သင် People pleaser တွေနဲ့ ကြုံဖူးပါသလား။
ဒါမှမဟုတ် သင်ကိုယ်တိုင်က people pleaser ဖြစ်နေသလား။
People pleaser ဆိုတာ ကိုယ့်ကိုယ်ကိုယ်ထက် အခြားသူ အဆင်ပြေစေရေး၊ စိတ်ကျေနပ်စေရေးကိုသာ အမြဲလိုလို ကြိုးစားပံ့ပိုးနေတတ်ကြသူတွေကို ခေါ်တဲ့ အသုံးအနှုန်းတစ်ခုပါ။ ဒီလူတွေဟာ အခြားသူတွေကို ပျော်စေဖို့၊ သဘောကျစေဖို့၊ အကောင်းမြင်စေဖို့ကိုပဲ အမြဲတစေ ကြိုးစားကြတာကြောင့် တစ်ဖက်မှာ မိမိရဲ့လိုအပ်ချက်တွေ၊ မိမိရဲ့ခံစားချက်တွေကို မမြင်တော့သလို မိမိကိုယ်ကိုယ် လျစ်လျူရှုထားသလို ဖြစ်တတ်ကြပါတယ်။
သူတို့ဟာ အခြားသူရဲ့ တောင်းဆိုမှုတိုင်း၊ အကူအညီတိုင်းကို လက်ခံတတ်ကြပြီး “ No” လို့ပြောဖို့ ခက်တတ်ကြသူတွေပါ။
အခြားသူတွေရဲ့ မိမိအပေါ်သဘောထားအမြင်တွေကိုလည်း လိုတာထက်ပိုပြီး အာရုံစိုက်တတ်ကြတဲ့အတွက် လူတွေက ကိုယ့်ကိုသဘောကျဖို့ပဲ တွေးနေ ကြိုးစားနေတတ်ကြသူတွေပေါ့။
…
…
တကယ်တော့ ထိုသူတွေဟာ အကြောင်းမဲ့သက်သက် လူတွေကို pleased ဖြစ်စေတာမျိုးတော့ မဟုတ်ပါဘူး။
သူတို့ရဲ့ ပတ်ဝန်းကျင်၊ ကြီးပြင်းရာမိသားစု၊ ထိန်းကျောင်းခံခဲ့ရတဲ့ ပုံစံတွေ၊ အတိတ်က အတွေ့အကြုံ စတာတွေကြောင့် people pleaser ဖြစ်မှန်းမသိ ဖြစ်သွားရတာမျိုးပါ။
ဒီထက်ပိုပြီး နားလည်လွယ်အောင် ဥပမာပေးရရင်
** Parenting style ပါ။
ငယ်စဉ်ဘဝက မိဘအုပ်ထိန်းသူတွေရဲ့ ထိန်းကျောင်းမှုပုံစံ (parenting style) က အလွန်ကိုမှ အရေးကြီးပါတယ်။
ဖိနှိပ်ချုပ်ချယ်မှုများလွန်းတဲ့ မိသားစုကနေ ကြီးပြင်းလာရသူတွေ၊ သားသမီးအပေါ် မျှတမှုမရှိတဲ့ မိဘတွေကို ပိုင်ဆိုင်ထားရသူတွေ၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သဘောထားကောင်းဖို့ သည်းခံဖို့သာ သင်ကြားခြင်းခံခဲ့ရသူတွေ၊ မိဘတွေရဲ့ အမြဲလိုလိုအပြစ်တင်စကားကိုသာ ကြားနေရသူတွေ စတဲ့သူတွေဟာ မိမိအုပ်ထိန်းသူရဲ့ အကောင်းမြင်မှုရအောင်၊ ချီးကျူးခံရအောင်၊ မျက်နှာမပျက်အောင် ကြိုးစားရင်းကနေ အကျင့်တစ်ခုလိုဖြစ်ပြီး အခြားသူတွေကိုပါ ပျော်ရွှင်စေဖို့ ကြိုးစားကြပါတော့တယ်။
စွန့်ပစ်ခံရမှာကြောက်တဲ့စိတ်၊ အပြစ်တင်ခံရမှာ စိုးတဲ့စိတ်၊ အထီးကျန်မှာ စွပ်စွဲပြောဆိုတာခံရမှာ စတဲ့စိတ်တွေက ကြီးစိုးလွန်းနေတဲ့အတွက် အင်မတန်မှ စိတ်ပင်ပန်းနေရရှာသူတွေလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ မိဘတွေက ကိုယ့်သားသမီးရဲ့အားသာချက်၊ ကြိုးစားမှု စတာတွေကို အသိအမှတ်ပြုပေးခြင်းဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးအတွက် အလွန်အင်မတန်ကိုမှ အရေးကြီးတယ်ဆိုတာကို ကြားဖြတ်သတိပေးပါရစေရှင်။
ပင်ကိုယ်ဗီဇကဲ့သို့သော အကြောင်းအရင်းတွေ အများကြီးလည်း ရှိနေပေမယ့် အဓိကကျတဲ့ အကြောင်းအရင်းကတော့ မိသားစုနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့်ပဲ ဖြစ်ပါတယ်။
ဒီလို personality မှာလည်း ကောင်းကျိုး၊ ဆိုးကျိုး ရှိပါတယ်။ လိုက်လျောတတ်တဲ့ ကိုယ့်အမူအကျင့်ကြောင့် လူမှုဆက်ဆံရေးကောင်းတာ၊ အကူအညီလိုတဲ့အခါ ပြန်ကူနိုင်သူ ပေါများတာ၊ တည်မြဲတဲ့ဆက်ဆံရေးကို ဖန်တီးနိုင်တာတွေဟာ ကောင်းကျိုးတွေဖြစ်သလို . . .
ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တာ၊ လစ်လျူရှုတာ၊ အခြားသူတွေရဲ့အကြိုက်ကိုပဲ လိုက်ပေးနေရတဲ့အတွက် စိတ်ဖိစီးမှုများတာ၊ အခြားသူတွေက မိမိရဲ့ ကြင်နာမှုကို အလွဲသုံးစားလုပ်ပစ်တာ၊ “No” လို့ မငြင်းတတ်တဲ့အတွက် လုပ်ငန်းခွင်မှာလည်း အလုပ်ဒဏ်ကို ပိုခံရတာမျိုး ကြုံရတတ်ပါတယ်။
.
ဒါဆို ဘယ်လိုပြုပြင်ပြီး ကာကွယ်ထိန်းကျောင်းကြည့်ကြမလဲ။
၁။ ငြင်းတတ်ဖို့ သို့ No လို့ပြောတတ်ဖို့ လေ့ကျင့်ပါ။
ယဉ်ကျေးသောနည်းလမ်းဖြင့် “ တောင်းပန်ပါတယ်။ ဒါကိုမလုပ်နိုင်သေးလို့ပါ။ မအားသေးလို့ပါ” စသဖြင့် စမ်းပြောကြည့်ပါ။
.
၂။ သင့်တော်သော အဓိပ္ပာယ်ရှိသော အကူအညီ၊တာဝန်များကိုသာ လက်ခံပါ။
မိမိရဲ့ လူအင်အား အချိန်အင်အားကို သေချာချိန်ဆပြီး လုပ်နိုင်လောက်မယ့် အလုပ်မျိုးကိုသာ လက်ခံပါ။ ဦးစားပေးအဆင့်လေးတွေ သတ်မှတ်ပြီး ချရေးထားကြည့်ပါ။
.
၃။ မိမိလိုအပ်ချက်တွေကိုလည်း သတိပြုကြည့်ပါ။
မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့၊ မိမိဝါသနာနဲ့ လုပ်ချင်တဲ့ရည်မှန်းချက်တွေကိုလည်း အလေးပေး အချိန်ပေးသင့်ပါတယ်။
.
၄။ အခြားသူတွေရဲ့ သဘောထားကို တအားအလေးထားတာ၊ အကောင်းမြင်အောင် လုပ်ချင်စိတ်များလွန်းတာကို လျှော့ပါ။
.
၅။ မိမိကိုယ်ကိုယ် ချီးကျူးပေးပါ။ မိမိလုပ်နိုင်ခဲ့တဲ့အရာတွေအတွက် မိမိကိုယ်ကိုယ် ဂုဏ်ယူပါ။ ဂုဏ်ပြုပါ။
မိမိကိုယ်ကိုယ် လေးစားတတ်ခြင်းဟာ အခြားသူတွေရဲ့မိမိအပေါ်အမြင်ကိုလည်း အထင်ကြီးစေရာရောက်ပါတယ်။
.
၆။ စိတ်ခံစားချက်တွေကို ထိန်းကျောင်းပါ။
အခြားသူရဲ့ပြဿနာတိုင်းဟာ မိမိတာဝန်မဟုတ်ကြောင်း နားလည်ပါ။ လက်ခံပါ။
၇။ အကူအညီတောင်းဖို့ကိုလည်း မကြောက်ပါနဲ့။
လိုအပ်ပါက မိသားစု၊ သူငယ်ချင်း သို့မဟုတ် စိတ်ကျန်းမာရေးအထောက်အပံ့ပေးသူများနဲ့ ဆွေးနွေးပါ။ မရှက်ပါနဲ့။
…
…
ပြန်ချုံ့ရရင်တော့ people pleaser မဖြစ်အောင် မိမိရဲ့လိုအပ်မှုတွေကို အဓိကထားပါ။ မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။ မိမိကိုယ်ကိုယ် ချစ်မြတ်နိုးပါ စတဲ့အရာလေးတွေဟာ ယဉ်ကျေးစွာနဲ့ No လို့ပြောတတ်ဖို့အတွက် လေ့ကျင့်ရာမှာ အရေးကြီးပါတယ်။
ဒါမှသာလျှင် ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် အလေးထားတတ်ပြီး စိတ်ဖိဖီးမှုလျော့နည်းကာ မိမိတို့ရဲ့စိတ်ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးကို ရေရှည်ပိုမိုကောင်းမွန်နိုင်စေမှာ ဖြစ်ပါတယ်ရှင်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.