မေး။ Dexa (ဒက်ခ်ဆာ) ကို စားဝင်အိပ်ပျော်ဖို့ ခဏခဏ သောက်ဖြစ်နေတယ်။ ဈေးလည်းသက်သာ၊ ဝယ်ရလည်းလွယ်တာမို့ အမြဲလိုသောက်ဖို့ သင့်တော်ပါသလား။
ဖြေ။ Dexamethasone (ဒက်ခ်ဆာမီသာဇုမ်း) ဟာ Steroid (စတီးရွိုက်) အုပ်စုဝင် ဆေးဝါးဖြစ်ပါတယ်။
ဒီအုပ်စုထဲမှာ အခြားအသုံးများတဲ့ ဆေးတစ်မျိုးကတော့ Prednisolone (ပရက်ဒနီဆိုလုမ်း) လို့လည်း ခေါ်ပါတယ်။ ဒီအုပ်စုဝင်ဆေးဝါးတွေကို လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။
ဒီဆေးတွေမှာပါဝင်တဲ့ ဓာတုဗေဒဒြပ်ပေါင်းတွေကို လူ့ခန္ဓာကိုယ်မှာလည်း ပုံမှန်အားဖြင့်ထုတ်လုပ်နေပြီး လူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရာမှာ အရေးပါပါတယ်။
အဓိကအားဖြင့် ခန္ဓာကိုယ်တွင်းရှိ သွေးပေါင်ထိန်းညှိခြင်း၊ အချိုဓာတ်ထိန်းညှိခြင်း၊ သွေးတွင်းဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်များ ပုံမှန်ဖြစ်အောင်ထိန်းညှိခြင်းနဲ့ ခုခံအားစနစ် အလုပ်လုပ်တာတွေမှာ ကူညီပေးပါတယ်။
ဒီလိုမျိုး ခန္ဓာကိုယ်ရဲ့ အရေးကြီးဒြပ်ပေါင်းတွေနဲ့ အလားတူအာနိသင်ရှိတဲ့ (ဒြပ်ပေါင်းပါဝင်တဲ့) ဆေးတွေကို သက်ဆိုင်ရာပညာရှင်ရဲ့ ညွှန်ကြားချက်မပါဝင်ဘဲ ရေရှည်သောက်သုံးမိရင် . . .
မိမိရဲ့ပုံမှန်ဇီဝဖြစ်စဉ် ပျက်စီးပြီး
- သွေးတိုးခြင်း
- ဆီးချိုတက်ခြင်း
- အရိုးပွခြင်း
- အဝလွန်ခြင်း
- ကူးစက်ရောဂါအလွယ်ဖြစ်ခြင်းနဲ့
- အနာကျက်နှေးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
(ဒါတွေဟာ အဖြစ်များတဲ့ ပြဿနာတွေသာဖြစ်ပြီး အဖြစ်နည်းတဲ့ အခြားပြဿနာများစွာလည်း ရှိနေပါသေးတယ်)
ဒါကြောင့် dexamethasone (ဒက်ဇာမီသာဇုမ်း) ၊ prednisolone (ပရက်ဒနီဆိုလုံး) အစရှိတဲ့ ဆေးဝါးတွေကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်နဲ့သာ လိုအပ်တဲ့အခြေအနေမှာ သုံးစွဲရမှာဖြစ်ပါတဟ်။
တရားဥပဒေစိုးမိုးတဲ့နိုင်ငံတွေမှာ ဆရာဝန်ညွှန်ကြားချက်မပါရင် ဝယ်ယူလို့တောင် မရနိုင်ပါဘူး…။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.