“ ရင်ကွဲနာကျခြင်း”

Broken Heart Syndrome ဆိုတဲ့လက္ခဏာစုကို ရင်ကွဲနာကျခြင်းလို့ပဲ မြန်မာမှုပြုလိုက်ချင်ပါတယ်။ အသည်းကွဲရောဂါ၊ နှလုံးကွဲရောဂါလို့တော့ မြန်မာမှုမပြုတော့ပါဘူး။

သင်တို့ရော ရင်ကွဲနာကျဖူးကြလား။

….

ရင်ကွဲနာကျခြင်း (Broken Heart Syndrome) ဆိုတာဟာ စိတ်ထိရှခံစားစရာ၊ စိတ်ဖိစီးစရာ အခြေအနေတွေကြောင့် နှလုံးမှာဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကိုယ်ကျန်းမာရေးချို့ယွင်းမှု သို့မဟုတ် ခွဲစိတ်မှုတွေက ပိုဆိုးစေပါတယ်။

ရင်ကွဲနာကျခြင်းက ခဏတာ ဖြစ်ပွားခြင်းဖြစ်ပြီး တချို့လူတွေမှာတော့ နှလုံးက ပြန်ကောင်းသွားပေမယ့် လူက နေလို့ထိုင်လို့မကောင်းဘဲ ကျန်နေခဲ့တတ်ပါတယ်။

ရင်ကွဲနာကျတဲ့လူတွေမှာ ရုတ်တရက် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နှလုံးထဖောက်ခြင်းလိုမျိုး ခံစားရတတ်ပါတယ်။ ဒါပေမယ့် ရင်ကွဲနာကျခြင်းဟာ နှလုံးတစ်စိတ်တစ်ပိုင်းကိုသာ သက်ရောက်ပြီး နှလုံးသွေးညှစ်ခြင်းကို အနည်းငယ်သာ နှောက်ယှက်မှု ဖြစ်စေတာပါ။ နှလုံး​ရဲ့ကျန်အစိတ်အပိုင်းတွေ ပုံမှန်လုပ်ဆောင်နေပြီး တစ်ခါတလေမှာတော့ နှလုံးကို ပိုအားစိုက်ပြီး ညှစ်စေပါတယ်။

ရင်ကွဲနာကျခြင်းကို သက်သာဖို့ ဆေးအမျိုးမျိုးပေးနိုင်ပြီး ရင်ကွဲနာကျခြင်းကို အမည်နာမ အမျိုးမျိုးလည်း ခေါ်ကြပါသေးတယ်။ (Stress cardiomyopathy, Takotsubo cardiomyopathy, Recurrent takotsubo cardiomyopathy, Apical ballooning syndrome )

ရင်ကွဲနာကျခြင်းကို ဘယ်လိုခံစားရနိုင်လဲ။

ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝခြင်းများကဲ့သို့ ခံစားရပြီး ရုတ်တရက် နှလုံးရောဂါထဖောက်ခြင်းနဲ့ ဆင်တူပြီး မှားယွင်းနိုင်ပါတယ်။
.

ဘယ်လိုအအခြေအနေမျိုးမှာ ဆရာဝန်နဲ့ချက်ချင်းပြဖို့လိုမလဲ။

ရုတ်တရက် အဆက်မပြတ် ရင်ဘတ်အောင့်ပြီး အသက်ရှုမဝခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရင်တုန်ခြင်းများရှိလျှင် ချက်ချင်းဆေးရုံဆေးခန်း ပြဖို့လိုပါတယ်။
.

ဘာကြောင့် ရင်ကွဲနာကျရတာလဲ။

ရင်ကွဲနာကျရခြင်းရဲ့ တိကျသေချာတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေနဲ့ သက်ဆိုင်မှုရှိတယ်လို့ ထင်ရပါတယ်။ နှလုံးရှိ သွေးလွှတ်ကြောများကို ခဏတာညှစ်မိစေခြင်းက ရင်ကွဲနာကျခြင်းကို ဖြစ်ပေါ်စေပြီး နှလုံးကြွက်သားများ ပုံသဏ္ဌာန်မမှန်ခြင်းများလည်း ဖြစ်ပေါ် လာတတ်ပါတယ်။

ရင်ကွဲနာမကျခင် ပြင်းထန်တဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ အဖြစ်အပျက်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။

ရင်ကွဲနာကျခြင်းကို ပိုဆိုးစေတာတွေကတော့ . . .

● ရုတ်တရက် နာမကျန်းဖြစ်ခြင်း (ဥပမာ။ ပန်းနာရင်ကျပ်၊ ကိုဗစ်ဖြစ်ခြင်း)
● ခွဲစိတ်မှုကြီးကြီးမားမားပြုလုပ်ရခြင်း
● ရုတ်တရက် အရိုးကျိုးခြင်း
● ချစ်ခင်မြတ်နိုးသူ သေဆုံးခြင်း၊ ဆုံးရှုံးခြင်း
● ပြင်းထန်သော အငြင်းပွားမှုများ
● အချို့သောဆေးဝါး အသုံးပြုရခြင်းများ
● မူးယစ်ဆေးဝါး အသုံးပြုခြင်းများ ဖြစ်ပါတယ်။

နှလုံးရောဂါထဖောက်ခြင်းနဲ့ ရင်ကွဲနာကျခြင်းက ဘာကွာလဲ။

နှလုံးရောဂါထဖောက်ခြင်းက နှလုံးသွေးကြော ရုတ်တရက် ပိတ်ခြင်းဖြစ်ပြီး ရင်ကွဲနာကျခြင်းကတော့ နှလုံးသွေးလှည့်ပတ်မှု လျော့နည်းခြင်း ဖြစ်ပါတယ်။
.

ဘယ်လိုလူတွေမှာ ရင်ကွဲနာကျခြင်း ပိုဖြစ်နိုင်လဲ။

အမျိုးသမီးတွေမှာအဖြစ်များပြီး အသက် (၅၀) အထက်မှာ ပိုအဖြစ်များပါတယ်။ စိတ်မတည်မငြိမ်သူများ၊ စိတ်ကျရောဂါရှိသူများမှာ ဖြစ်နိုင်ခြေပိုများတာ တွေ့ရပါတယ်။
.

ရင်ကွဲနာကျခြင်း ဘာတွေဖြစ်လာနိုင်လဲ။

လူအများစုမှာတော့ ဘာမှမခံစားရဘဲ ချက်ချင်းပျောက်သွားနိုင်ပြီး တချို့မှာတော့ ခဏခဏပြန်ဖြစ် တတ်ပါတယ်။

ရင်ကွဲနာကျခြင်းကြောင့် သေဆုံးမှုနည်းပေမယ့် . . .

● အဆုတ်ရေဝိုင်းခြင်း
● သွေးပေါင်ကျခြင်း
● နှလုံးခုန်မမှန်ခြင်း
● နှလုံးပျက်စီးခြင်း
● နှလုံးသွေးခဲခြင်း အစရှိသော နောက်ဆက်တွဲရောဂါများ ခံစားရနိုင်ပါတယ်။
.

ရင်ကွဲနာကျခြင်းကို ဘယ်လိုကာကွယ်မလဲ။

နောက်တစ်ကြိမ် ရင်ကွဲနာကျခြင်း မဖြစ်ပေါ်စေဖို့ နှလုံးဆေးအချို့ပေးပြီး နှလုံးဖိအားကို လျှော့ချခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

ရေရှည်စိတ်ဖိစီးခြင်းက ရင်ကွဲနာကျခြင်းကို ဖြစ်ပေါ်စေနိုင်သောကြောင့် အသိသတိရှိဖို့ လေ့ကျင့်ကာ ခန္ဓာကိုယ်လှုပ်ရှားမှု လေ့ကျင့်ခန်းများ တိုးမြှင့် လုပ်ဆောင်ပြီး လူအများနဲ့ ထိတွေ့ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုကိုလျှော့ချပြီး စိတ်နှလုံးကျန်းမာရေးကို ဂရုစိုက်ကာ ရင်ကွဲကျခြင်းကို ကြိုတင်ကာကွယ်ဖို့ကြပါလို့ အကြံပြုရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းအပ်ပါတယ်…။

ဒေါက်ပီ (တယ်လီကျန်းမာ)

Reference: 📖 https:// www. mayoclinic. org / diseases-conditions/low-sperm-count/diagnosis-treatment/drc-20374591

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here