ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ သူအသည်းကွဲတုန်းကအကြောင်းကို ပြန်ပြီးဖောက်သည်ချပြပါရစေ။

‎အရင်က သူဟာ အားကစားဆို ဝေးရော။ လမ်းလျှောက်တာလေးလောက်ကိုတောင် မလုပ်ချင်တဲ့သူပါ။ ဒါပေမယ့် အသည်းကွဲပြီးနောက်ပိုင်း နေမရထိုင်မရ ဖြစ်နေရှာတာနဲ့ “ စိတ်ထွက်ပေါက်အဖြစ် Gym လေးသွားဆော့ကြည့်ပါလား” လို့ ကျွန်တော်က အကြံပေးလိုက်ပါတယ်။

‎အစပိုင်းမှာတော့ သူက ညည်းပါတယ်။ “ တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ။ မသွားချင်တော့ဘူး” လို့ ဆိုပြီးပေါ့။ ဒါပေမယ့် သူက ဇွဲမလျှော့ဘဲ ဆက်သွားတယ်။ တစ်ပတ်၊ နှစ်ပတ်ကြာတဲ့အခါ သူ့ဆီကလာတဲ့ စကားသံက ပြောင်းသွားပါတယ်။ “ ဆရာရေ… Gym ဆော့ပြီးပြန်လာရင် လူက ပင်ပန်းနေပေမယ့် စိတ်ထဲမှာ တအားကြည်လင်ပြီး နေလို့ကောင်းနေတယ်။ အရင်လို ဝမ်းနည်းတာတွေ မရှိတော့သလိုပဲ” တဲ့။

‎အခုဆို သူက Gym မသွားရရင် မနေနိုင်ဖြစ်နေပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကလည်း အရင်ကထက် အများကြီးပိုကောင်းလာတာကို တွေ့ရပါတယ်။

‎သူ့ပြဿနာကို ကုသပေးလိုက်တာက အချိန်ဆိုတဲ့ သမားတော်တစ်‌ယောက်တည်း မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်ထဲကနေ ကြွက်သားတွေနာကျင်တဲ့အခါ သဘာဝအတိုင်းထွက်လာတဲ့ “ နာကျင်မှုသက်သာစေတဲ့ဟော်မုန်း” လို့ခေါ်တဲ့ “ Endorphins (အန်ဒိုဖင်)” တွေရဲ့ စွမ်းပကားကြောင့်လည်း ပါပါတယ်။
‎…
‎…

‎” အန်ဒိုဖင်” အကြောင်းကို ရှင်းမပြခင် တစ်ခုလောက် ပြောပြပါရစေ။ လူအများစုက “ ပျော်ရွှင်မှု” လို့ပြောလိုက်ရင် ဒိုပါမင်း (Dopamine) ကိုပဲ ပြေးမြင်တတ်ကြတယ်။ တကယ်တမ်းကျတော့ “ ဒိုပါမင်း” က “ လိုချင်တပ်မက်မှု” ဖြစ်ပြီး “ အန်ဒိုဖင်” ကတော့ “ နာကျင်မှုကို ကျော်လွှားပြီးမှရတဲ့ ငြိမ်းချမ်းမှု” ဖြစ်ပါတယ်။

‎အန်ဒိုဖင် (Endorphins) ဆိုတဲ့ စကားလုံးက “ Endogenous Morphine” ကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ “ ခန္ဓာကိုယ်အတွင်းထဲမှာပဲ ထုတ်လုပ်တဲ့ မော်ဖင်း (ဘိန်း)” ပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ အပြင်က ဆေးဝါးမလိုဘဲ နာကျင်မှုကို သက်သာစေပြီး စိတ်ကိုငြိမ်းချမ်းစေတဲ့ ဓာတ်ပစ္စည်းကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။
‎.

‎🍀” အန်ဒိုဖင်” ရဲ့ အာနိသင်တွေက ဘာတွေဖြစ်မလဲ🍀

‎၁။ The Runner’s High

‎အားကစား ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ ဒါမှမဟုတ် မိုင်ဝေးဝေးပြေးတဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနာကျင်လာပါတယ်။ ဒါကြောင့် အဲဒီနာကျင်မှုကို ခံနိုင်ရည်ရှိအောင် ဦးနှောက်က “ အန်ဒိုဖင်” တွေကို ထုတ်ပေးလိုက်ပါတယ်။ အဲဒီအခါ “ Runner’s High” လို့ခေါ်တဲ့ “ နာကျင်မှုတွေပျောက်ပြီး လေထဲဝဲနေသလို ကြည်နူးစိတ်မျိုး” ကို ခံစားလိုက်ရတာပါ။ ဟိုင်း (High) ချင်ရင် တခြားဆေးတွေ သုံးနေစရာမလိုပါဘူး။ ချွေးလေးထွက်လာအောင် ပြေးပေးလိုက်ရုံပဲနော်။ (“ ဟိုင်း” တဲ့ကိစ္စလည်း ဆုံးမစာအရှည်ကြီးနဲ့ သာသာနဲ့နာနာ နှက်ပေးဦးမယ်။ လာမယ် ကြာမယ်နော်)


‎၂။ Survival Mechanism (ရှင်သန်ရပ်တည်မှုအတွက် လိုအပ်ချက်)

‎ရှေးခေတ်လူသားတွေမှာ လူလူချင်းအမဲလိုက်တာမျိုး ရှိကြပါတယ်။ အဲဒီအခါမှာ အမဲလိုက်ခံရသူဟာ ဒဏ်ရာရပြီးတာတောင်မှ ချက်ချင်းလဲကျမသွားဘဲ ဘေးကင်းရာကို ဆက်ပြေးနိုင်တာဟာ “ အန်ဒိုဖင်” ရဲ့ အာနိသင်ကြောင့်ပါ။ ဒါဟာ သဘာဝတရားက ဖန်တီးပေးထားတာပေါ့။ နာကျင်မှုကို “ ခေတ္တထုံဆေး” သဘောမျိုး ဖုံးကွယ်ပေးထားပြီး အသက်ရှင်ဖို့ ခွန်အားပေးတာ ဖြစ်ပါတယ်။
‎…
‎…

‎🍀ဒါဆိုရင် “ အန်ဒိုဖင်” က ဘာတွေလုပ်‌ပေးသလဲ🍀

‎🧠 ဦးနှောက်အတွက်ဆိုရင်

‎✅နာကျင်မှုကို သိသိသာသာ လျော့နည်းစေပါတယ်။ (မော်ဖင်းထိုးထားသလိုမျိုး အာနိသင်ရှိပါတယ်)
‎✅စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပြီး စိတ်တည်ငြိမ်မှုကို ရစေပါတယ်။
‎✅စိတ်ဓာတ်ကျတာကို သက်သာစေပြီး ကြည်နူးမှု (Euphoria) ကို ဖြစ်ပေါ်စေပါတယ်။
‎.

‎🏋🏾 ခန္ဓာကိုယ်အတွက်ဆိုရင်လည်း

‎✅ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးလို့ ရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းဟာ ပိုကောင်းလာပါတယ်။
‎✅သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
‎✅အမျိုးသမီးတွေရဲ့ မီးဖွားချိန်မှာ နာကျင်မှုကို ခံနိုင်ရည်ရှိအောင် အဓိကကူညီပေးတာကလည်း ဒီဟော်မုန်းပါပဲနော်။
‎…
‎…

‎🍀” အန်ဒိုဖင်” နည်းနေရင်ကော ဘာတွေဖြစ်လာမလဲ🍀

‎လက်ရှိအခြေအနေလိုမျိုးမှာ ရှည်ကြာလှတဲ့ စိတ်ဖိစီးမှုတွေနဲ့ လှုပ်ရှားမှုနည်းပါးတဲ့ နေထိုင်မှုပုံစံတွေကြောင့် “ အန်ဒိုဖင်” ထွက်နိုင်မှုက ကျဆင်းသွားနိုင်ပါတယ်။ “ အန်ဒိုဖင်” မထွက်တော့ရင် ဘာတွေဖြစ်နိုင်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

‎😥 နည်းနည်းလေး ထိခိုက်မိတာနဲ့ အကြီးအကျယ် နာကျင်နေမယ်။ ခေါင်းကိုက်တာ၊ ခါးနာတာတွေလည်း မကြာခဏ ဖြစ်မယ်။ ဆေးသောက်လည်း မပျောက်နိုင်ပါဘူး။

‎😔 အကြောင်းရင်းမရှိဘဲ ဝမ်းနည်းနေမယ်။ စိတ်ဓာတ်ကျလွယ်မယ်။

‎😡 စိတ်တိုလွယ်မယ်။ စိတ်ခံစားချက် အတက်အကျ မြန်မယ်။


‎😴 ညဘက် အိပ်မပျော်တာ၊ အိပ်ရေးမဝတာတွေလည်း ဖြစ်တတ်ပါတယ်။
‎…
‎…

‎🍀” အန်ဒိုဖင်” က များလွန်းရင်ရော ဘာတွေဖြစ်မလဲ🍀

‎သဘာဝအတိုင်းမဟုတ်ဘဲ ပြင်းထန်လွန်းတဲ့ လေ့ကျင့်ခန်းတွေကို အလွန်အကျွံလုပ်မိရင် “ အန်ဒိုဖင်” တွေဟာ အများကြီးထွက်လာတတ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ပြီးမှ စိတ်သက်သာရာရစေတာမျိုး (Self-harm) တွေကြောင့်လည်း “ အန်ဒိုဖင်” တွေက အများကြီးထွက်တတ်ပါတယ်။

‎ဒါကြောင့် စိတ်ဖိစီးမှုများပြီး စိတ်ဓာတ်ကျတဲ့သူတွေဟာ ထွက်ပေါက်ရလိုရငြားနဲ့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ပြီး စိတ်သက်သာရာရအောင် လုပ်တတ်ကြပါတယ်။

‎ထွက်လာတဲ့ “ အန်ဒိုဖင်” ကြောင့် ခဏတာမှာ သက်သာသလို ခံစားရပေမယ့် ရေရှည်မှာတော့ အနာတရဖြစ်နေတာကို မသိနိုင်တော့တာကြောင့် ရောဂါပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
‎…
‎…

‎🍀အဲဒီတော့ “ အန်ဒိုဖင်” ကို သဘာဝအတိုင်း ဘယ်လိုတိုးမြှင့်ကြမလဲ🍀

‎” အန်ဒိုဖင်” ရဖို့အတွက် ဆေးထိုးစရာမလိုပါဘူး။ အခုပြောပြမယ့် နည်းလမ်းတွေနဲ့တင် သဘာဝအတိုင်း ထုတ်ယူလို့ရပါတယ်။

‎🏃 ချွေးထွက်စေတဲ့ လေ့ကျင့်ခန်း လုပ်ပါ။

‎အထူးသဖြင့် နှလုံးခုန်မြန်စေတဲ့ Cardio, Running သို့မဟုတ် High-Intensity Interval Training (HIIT) ကစားနည်းတွေက “ အန်ဒိုဖင်” ကို အများဆုံးထွက်စေပါတယ်။ “ အနာခံမှ အသာစံရမယ်” ဆိုတဲ့ သဘောတရားအတိုင်းပါပဲ။
‎.

‎🤣 အသံထွက်‌အောင် ရယ်မောပါ။

‎သူငယ်ချင်းတွေစုပြီး ထွေရာလေးပါပြောရင်း၊ စရင်းနောက်ရင်းနဲ့ အားရပါးရ ရယ်မောလိုက်တဲ့အခါမျိုး၊ ဟာသကားကြည့်ပြီး ရယ်လိုက်တဲ့အခါမျိုးတွေမှာ “ အန်ဒိုဖင်” တွေဟာ ထွက်လာတတ်ပါတယ်။ ရယ်မောခြင်းက အကောင်းဆုံး ဆေးတစ်လက်ဆိုတာ တကယ်ပါနော်။
‎.

‎🌶️ သဘာဝအစပ်တွေကို စားပါ။

‎ဒါက စိတ်ဝင်စားစရာပါ။ ငရုတ်သီးရဲ့ အစပ်အရသာက လျှာမှာရှိတဲ့ “ နာကျင်မှုအာရုံခံဆဲလ်တွေ” ကို သွားဆွပေးပါတယ်။ အဲဒီအခါမှာဦးနှောက်က “ ဪ… နာနေပါလား” ဆိုပြီး “ အန်ဒိုဖင်” တွေကို လွှတ်ပေးလိုက်ပါတယ်။ ဒါကြောင့် အစပ်စားပြီးရင် ကျေနပ်ပြီး နေလို့ကောင်းနေတာပေါ့။
‎.

‎🍫 ချောကလက်စားရင် အခါးကိုစားပါ။

‎‌ ချောကလက်အခါးဖြစ်တဲ့ Dark Chocolate မှာပါတဲ့ ဒြပ်ပေါင်းတွေက “ အန်ဒိုဖင်” ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။ ပမာဏနည်းနည်း (တစ်တုံး၊ နှစ်တုံး) စားပေးရုံနဲ့ လုံလောက်ပါတယ်နော်။
‎.

‎🎨 ဂီတနဲ့ အနုပညာကို အဖော်ပြုပါ။

‎ကိုယ်ကြိုက်တဲ့သီချင်းကို အော်ဆိုလိုက်တာ၊ ကခုန်လိုက်တာ ဒါမှမဟုတ် အနုပညာဖန်တီးမှု တစ်ခုခုလုပ်တာကလည်း စိတ်ကိုကုစားပေးရုံသာမက “ အန်ဒိုဖင်” ကိုလည်း ထွက်စေနိုင်ပါတယ်။
‎…
‎…

‎ဒီလောက်ဆိုရင် “ အန်ဒိုဖင်” ဆိုတာ “ ပျော်ရွှင်မှု” သက်သက်မဟုတ်ဘဲ “ ဘဝရဲ့နာကျင်မှုတွေကို ကျော်ဖြတ်ဖို့ ပေးထားတဲ့ သဘာဝလက်ဆောင်” ဆိုတာကို သဘောပေါက်လောက်ပါပြီ။

‎ဘဝမှာ စိတ်ညစ်စရာ၊ ပင်ပန်းစရာတွေ ကြုံလာရတိုင်း အိပ်ရာထဲ ကွေးနေမယ့်အစား ထပြီး လေ့ကျင့်ခန်းလုပ်လိုက်တာ၊ ရယ်မောလိုက်တာတွေက သင့်ဦးနှောက်ကို ပြန်လည် ကုစားပေးနိုင်ပါတယ်။ နာကျင်နေရင်တောင်မှ ရယ်ကျဲကျဲလုပ်နိုင်တာဟာ “ အန်ဒိုဖင်” ကြောင့်ပဲဆိုတာကိုတော့ မမေ့ပါနဲ့။

‎ဘဝတက်လမ်းအတွက် နာကျင်မှုတွေကို ကောင်းကောင်း အသုံးချတတ်တဲ့သူတွေ ဖြစ်ကြပါစေဗျာ…..။

‎စေတနာဖြင့်
‎အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here