ကျွန်မတို့ လူတစ်ဦးတစ်ယောက်စီတိုင်းမှာ ကိုယ့်ရဲ့ငယ်ဘဝ ဖြတ်သန်းခဲ့ရစဉ်ကာလက ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု၊ ရှက်ရွံ့မှု၊ ကြောက်ရွံ့မှု၊ လွတ်လပ်မှု၊ ချစ်ခင်မှု စတဲ့ အမှတ်တရစိတ်ခံစားချက်လေးတွေ ရှိခဲ့ကြမှာ အသေအချာပါပဲ။ အဲဒါတွေနဲ့ဆက်စပ်နေတဲ့ ငယ်ဘဝအစိတ်အပိုင်းလေးဟာ ကျွန်မတို့ရဲ့ inner child လေးပဲ ဖြစ်ပါတယ်။
ဒီအမှတ်တရတွေဟာ ပြန်စဉ်းစားမိတဲ့အခါ ပြုံးမိတဲ့ အခိုက်အတံ့လေးတွေ ဖြစ်ချင်ဖြစ်မယ်၊ ပြန်သတိမရချင်တဲ့ မေ့ကောင်းစရာ အတိတ်တွေလည်း ဖြစ်ချင်ဖြစ်မယ်… ဒါတွေကို ကိုယ့်နည်းကိုယ့်ဟန် သယ်ပိုးကြီးပြင်းလာရင်းနဲ့ပဲ လက်ရှိလူကြီးဖြစ်တဲ့ ကျွန်မတို့ ဖြစ်လာကြပါတယ်။
Inner child လေးက ကျွန်မတို့ရဲ့ ဖန်တီးနိုင်စွမ်း စိတ်ကူးစိတ်သန်းတွေနဲ့ ပျော်ရွှင်လိုစိတ် စူးစမ်းလိုစိတ်တွေကို လှုံ့ဆော်ပေးနိုင်တဲ့ အဓိက အစိတ်အပိုင်းလေးဆိုရင်လည်း မမှားပါဘူး။
ဒါကြောင့်ပဲ ကျွန်မတို့ ကလေးဘဝရဲ့ လွှမ်းမိုးမှုတွေ၊ မှတ်ဉာဏ်တွေ၊ စိတ်ခံစားမှုတွေဟာ လက်ရှိ ကျွန်မတို့ရဲ့ စိတ်ခံစားမှုတွေ၊ ဆက်ဆံရေးတွေ၊ ဆုံးဖြတ်ချက်တွေအပေါ် မှာလည်း အများကြီး အကျိုးသက်ရောက်မှုရှိကြပါတယ်။
ဒီတော့ ကျွန်မတို့ရဲ့ inner child ဆိုတဲ့ ဒီအစိတ်အပိုင်းလေး . . .
- နာကျင်နေလား
- အထီးကျန်ဝမ်းနည်းနေလား
- ခံပြင်းမုန်းတီးမှုနေရှိနေလား
- ရှက်ရွံ့သိမ်ငယ်နေလား
- ကြောက်လန့်တုန်လှုပ်နေမလား
- ပျော်ရွှင်မြူးတူးနေလား
- ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေလား စတာတွေအပေါ်လိုက်ပြီး လက်ရှိကျွန်မတို့ရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း ချို့တဲ့ခြင်းတွေ ဖြစ်လာရတဲ့အခါ ..
ဒီ Inner Child ကို ဂရုစိုက်ဖို့၊ ချစ်ခင်ပေးဖို့ ၊ ကလေးဘဝက ထိခိုက်နာကျင်မှုတွေ၊ စိတ်ဒဏ်ရာတွေ၊ ခံစားချက်တွေကို ပြန်လည်သုံးသပ်ပြီး ကုစားဖို့လည်း လိုအပ်လာပါတယ်။
ဒီအတွက် . . .
🟨 ခံစားချက်တွေကို လက်ခံပါ
ဦးစွာ ကလေးဘဝက စိတ်ခံစားချက်တွေကို လက်ခံပြီး နာကျင်နေတဲ့ အစိတ်အပိုင်းလေးတွေကို နားလည်ပေးဖို့လိုပါတယ်။
.
🟨 ပျော်ရွှင်မှုကို ရှာဖွေပါ
ကလေးဘဝက ပျော်ရွှင်မှုလေးတွေကို ပြန်စဉ်းစားပြီး လက်တွေ့ဘဝမှာ ပျော်ရွှင်ခြင်းကို ပြန်လည်ရှာဖွေကြည့်ပါ (သေးငယ်သော အရာလေးတွေ ဖြစ်ဖြစ်ပေါ့)
.
🟨 မိမိကိုယ်ကိုယ် ချစ်ပါ
ကလေးဘဝက မိမိကို ပြန်မြင်ယောင်ကြည့်ပြီး . . .
ထွေးပွေ့ပေးပါ
နွေးထွေးစေပါ
ကိုယ်သူ့ကို ဘာတွေစကားပါးချင်လဲ
သူ့ဆီကနေ ဘာတွေနားထောင်ပေးချင်လဲ
သူ့အတွက် ဘာတွေလုပ်ပေးချင်လဲ
သူ့ရဲ့ အိပ်မက် ဆန္ဒတွေကို ပြန်မေးကြည့်ပါ။
တစ်ဖန်ထပ်ပြီး ထွေးပွေ့ပေးပါ ကြင်နာပေးပါ။
ကျွန်မတို့စိတ်အတွင်းတစ်နေရာမှာ ခိုအောင်းနေတဲ့ ဒီ inner child လေး ကျန်းမာနေမှသာ ကျွန်မတို့ရဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေသာမကဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ မိမိကိုယ်ကိုယ် လေးစားမှုကိုပါ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ အတွင်းစိတ်လေးဖြစ်တဲ့ inner child လေးကို ဂရုတစိုက်ပျိုးထောင်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကိုရရှိပြီး ကျန်းမာတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်စေဖို့ ရည်စူးရေးသားလိုက်ရပါတယ်ရှင်….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.