိုတိုးလာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားနိုင်ပါတယ်။ ပိုဆိုးလာရင် ချွေးစေးတွေပြန်ပြီး အသက်ရှူမြန် နှလုံးခုန်မြန်ပြီး Panic Attack ထိရနိုင်ပါတယ်။
(ဒီရုပ်ရှင်က နာမည်ကြီးတာရယ်၊ လူတိုင်းနီးပါးကြည့်ဖူးကြတာမို့ မြင်သာအောင် ဥပမာပေးခြင်းသက်သက်သာ ဖြစ်ပါတယ်)
.
🤔 ဒီတော့ ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။
အပေါ်မှာပြောခဲ့သလို ခံစားနေရပြီဆိုရင်တော့ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။
- ကြည့်ရှုမှုကို ကန့်သတ်ပါ။
ကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တယ်လို့ ခံစားရရင် ထိတ်လန့်တုန်လှုပ်စရာရုပ်ရှင် ကြည့်တာကို လျှော့ချပါ ဒါမှမဟုတ် ခဏရပ်ထားပါ။
.
- အမှန်တရားကို ခွဲခြားပါ။
ရုပ်ရှင်ဆိုတာ စိတ်ကူးယဉ်ဖန်တီးထားတာဖြစ်ပြီး အပြင်လောကနဲ့ မတူဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ ဒါဟာ ရုပ်ရှင်ထဲက ဇာတ်လမ်းသက်သက်ဖြစ်တယ်လို့ ခွဲခြားသိမြင်ဖို့ ကြိုးစားကြည့်ပါ။
.
- အခြားစိတ်အပန်းဖြေမှုများ ပြုလုပ်ပါ။
ယောဂကျင့်တာ၊ တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာလိုမျိုး စိတ်အပန်းဖြေစေတဲ့ အရာတွေကို လုပ်ဆောင်ပါ။
.
- သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ စကားပြောပါ။
ကိုယ့်ရဲ့ကြောက်စိတ်နဲ့ စိုးရိမ်မှုတွေကို ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ ရင်ဖွင့်ဆွေးနွေးပါ။ သူတို့ရဲ့ နားလည်မှုနဲ့ အားပေးမှုတွေက စိတ်သက်သာရာရစေနိုင်ပါတယ်။
.
- အာရုံပြောင်းလဲပါ။
ရုပ်ရှင်ထဲက အဖြစ်အပျက်တွေကို ခေါင်းထဲက ထုတ်ပြီး တခြားအရာတွေကို အာရုံစိုက်ပါ။ ကိုယ်ဝါသနာပါတဲ့ အရာတွေကို လုပ်ပါ။
.
- အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးမဝတာကလည်း စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်စိတ်ကို ပိုဆိုးစေနိုင်ပါတယ်။
.
- လိုအပ်ရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးပါ။
အကယ်၍ ကြောက်စိတ်နဲ့ စိုးရိမ်ပူပန်မှုတွေဟာ လွန်ကဲလာပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးလာပြီဆိုရင် စိတ်ကျန်းမာရေးပညာရှင် (သို့မဟုတ်) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
…
…
စိတ်ကျန်းမာရေးဆိုတာ ကျွန်မတို့အားလုံး ဂရုစိုက်ရမယ့် အရာတစ်ခုပါ။
ရုပ်ရှင်ကြည့်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခြင်းဟာ ကိုယ်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ပါဘူး။
ရုပ်ရှင်တွေကြောင့်ပဲ စိတ်ချမ်းသာပျော်ရွှင်ရတာရှိသလို ခံစားရခက်တဲ့အခါတွေလည်း ရှိတတ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အမြဲသတိထားပြီး လိုအပ်ရင် အကူအညီယူဖို့ သတိရပါ။
စိတ်ချမ်းသာခြင်းဟာ အရာအားလုံးထက် အရေးကြီးပါတယ်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.