Hello
ကျွန်တော် Dr Harry ပါ။
တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။
လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊ ပျင်းတာနဲ့ အချိန်ဆွဲရင်း အခုရက်ပိုင်းတော့ အားတုန်းလေး case လေးတစ်ခုကို မှတ်တမ်းအနေနဲ့ ရေးပါဦးမယ်။
…
…
ကျွန်တော့်ခွဲစိတ်ခန်းက C ဆရာဝန်တစ်ယောက်၊ C nurse တစ်ယောက်နဲ့ ဒေသခံအဖွဲအစည်းက လူထုကျန်းမာရေးလုပ်သားလေး ၁၀ ယောက်ဝန်းကျင်နဲ့ လည်ပတ်နေတာပါ။ နယ်မြေအနေအထားရ လူနာလွှဲပြောင်းဖို့ ခက်ခဲတော့ ဝန်ထမ်းအင်အား၊ ခွဲခန်း facility နဲ့မလိုက်အောင် case ကြီးကြီးမားမားတွေကို ခက်ခက်ခဲခဲနဲ့ လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ကြရပါတယ်။
ဒဏ်ရာရရဲဘော်တွေက နေ့စဉ်နီးပါး တဖွဲဖွဲရောက်လာနေပြီး၊ စစ်ဘေးရှောင် လူနာတွေကိုလည်း ခွဲစိတ်မွေးဖွားခြင်းနဲ့ အရေးပေါ်ခွဲစိတ်ကုသမှုတွေ လုပ်ရပါတယ်။ ဆရာဝန်က ကိုယ်တစ်ယောက်ပဲရှိတော့ ခွဲစိတ် မှုအပြင် မေ့ဆေး၊ လက်ထောက်ခွဲစိတ်အကူ၊ ခွဲစိတ်ကိရိယာတွေ ပြင်ဆင်တာ အပါအဝင် အစစအရာရာကို ကြီးကြပ်ပြီး ပြင်ဆင်ရပါတယ်။
ဆရာဝန်တစ်ယောက်ထဲပေမယ့် အဖွဲ့ထဲမှာရှိတဲ့ သူနာပြုအပါအဝင် ကျန်းမာရေးလုပ်သားကလေးတွေက ကိုယ်နဲ့အတူ သုံးနှစ်လောက် ခွဲစိတ်မှုတွေမှာ အတူတူ လုပ်လာခဲ့ကြတော့ စနစ်တကျနဲ့ ထောင့်စေ့အောင် ကူညီပေးနိုင်နေကြပါပြီ။ သူတို့အားကိုးနဲ့ပဲ မဖြစ်နိုင်ဘူးထင်တဲ့ case ပေါင်းများစွာကို အောင်မြင်စွာခွဲစိတ်ပြီး ကယ်နိုင်ခဲ့တာချည့်ပါပဲ။
လာသမျှ လူနာတွေဆိုတာကလည်း မခွဲရင်သေမယ်၊ ခွဲရင်လည်း သေဖို့များတယ်ဆိုတာမျိုးက ခပ်များများပါ။ လွှဲဖို့ကလည်း လမ်းခရီးအခြေအနေအရရော လူနာအခြေအနေရရော ဘယ်လိုမှ မဖြစ်နိုင်တော့ တတ်သမျှမှတ်သမျှကို ဘုရားပေါင်းစုံတပြီး ခွဲနေရတာပေါ့လေ။ ဒီကြားထဲ ခွေးတွေအန္တရာယ်ကလည်းကြောက်ရတော့ နေရာရွှေ့ရွှေ့ပြီး လုပ်ကြရပါတယ်။
ခွဲစိတ်ခန်းလေးရဲ့ အခြေအနေကို သိအောင် ရေးပြရင်း လိုရင်းမရောက်ဘဲ စာကတော်တော်ရှည်နေပါပြီ။
…
…
အဲဒီနေ့က ကျွန်တော်ရဲ့ ပုံမှန် ခွဲခန်းရက်ပါ။ တစ်ပတ်မှာတစ်ရက် အရေးပေါ်မဟုတ်တဲ့ case တွေကို ခွဲပါတယ်။ ကလေးခွဲမွေးတာ၊ အူကျ၊ အလုံးအကျိတ် အစုံပေါ့။ ကျန်တဲ့ရက်တွေကတော့ အရေးပေါ် case တွေ ရှိရင်ရှိသလို လုပ်ရပါတယ်။
ညဘက်က မဗိုက်တစ်ယောက်ကို အရေးပေါ် ခွဲစိတ် မွေးထားရပြီး အိပ်ချိန်မရဘဲ ချိန်းထားတဲ့ case တွေကို ဆက်ခွဲနေကြတာပါ။ အူကျတဲ့ လူနာတစ်ယောက်နဲ့ ကျန်တာကတော့ တခြား အလုံးအကျိတ်လေးတွေ နှစ်ကေ့စ် ရှိပါတယ်။
အူကျလူနာခွဲပြီး ဒုတိယ case ပြင်နေတုန်း ရှေ့တန်းက ဖုန်းဝင်လာပါတယ်။ ရဲဘော်လေးယောက် ထိထားတယ်။ တစ်ယောက်ကတော့ မရလောက်တော့ဘူး။ သူ့နေရာပဲ တန်းပို့မယ်။ ကျန်တဲ့သုံးယောက်ကိုတော့ ဆေးခန်းကိုပို့မယ်လို့ ပြောပါတယ်။
ကိုယ်လည်း မသေသေးရင်တော့ ဒီကိုသာ အရင်ပို့ပါ။ ဆရာဝန်ကြည့်ပြီးမှ မရရင်လည်း တစ်မျိုးပေါ့ဆိုပြီးအကုန်ခေါ်လိုက်ပါတယ်။
လူနာတွေမရောက်ခင် ခွဲလက်စတွေကို အမြန် လက်စသတ်ရပါတယ်။ ပြီးတာနဲ့ ခုတင်လေးခု အဆင်သင့်ပြင်ပြီး လိုနိုင်တာတွေကို တစ်ခုချင်း ပြင်ဆင်နေကြပါတယ်။
ရှေ့တန်းဆေးမှူးဆီက ဖုန်းထပ်ဝင်လာတော့ လူနာတွေအကုန်ခေါ်လာနေပြီ။ မရတော့ဘူးဆိုတဲ့ တစ်ယောက်က လည်ပင်းကို ထိထားတာဖြစ်ပြီး လမ်းမှာ သုံးကြိမ် အသက်ရှူရပ်သွားလို့ CPR လုပ်လိုက်၊ ပြန်ရလိုက် ဖြစ်နေပါတယ်တဲ့။ ကိုယ့်ဘက်မှာတော့ သိပ်မရှိနိုင်တော့ဘူးလို့ ယူဆထားရပါတယ်။
ကိုယ်တွေလည်း အဆင်သင့်စောင့်နေပြီး နာရီဝက်အကြာမှာ လူနာတွေ ရောက်လာပါတယ်။ အကုန်လုံးကိုအကြမ်းဖျင်းပတ်ကြည့်ပြီး အရေးပေါ်အဆင့် ခွဲရပါတယ်။ လည်ပင်းထိထားတဲ့လူနာက သွေးထွက်လွန်ပြီး Shock ရနေပါတယ်။ လောလောဆယ်မှာတော့ လည်ပင်းကဖောင်းနေပြီး သွေးခဲနဲ့ပိတ်နေတော့ သွေးက အပြင်ကို အများကြီးမထွက်နေပါဘူး။ လူနာ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေပါပြီ။
နောက်တစ်ယောက်က ဗိုက်ကိုထိထားပြီး အူပေါက်တဲ့ လက္ခဏာတွေ ရှိနေပါတယ်။ တတိယလူနာကတော့ လက်တစ်ဖက် ပြတ်သွားပြီး မျက်လုံးနှစ်ဖက်လုံး လက်နက်ကြီးစ ထိထားပါတယ်။ နောက်တစ်ယောက်ကလည်း မျက်နှာနဲ့ မျက်လုံးတစ်ဖက် ထိပါတယ်။
ကိုယ်တွေအဖွဲ့ အနေအထားနဲ့ ဒီလေးယောက်လုံးကို အချိန်မီ မခွဲစိတ်နိုင်ပါဘူး။ လွှဲမယ်ဆို နောက်ဆေးရုံရောက်ဖို့ ရှစ်နာရီလောက် ကြာပါမယ်။ လည်ပင်းထိတဲ့လူနာနဲ့ အူပေါက်တဲ့လူနာတွေက အဲ့လောက်အချိန်ဆို အသက်မမီနိုင်တော့ပါဘူး။ ဒီတော့ သူတို့နှစ်ယောက်ကို ဒီမှာလုပ်ပြီး stable ဖြစ်တဲ့ နောက်လူနာနှစ်ယောက်ကို အရေးပေါ် ကုသမှုပြီးတာနဲ့ လွှဲဖို့စီစဉ်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ လည်ပင်းလူနာက အသက်ရှူရပ်သွားပြီး တဂစ်ဂစ်နဲ့ တက်ပါတော့တယ်။ လည်ပင်းသွေး ကြောမကြီးပေါက်တာ ဖြစ်ဖို့များတယ်။ ဦးနှောက်ကို လုံလောက်တဲ့ သွေးမရတော့တာကြောင့်ရယ်၊ သွေးခဲတွေက လေပြွန်ကိုဖိမိပြီး အောက်စီဂျင်ပြတ်လို့ တက်တာလည်း ဖြစ်နိုင်တယ်။ စိတ်ထဲမှာတော့ ဘယ်လိုမှ မရနိုင်လောက်တော့ဘူးလို့ တွက်ထားလိုက်ပါတယ်။
သွေးအမျိုးအစား အမြန်စစ်ပြီး သွေးရှာဖို့ ပြင်ရပါတယ်။ ဖြစ်ချင်တော့ AB သွေးပါ။ ကြည့်နေရင်းပဲ လည်ပင်းကနေ သွေးတွေ ပန်းထွက်လာပါတယ်။ အပြင်လူနာခုတင်မှာပဲ သွေးတိတ်ဖို့ကြိုးစားရင်း သွေးကြောဖမ်းတဲ့ညှပ်နဲ့ ညှပ်လေ သွေးကထွက်လေနဲ့ ဘယ်လိုမှ မထိန်းနိုင်တော့ပါဘူး။ လည်ပင်းဒဏ်ရာ အပေါက်လေးကနေ လက်သန်းလုံးလောက် သွေးတွေပန်းထွက်နေတာပါ။
ကျွန်တော်တို့တစ်ဖွဲ့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်းမှာပဲ လူနာက နောက်တစ်ကြိမ်ထပ်ပြီး တက်ပြန်ပါတယ်။ ဘယ်လိုမှ လုပ်မရတော့ အရေပြားကနေပဲ တစ်ချက် လုံးချုပ်လိုက်ပြီး ပတ်တီးစတွေနဲ့ ဖိထားရင်း လူနာကို ခွဲခန်းထဲချက်ချင်းထည့်ဖို့ ပြင်ရပါတယ်။ သွေးလှူရှင်လည်း မစောင့်နိုင်တော့ပါဘူး။
ရောက်စက ဓာတ်မှန်လေး ရိုက်ထားမိလို့ လက်နက်ကြီးစကိုတော့ လည်ပင်းအတွင်းပိုင်းမှာ တွေ့ရပါတယ်။ ကိုယ်လည်း မျှော်လင့်ချက်တော့ သိပ်မရှိပေမယ့် အတတ်နိုင်ဆုံးကြိုးစားဖို့ စိတ်ကိုပြင်ဆင်လိုက်ပါတယ်။ လူနာရဲ့ သက်ဆိုင်ရာလူကြီးတွေကိုတော့ အမြန်ရှင်းပြပြီး ခွဲခန်းထဲမှာသေဖို့ ရာနှုန်းပြည့်နီးပါး ဖြစ်နေကြောင်း ပြောလိုက်ပါတယ်။ သူတို့ရှေ့တင် သွေးတွေပန်းထွက်နေတာတွေ့တော့ အခြေအနေကိုတော့ နားလည်ကြပါတယ်။ သူ့တပ်ရင်းကလည်း အစက (ဆေးခန်းမလာတော့ဘဲ) တိုက်ရိုက်ပို့မယ် ပြောထားတော့ အခေါင်းတောင် ပြင်နေပြီဆိုပြီးပြန်ပြောပါတယ်။
အခြေအနေကတော့ အားရစရာ တစ်ကွက်မှမရှိတာပါ။ ကိုယ်လည်း လာမယ့်ဘေး ပြေးတွေ့ ရတော့မှာပဲဆိုပြီး Superhero mood ကို အစွမ်းကုန် on ပြီး ခွဲခန်းထဲ ဝင်ချသွားပါတယ်။
စိတ်ကိုငြိမ်ငြိမ်ထားဖို့ ကြိုးစားရင်း အရင်ဆုံး အသက်ရှူပိုက်ထည့်ဖို့ တွေးမိပါတယ်။ ဒါပေမယ့် သွေးတွေက ထွက်နေတော့ အဲဒါအတွက် အချိန်မရှိတော့ပါဘူး။ မေ့ဆေးကို ခပ်ပါးပါးလေးပေးရင်း ထုံဆေးတွေပတ်ထိုးပြီး အနာကိုဖွင့်၊ သွေးတိတ်အောင် အရင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မေ့ဆေးစက်လည်း မရှိ၊ မေ့ဆေးဆရာဝန်လည်း မရှိတော့ ကိုယ်ပဲ Surgeon၊ ကိုယ်ပဲ မေ့ဆေးပါပဲ။
ခေါင်းရင်း မေ့ဆေးနေရာမှာ စိတ်ချရတဲ့ ကလေးကို ထားပြီး မေ့ဆေးကို စထိုးခိုင်းရပါတယ်။ ခွဲစိတ်ရာမှာ ကျွန်တော့်ကို ကူမှာကတော့ အနီးနားဆေးခန်းက physician assistant တစ်ယောက်နဲ့ ကျွန်တော့် team က လူထုကျန်းမာရေး လုပ်သားလေးတစ်ယောက်ပါ။ ကျွန်တော့် သူနာပြုဆရာမကတော့ ခွဲစိတ်ကိရိယာတွေပေးဖို့ တာဝန်ယူပါတယ်။
အချိန်မရတော့ ခပ်မြန်မြန်ပဲ ပြင်ဆင်ပြီး လုပ်ငန်းစ ကြပါတယ်။ ဒဏ်ရာကိုဖွင့်ပြီး သွေးခဲတွေ ဖယ်ထုတ်ရင်း တစ်ဆင့်ချင်းရှင်းပြီး လည်ပင်းအတွင်းပိုင်းကို ရောက်လာပါတယ်။ သတ္တုအစက သေးပေမယ့် သူဝင်တဲ့လမ်းတစ်လျှောက်က လည်ပင်းကြွက်သားတွေကိုဖြတ်ပြီး လည်ပင်းရိုးဘေးကို ရောက်နေတာပါ။ လည်ပင်းသွေးကြောမကြီးကို ထိတယ်လို့ ခန့်မှန်းမိပေမယ့် စိတ်ထဲမှာလည်း မထိပါစေနဲ့ ဆုတောင်းရင်း ရင်တလှပ်လှပ်နဲ့ လုပ်နေရပါတယ်။
အပေါက်ကို ရသလောက်ရှင်းပြီး လက်ညိုးကို ထည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ကိုယ့်ဆုတောင်း မပြည့်မှန်း ချက်ချင်း သိလိုက်ပါတယ်။ Common Carotid artery လို့ခေါ်တဲ့ လည်ပင်းသွေးကြောမကြီးက ပေါက်နေတာပါ။ လူက သွေးကြောအပေါက်ကို လက်ညိုးထိပ်နဲ့ ဖိထားရင်း ခွဲစိတ်မှုက နှစ်မိနစ်လောက် ရပ်နေပါတယ်။ လက်ညိုးကို လွှတ်လိုက်တာနဲ့ လူနာသေမယ်ဆိုတာကို သိနေတော့ ဘာဆက်လုပ်ရမှန်းမသိအောင် ဦးနှောက်ကထုံနေပြီး မျက်ရည်တွေပါ ကျလာပါတယ်။
ဘဝရဲ့ အခက်ခဲဆုံးအချိန်လို့တောင် ပြောလို့ရမလား မသိပါဘူး။ ဒါမျိုး case ကို ဘွဲ့လွန်ကျောင်းသားဘဝတုန်းကလည်း ခွဲခန်းပေါက်ဝကတောင် မကြည့်ခဲ့ရပါဘူး။ သွေးကြောခွဲစိတ်မှုတွေက စာတွေ့ပဲရှိပြီး ဒါကြီးကလည်း ဦးခေါင်းနဲ့ဦးနှောက်ရဲ့ အဓိကသွေးလွှတ်ကြောကြီးဆိုတော့ တော်တော်လေးကို စိတ်ဖိစီးမှုများပါတယ်။
စိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင် ကြိုးစားပြီး သွေးကြောပေါက်နေတဲ့နေရာရဲ့ အထက်ပိုင်းနဲ့ အောက်ပိုင်းကို ဖြည်းဖြည်းချင်း ရှင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖိထားတဲ့ လက်ညိုးကတော့ ရွှေ့လို့မရပါဘူး။
တစ်ဖွဲ့လုံး ရင်တလှပ်လှပ်နဲ့ လုပ်နေရင်း ၄၅ မိနစ်လောက်အကြာမှာတော့ သွေးကြောအပေါက်ရဲ့ အထက်ပိုင်းနဲ့အောက်ပိုင်းကို သွေးကြောထိန်း ညှပ်ကလေးတွေနဲ့ ကိုင်နိုင်သွားပြီး လက်ညိုးကို လွှတ်လို့ရသွားပါတယ်။
၄၅ မိနစ်လုံး မလှုပ်ဘဲဖိထားရတော့ လက်ညှိုးက ကျဉ်ပြီး ကြွက်တက်ချင်သလို ဖြစ်နေပါတယ်။ ကြားမှာလည်း လူနာအသက်ရှူသေးရဲ့လား ကြည့်ရတာလည်း အမောပါပဲ။
သွေးထွက်တာကိုတော့ ထိန်းလိုက်နိုင်ပါပြီ။ သွေးလှူရှင်လည်း ရလာတော့ သွေးတစ်လုံးပြီးတစ်လုံးဆက်တိုက်သွင်းခိုင်းထားရပါတယ်။ သွေးကြောက သူ့လုံးပတ်ရဲ့ ၃ ပုံ ၂ ပုံလောက် ပြတ်နေပြီး တည်းတည်းလေးသာ ကျန်နေပါတယ်။
သွေးကြောပြန်ဆက်ဖို့ကို အကြံဉာဏ်လိုချင်တာနဲ့ ခွဲခန်းအပေါက်ဝ ခဏထွက်ပြီး ကိုယ့်စီနီယာ ခွဲစိတ်ဆရာဝန်အစ်မကိုပဲ ဖုန်းဆက်ပြီး တိုင်ပင်ရပါတယ်။ ပြီးတာနဲ့ လိုအပ်တဲ့ချုပ်ကြိုး၊ ကိုယ့်ရဲ့ သိန်း ၁၀၀ တန် ခွဲစိတ်မှန်ဘီလူးလေးတပ်ပြီး ပြန်ဆက်ဖို့ ကြိုးစားရပါတယ်။
(အဲဒါလေးရှိတာလည်း ဘုရားမတာပါပဲ။ ရဲဘော်တွေကို တတ်နိုင်သလောက် ခြေတွေလက်တွေ မဖြတ်ရဖို့ သွေးကြောတွေ ပြန်ဆက်မယ်၊ ဝယ်ပေးပါဆိုပြီး ကိုယ်ပူဆာတာကို နှစ်ခါမစဉ်းစားဘဲ ဝယ်ပေးတဲ့ လူကြီးတွေကိုလည်း loupe သုံးတိုင်း ကျေးဇူးတင်ပါတယ်)
အဲလိုနဲ့ သွေးကြောကို သူအရာအတိုင်းလေး တစ်ချက်ပြီးတစ်ချက် ပြန်ချုပ်ပြီး ဆက်လိုက်ပါတယ်။ နောက်ဆုံးတစ်ချက် မရောက်ခင်မှာ သွေးကျဲဆေးလေးကို တိုက်ရိုက်ထိုးထည့်ပြီး လေထုတ်၊ သွေးခဲထုတ်ပြီး ညှပ်တွေကို ဖြုတ်လိုက်ပါတယ်။
ချုပ်ထားတာ သပ်သပ်ရပ်ရပ် အဆင်ပြေပြေနဲ့ပဲ လုံနေပါတယ်။ သွေးကြောလည်း တအားမကျဉ်းသွားဘဲ ပုံမှန်အတိုင်း ပြန်ခုန်နေပြီး လူနာအခြေအနေလည်း တည်ငြိမ်နေပါတယ်။
ခွဲစိတ်မှုကြာချိန်က ၄ နာရီကျော်လာပါပြီ။ ဒဏ်ရာရတဲ့အချိန်ကနေ စတွက်ရင် ၇ နာရီနီးပါး ကြာနေပါပြီ။ ဦးနှောက်ကိုသွားတဲ့ သွေးကြောမကြီးတစ်ချောင်းကို အဲလောက်ကြာအောင် ပိတ်ထားတော့ လူနာကတော့ ကြိမ်းသေပေါက် လေဖြတ်မှာပဲဆိုပြီး တွက်ထား လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ် ခွဲခန်းထဲမသေတာနဲ့တင် တော်တော်အောင်မြင်နေပြီဆိုပြီး စိတ်ကိုတင်းထားရပါတယ်။
လက်နက်စကိုတော့ လည်ပင်းရိုးနဲ့ အာရုံကြောတွေနားမှာ တအားကပ်နေတာနဲ့ မထုတ်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျန်တဲ့ သွေးထွက်တဲ့နေရာတွေ လိုက်ထိန်း၊ ကြွက်သားတွေ သူအလွှာလိုက် ပြန်ချုပ်ရင်း ပိုက်အသေးလေးထည့်ပြီး ခွဲစိတ်မှုကို အဆုံးသတ်လိုက်ပါတယ်။ ဘာဆက်ဖြစ်မလဲ မသိပေမယ့် ခွဲခန်းထဲမှာတော့ မသေတော့ဘူးပေါ့။ အချိန်က ည ၉ နာရီကျော်လောက် ရှိနေပါပြီ။
တစ်ဖွဲလုံးလည်း တအားပျော်နေကြပြီး ကိုယ်လည်း ခြေထောက်နဲ့ ခွဲခန်းကြမ်းပြင် မထိလောက်အောင် မြောက်ကြွမြောက်ကြွ ဖြစ်နေပါတယ်။ လူနာကို အပြင်ထုတ်လိုက်ပြီး အကြာကြီး အောင်ပွဲမခံနိုင်ပါဘူး။ ဗိုက်ထိတဲ့လူနာကို ဆက်ခွဲဖို့ ပြင်ရပါတယ်။
အရင်ည တစ်ညလုံး မအိပ်ရသေးဘဲ တစ်နေ့လုံးလည်း ခွဲထားပြီး ဒီလောက် stress များတဲ့ case ကို လုပ်ထားရပေမယ့် အောင်မြင်မှုကြောင့် ကျွန်တော်အပါအဝင် တစ်ဖွဲ့လုံးတက်ကြွနေပြီး နောက်တစ်ယောက်ဆက်ခွဲဖို့အဆင်သင့်ဖြစ်နေပါတယ်။
ဗိုက်ဖွင့်အူပေါက်တာကတော့ အရင်လည်း လုပ်နေကျဖြစ်တာကြောင့် stress က ပုံမှန်လောက်ပါပဲ။ မေ့ဆေး ထိုးပြီး ဗိုက်ဖွင့်လိုက်တာနဲ့ ဗိုက်ခေါင်းထဲမှာ သွေးတွေ ပြည့်နေပါတယ်။ ဗိုက်နေရာအနှံ စစ်ဆေးလိုက်ပြီး အူကို အစကနေအဆုံး အပြန်အလှန် နှစ်ကြိမ်စစ်လိုက်ပါတယ်။
အူသိမ်မှာ တစ်နေရာ၊ အူမကြီးမှာ သုံးနေရာ ပေါက်နေပြီး အူထိန်းအမြှေးပါတွေလည်း ပြဲနေပါတယ်။ ဗိုက်ထဲမှာ အညစ်အကြေးလည်း မများတာနဲ့ အပေါက်တွေကို တစ်ခါတည်း ချုပ်ပြီးဖာဖို့ ဆုံးဖြတ်ပါတယ်။ ချုပ်စရာ ဖာစရာတွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ပြီး အူကို အစကနေအဆုံး ရေဇလုံထဲထည့်ပြီး လုံ/မလုံ စစ်ဆေးလိုက်ပါတယ်။ မြင်အောင်ပြောရရင် စက်ဘီး ကျွတ်ဖာသလိုမျိုးပါပဲ။ စိတ်ချရပြီဆိုမှ ဗိုက်ထဲကို ရေဆေး၊ ပိုက်နှစ်ချောင်းထည့်ပြီး ဗိုက်ပြန်ပိတ်လိုက်ပါတယ်။ သူ့လက်နက်စကလည်း အူတွေရဲ့အနောက်ကြွက်သားတွေထဲအထိရောက်ပြီး ရှာမတွေ့တော့ပါဘူး။
ခွဲစိတ်မှုကြာချိန် ၄ နာရီလောက် ရှိပါတယ်။ အားလုံးပြီးတော့ မနက် ၅ နာရီနီးပါး ရှိနေပါပြီ။
အကုန်ပြီးမှ ပထမလူနာကို သတိရပြီး အမြန်ထွက်ကြည့်ရပါတယ်။ စိတ်ထင်တာကတော့ သတိလစ်နေမလား၊ တစ်ခြမ်းလေဖြတ်နေမလား တစ်ခုခုပဲပေါ့။ အနားရောက်တော့ လူနာက စကားပြောနိုင်ပြီး ကိုယ့်ကို လက်တွေခြေတွေ လေးဖက်လုံး မြှောက်ပြနေပါတယ်။
တပ်ရင်းမှာ သူဆုံးပြီဆိုပြီး အခေါင်းတောင် ရိုက်နေပြီးမှ ဒီလိုအခြေအနေ ပြန်တွေ့ရတော့ သူ့လူတွေလည်း အလွန်ကို ပျော်နေကြပါတယ်။ ကိုယ်လည်း သူဘယ်လိုများ အသက်ရှင်သွားလဲဆိုတာ တွေးမရ အောင်ပါပဲ။
ဒီဘက်မှာက မဖြစ်နိုင်ဘူးထင်တာတွေလည်း ဖြစ်တတ်တယ်ဆိုတာ အတွေ့အကြုံအရ သိပေမယ့် ဒီ facilities နဲ့၊ ဒီ team နဲ့၊ ဒီ case နဲ့ကတော့ ဘယ်လိုတွေးတွေး မဖြစ်နိုင်တာကြီးပါ။ လုပ်သမျှ အဆင့်ဆင့်တိုင်းမှာ သေဖို့အခွင့်အလမ်းတွေ အများကြီးပါပဲ။ မသေရင်တောင် အနည်းဆုံး ဦးနှောက်ထိခိုက်ပြီး လေဖြတ်မယ်ဆိုတာကတော့ ကြိမ်းသေတွက်ထားတာပါ။
အားလုံးက သေပြီထင်ပြီး အခုလိုအကောင်းပကတိ ပြန်ရတော့ ထီပေါက်သလိုပါပဲ။ လူနာရဲ့ကံရယ်၊ သူ့ခံနိုင်ရည်နဲ့ ကြံခိုင်မှုရယ်၊ ကျွန်တော်တို့ team ရဲ့ တက်ညီလက်ညီနဲ့ အဆုံးထိ လိုက်ဆွဲတတ်တဲ့ လူနာအပေါ်ထားတဲ့ စေတနာကြောင့်လို့ပဲ ဇွတ်သတ်မှတ်လိုက်ပါတယ်။
နောက်ရက်တွေမှာ သူ့ကို တဖြည်းဖြည်း စိတ်ချလာရပေမယ့် အူအပေါက်တွေ ဖာထားတဲ့တစ်ယောက်ကို ပြန်ပွင့်မလား စိတ်ပူရပြန်တာပါပဲ။ ဒါပေမယ့် ၇ ရက်ကျော်အထိ အေးဆေးနဲ့ဖြစ်လာပြီး ဝမ်းသွားလေလည်နဲ့ ပြန်ကောင်းလာပါတယ်။
သေချာအောင် စောင့်ကြည့်ပြီး နှစ်ပတ်ပြည့်တော့ နှစ်ယောက်လုံးကို အကောင်းပကတိ ဆေးရုံကနေ ပေးဆင်းလိုက်နိုင်ပါတယ်။ လွှဲလိုက်တဲ့ နှစ်ယောက်လည်း အဆင်ပြေပါတယ်တဲ့။
…
…
ဒီကာလကြီးမှာ ကြားရတဲ့သတင်းတွေကြောင့် စိတ်ပျက် အားငယ်စရာဆိုပေမယ့် တကယ်အသက်ပေးပြီး တိုက်နေတဲ့လူတွေလည်း အများကြီးပါပဲ။ Facebook ကြည့်ပြီး စိတ်ပျက်နေမယ့်အစား တော်လှန်ရေးအတွက် လုပ်နိုင်တာကို အစွမ်းကုန်လုပ်ကြဖို့ပါပဲ။
နောက်ပြန်လှည့်လို့မှ မရတော့တာ။ ကံတရားကလည်း ကျွန်တော်တို့ဘက်မှာ တကယ်ရှိပါတယ်။ ဒီ case ကိုပဲကြည့်ပါ။
ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကလည်း အမျိုးစုံ ဖြစ်ပျက်နေပြီး ဒုက္ခရောက်နေတာ ကိုယ်တွေချည့် မဟုတ်တော့ပါဘူး။ မနက်ဖြန်သန်ဘက်ခါ အဆစ်တို အဗျင်းခံရပြီး တစ်ဖွဲ့လုံး မာလကီးယားသွားတာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲလေ။ ကိုယ့်ဘက်က လုပ်စရာရှိတာလုပ်နေရင်း တစ်နေ့မှာတော့ အမှန်တရားကပဲ အနိုင်ရတဲ့အချိန်ကို ရောက်လာမှာပါ။
အဖျက်အမှောင့်တွေများပြီး မှောင်မိုက်နေတဲ့အချိန်မှာ တော်လှန်ရေးအပေါ် ယုံကြည်ဖို့၊ ကျွန်တော်တို့အတွက် အသက်ပေးပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအပေါ်မှာ ယုံကြည်ဖို့နဲ့ တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
စာအရှည်ကြီးရေးပြီး ဘယ်လို အဆုံးသတ်ရမှန်းမသိလို့ Harry Potter ထဲက Prof Dumbledore ရဲ့ စကားနဲ့ ပဲ အဆုံးသတ်လိုက်ပါတယ် 😁
“ Happiness can be found, even in the darkest of times, if one only remembers to turn on the light”
Dr. Harry
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

