🩸သွေးအားနည်းတာနဲ့ သွေးပေါင်ကျတာ မတူပါ🩸

နွေရာသီ ပူပူအိုက်အိုက်မှာပဲဖြစ်ဖြစ်၊ ထိုင်ရာကနေ ရုတ်တရက် မတ်တပ်ရပ်လိုက်တဲ့ အချိန်မှာပဲဖြစ်ဖြစ် မျက်စိရှေ့မှာ မိုက်ခနဲဖြစ်၊ ခေါင်းမူးပြီး ယိုင်သွားတဲ့အခါ သင့်အိမ်က လူကြီးတွေ၊ အဒေါ်တွေဆီကနေ ချက်ချင်း ထွက်လာမယ့် အော်သံက ဘာများဖြစ်မလဲ။

“ဟဲ့… ဟိုကောင်မလေး မူးလဲပြီ။ ရှူဆေးလေး ဘာလေး ပေးကြပါဦး။ အို… သွေးအားနည်းနေတာ၊ သွေးအားနည်းလို့ ဖြစ်တာ… သွေးဆေးလေး ဘာလေး ဖျော်တိုက်လိုက်” ဆိုတဲ့ စကားသံတွေ ဆူညံသွားမှာပါပဲ။ ပြီးတာနဲ့ ဆေးဆိုင်ကို အပြေးသွားပြီး သွေးအားကောင်းဆေးတွေ၊ ဗီတာမင်တွေ တစ်ပုံကြီး ဝယ်တိုက်တတ်ကြတော့တာ။

မြန်မာတွေရဲ့ အကြီးမားဆုံး ကျန်းမာရေး ပြဿနာက ဆေးပညာ ဝေါဟာရတွေကို နာမည်ဆင်တာနဲ့ ဆွေမျိုးသွားစပ်ပစ်တာပါ။ “သွေးပေါင်ကျတာ” (Low Blood Pressure) နဲ့ “သွေးအားနည်းတာ” (Anemia) ကို နာမည်မှာ ‘သွေး’ ဆိုတဲ့ စာလုံးလေး ပါနေတာနဲ့တင် ရောဂါတစ်ခုတည်း အတူတူပဲလို့ ထင်နေကြတာ။ တကယ်တော့ အဲဒီနှစ်ခုက လုံးဝကို ကွဲပြားတဲ့ ရောဂါနှစ်ခုပါ။

ဒီတော့ ခေါင်းမူးတိုင်း သွေးဆေး ပြေးသောက်တတ်တဲ့ အလွဲကြီးကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ကြည့်ရအောင်။
…
…

“သွေးပေါင်ကျတယ်” ဆိုတာ ဘာလဲ။

သွေးပေါင်ကျတယ်ဆိုတာ နှလုံးကနေ သွေးတွေကို ခန္ဓာကိုယ်အနှံ့ ရောက်အောင် ညှစ်ထုတ်ပေးတဲ့ တွန်းအား နည်းသွားတာပါ။ လွယ်လွယ်ပြောရရင် အိမ်မှာ ရေတင်တဲ့ မော်တာ အားမကောင်းတာနဲ့ တူပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးတွေ အလုံအလောက် ရှိနေပေမယ့် အပေါ်က ဦးနှောက်ဆီကို အရှိန်နဲ့ မရောက်တော့ဘူး။

အဲဒီအခါ ဦးနှောက်က အောက်ဆီဂျင် ရုတ်တရက် ပြတ်သွားပြီး ခေါင်းမူးမယ်။ မျက်စိရှေ့မှာ ကြယ်တွေ လတွေ မြင်မယ်။ နားထဲမှာ အူသွားမယ်။ မတ်တပ်ရပ်လိုက်ရင် ယိုင်သွားပါမယ်။ ဒီလိုဖြစ်ရတဲ့ အဓိက တရားခံတွေက ရေဓာတ်ခန်းခြောက်တာ (ချွေးထွက်လွန်းတာ၊ ရေလုံလောက်အောင် မသောက်တာ)၊ အိပ်ရေးမဝတာ၊ ရာသီဥတုပူလွန်းတာ၊ ထမင်းဟင်း အချိန်မှန် မစားတာ ဒါမှမဟုတ် အထိုင်အထ မြန်လွန်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ကုသနည်းက ရှင်းပါတယ်။ သွေးပေါင်ကျလို့ ခေါင်းမူးနေတဲ့သူကို ခုတင်ပေါ်မှာ ပက်လက်လှဲသိပ်ပြီး ခြေထောက်ကို ခေါင်းထက်မြင့်အောင် ခေါင်းအုံးလေး ခံပေးထားလိုက်ပါ။ (ဒါမှ ဦးနှောက်ဆီ သွေးပိုရောက်မှာပါ)။ ပြီးရင် ရေများများတိုက်မယ်၊ ဓာတ်ဆားရည် (ORS) ဖျော်တိုက်မယ်ဆိုရင် ၁၅ မိနစ်၊ နာရီဝက်အတွင်းမှာတင် လူက ချက်ချင်းကို ပြန်လန်းလာပါလိမ့်မယ်။
…
…

ဒါဆို “သွေးအားနည်းတယ်” ဆိုတာကရော ဘာလဲ။

သွေးအားနည်းတယ်ဆိုတာကတော့ လုံးဝကို တခြား ကိစ္စပါ။ သွေးကြောထဲမှာ လှည့်လည်သွားလာနေတဲ့ သွေးနီဥ အရေအတွက် ဒါမှမဟုတ် ဟေမိုဂလိုဘင် ပမာဏ နည်းနေတာကို ခေါ်တာပါ။

စောစောက ဥပမာအတိုင်း ပြန်ပြောရရင် ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေ သယ်ယူပို့ဆောင်ပေးမယ့် သွေးနီဥတွေ အလုံအလောက် မရှိနေတာပါ။

အဲဒီအခါ လူက ရုတ်တရက်ကြီး ခေါင်းမူးလဲကျသွားတာမျိုးထက် တစိမ့်စိမ့်နဲ့ ခံစားရတာ ပိုများပါတယ်။ အမြဲတမ်း နုံးခွေနေမယ်၊ အသားအရေက ဖြူဖတ်ဖြူရော် ဖြစ်နေမယ်။ မျက်လုံးအောက်က အမြှေးပါးလေးတွေကို လှန်ကြည့်လိုက်ရင် ပန်းရောင်သန်းမနေဘဲ ဖြူနေမယ်။ လက်သည်းခွံလေးတွေက သွေးရောင်မရှိဘူး။ လှေကား နည်းနည်းတက်လိုက်တာနဲ့တင် ရင်တွေတုန်ပြီး မောဟိုက်နေမယ်။ ဒါကတော့ အစားအသောက်ထဲမှာ သံဓာတ် ပါဝင်မှု နည်းတာ၊ အမျိုးသမီးတွေ ဓမ္မတာလာစဉ် သွေးဆင်းများတာ ဒါမှမဟုတ် အစာအိမ်အူလမ်းကြောင်းကနေ သွေးတိတ်တိတ်လေး ယိုစိမ့်နေတာတွေကြောင့် ဖြစ်ရတာပါ။

ဒီအချိန်ကျမှသာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သံဓာတ်ပါတဲ့ သွေးအားကောင်းဆေးတွေကို လပေါင်းများစွာ စွဲသောက်ရမှာ ဖြစ်ပါတယ်။
…
…

ဒါကြောင့် နောက်တစ်ခါ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ အိမ်ကလူပဲဖြစ်ဖြစ် မျက်စိရှေ့ မိုက်ခနဲဖြစ်၊ ခေါင်းမူးပြီး ယိုင်သွားရင် ဆေးဆိုင်ပြေးပြီး ဈေးကြီးတဲ့ သွေးအားဆေးတွေ မဝယ်ခင် သွေးပေါင်ချိန်စက်လေးနဲ့ အရင်ချိန်ကြည့်ပါ။ သွေးပေါင်ကျနေတာဆိုရင် ဓာတ်ဆားရည်လေးတစ်ခွက် ဖျော်တိုက်လိုက်တာက အဲဒီ သွေးအားတိုးဆေး ဆယ်ကတ်ထက် ပိုပြီး အသက်ကယ်ရာ ကျပါတယ်။

တကယ်လို့ ကိုယ်က သွေးအားနည်းရောဂါ တကယ် ရှိ/မရှိ သိချင်ရင်လည်း တအားလွယ်ပါတယ်။ ဓာတ်ခွဲခန်းတစ်ခုခုမှာ သွေးနီဥအရေအတွက်ကို သွားစစ်ကြည့်လိုက်တာက ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ အတင်းကြိတ်မျိုနေတာထက် အများကြီး ပိုလုံခြုံစိတ်ချရပါတယ်။

ကဲ… သင့်ပတ်ဝန်းကျင်မှာရော ခေါင်းလေးနည်းနည်း မူးတာနဲ့ “သွေးအားနည်းနေတာလားး သွေးပေါင်ချိန်ကျတာလားဆိုတာကို မသိဘဲနဲ့ ဆေးတွေပြေးဝယ်သောက်တဲ့သူတွေကို သတိထားမိသွားဖို့ Comment မှာ Mention ခေါ်ပြီး မေတ္တာနဲ့ သတိပေးလိုက်ကြပါဦး။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here