‎အူလမ်းကြောင်းရဲ့ မရှိမဖြစ် ပိုးကောင်လေးတွေအကြောင်းကို တီးမိခေါက်မိကြမယ် ထင်ပါတယ်။

‎တကယ်တော့ ကျွန်မတို့ရဲ့ အူလမ်းကြောင်းဟာ ပေ ၃၀ ရှည်ပါတယ်တဲ့။ ခံတွင်းကစလို့ စအိုထိရှိတဲ့ အစာခြေဖျက် စုပ်ယူတဲ့ လမ်းကြောင်းတစ်လျှောက်မှာ အစာအိမ်၊ အူ၊ အသည်းစတာတွေလို ကလီစာတွေပါတဲ့အပြင် အူလမ်းကြောင်းနံရံတစ်ဝိုက်မှာ ရှိနေတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားလေးတွေဟာ အရေအတွက်အနေနဲ့ 10-100 trillion တောင်ရှိပါသတဲ့ (1 trillion ရဲ့နောက်မှာ သုည ၁၂ လုံးပါပါတယ်/1,000,000,000,000) ။ ဒါကြောင့် သူတို့ကို ခန္ဓာတွင်း Organ (အင်္ဂါ) တစ်ခုအနေနဲ့တောင် တင်စားကြပါတယ်။

‎လူတစ်ယောက်နဲ့ တစ်ယောက်ဟာ လက်ဗွေတွေမတူကြသလိုပဲ ဒီပိုးမွှားလေးတွေက ဘယ်မှာ ဘယ်နှကောင်ရှိတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ပါဘူးတဲ့။ အတော့်ကို ဆန်းပြားပါတယ်။

‎အခုနောက်ပိုင်း လေ့လာတွေ့ရှိချက်တွေအရဆိုရင် လူတစ်ယောက်ဟာ ကင်ဆာဖြစ်နေတာလား၊ ဆီးချိုလား၊ နှလုံးသွေးကြောကျဉ်း ဖြစ်မှာလားဆိုတာကို ဒီပိုးကောင်လေးတွေ (gut microbiome) ကနေ တွက်ချက်ဖို့တောင် ပြင်ဆင်နေကြပါပြီ။
‎…
‎…

‎ဘယ်လိုပဲဖြစ်ဖြစ် ပြင်ပလောကကအရာတွေက ကိုယ်ထဲကိုဝင်လာရင် အစားအစာအနေနဲ့ လက်ခံပေးတာက ကျွန်မတို့အူလမ်းကြောင်းပါ။ လူရဲ့အရေပြားဟာ ပြင်ပနဲ့ထိတွေ့ပေမယ့် သူက တော်တော်လေး filter (စစ်ထုတ်မှု) ကောင်းတော့ ကိုယ်ထဲကို ထင်သလောက်မဝင်ပါဘူး။ (တစ်နည်းအားဖြင့် ခံနိုင်ရည်ရှိတယ်။ တော်တန်ရုံနဲ့ ပိုးမဝင်နိုင်ဘူးဆိုတဲ့ သဘောပေါ့လေ။) လိမ်းဆေးထက် သောက်ဆေးကို ပိုသောက်ကြရတယ်ဆိုတာ အဲဒါကြောင့်ပါ။

‎ပြီး‌တော့ ပြင်ပကလာတဲ့ အရာတွေကို “ ကောင်း၏/ဆိုး၏” ဆိုပြီး ဒီအူလမ်းကြောင်းဟာ သိပ်မခွဲခြားတတ်ပါဘူး။ ဘာလာလာ ဒေါင်းရတာ သူ့အလုပ်ကိုး။ ဒီနေရာမှာ ပါရမီဖြည့်ပေး၊ ကူပေးတာက အပေါ်မှာ ပြောပြခဲ့တဲ့ ပိုးကောင်လေးတွေပေါ့။ ကလေးလေးဘဝ မွေးစကနေ ပိုးကောင်လေးတွေက တဖြည်းဖြည်း ရှိလာရာက အသက် ၃ နှစ်အတွင်းမှာ ပိုးကောင်လေးတွေ အရေအတွက်ဟာ လူကြီးတွေမှာ ရှိသလောက်နီးပါး တိုးလာကြပါပြီ။

‎ဒါ့အပြင် နောက်ပိုင်းမှာလည်း မိမိရဲ့ အပြင်ကရတဲ့ အစားအစာအစုံကို စားပေးနိုင်မှုကနေ သူတို့ကို လိုသလို ပုံသွင်းလို့ရနိုင်ပါသတဲ့။ သူတို့ဟာ ကိုယ်ခန္ဓာရဲ့ ခုခံအားပေးစနစ်တစ်မျိုးပါပဲ။ အဆိပ်အတောက်တွေ ဝင်လာပြီဆိုရင် တွန်းထုတ်ရတယ်။ နေရာအပြိုင်လုပေးတော့ အဆိပ်အတောက်တွေကို ကိုယ်ထဲကို စုပ်ယူဖို့ အားနည်းသွားစေပါတယ်။

‎အသစ်ပြင်ထားတဲ့ US dietary guideline (အမေရိကန်နိုင်ငံရဲ့ အစားအစာနဲ့ပတ်သက်သောညွှန်ကြားချက်) မှာဆိုရင် အချဉ်ဖောက်ထားသလိုဖြစ်တဲ့ ဒီအကျိုးပြု ဘက်တီးရီးယားတွေပါတဲ့ အစားအစာတွေကို ပိုစားဖို့ တိုက်တွန်းလိုက်တာကို တွေ့ရပါတယ်။
‎…
‎…

‎ဒီတော့ အူလမ်းကြောင်းရဲ့ အစောင့်လေးတွေ အားကောင်းအောင် အချဉ်ဖောက်ထားတာလေးတွေကို စားပေးလို့ရပါတယ်နော်။

‎ဒိန်ချဉ်၊ kefir၊ ကင်မ်ချီ၊ မုန်ညင်းချဉ်နဲ့ အခြား အချဉ်တည်ထားတာအမျိုးမျိုး၊ ပုန်းရည်ကြီး၊ kombucha စတာတွေက အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေမယ့် အချဉ်ဖောက်ထားတဲ့ အစားအစာတွေပေါ့ (အချဉ်ဖောက်ထားတာတွေအကြောင်း အသေးစိတ်ရေးရင် ရှည်သွားမှာမို့ အတိုပဲ ပြောပြပါ့မယ်)။

‎ပြောရရင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေက ရွှေငါးလေးတွေနဲ့ တူပါသတဲ့။ ရွှေငါးကလေးတွေကို ဝယ်ရုံဝယ်ပြီး အစာမကျွေးလို့တော့ မရဘူးလေနော်။ ရွှေငါးတွေရဲ့အစာကတော့ Dietary fibre ဆိုတဲ့ အမျှင်ဓာတ်လေးတွေပါပဲ။ ဒါကြောင့် ဒိန်ချဉ်စားတဲ့အပြင် ပန်းသီးလိုမျိုး (စျေးကြီးရင် မာလကာသီးတို့၊ ရာသီပေါ်တာမျိုးပေါ့) ပါ ထည့်စားပေးသင့်ပါတယ်။

‎ကောင်းတဲ့ပိုးကောင်လေးတွေက အမျှင်ဓာတ်ကို စားသုံးလိုက်တဲ့အခါ Short chain fatty acid (SCFA) ဆိုတာ ထွက်လာပါတယ်။ SCFA ဟာ အူလမ်းကြောင်းရဲ့ ကျန်းမာရေး၊ ဆဲလ်ပြန့်ပွားမှု ၊ အာရုံခံစနစ်၊ ဟော်မုန်းထွက်စေမှုစတဲ့ မရှိမဖြစ် လုပ်ငန်းစဉ်တွေကို လုပ်ပေးပါတယ်။

‎အလွယ်မှတ်ရင်တော့
‎Probiotics➡️ dietary fibre ➡️ SCFA ( အူလမ်းကြောင်းရဲ့ မင်းသားကြီး/လူကောင်း) ရရှိစေပါတယ်။ ဒီနေရာမှာ Probiotics ဆိုတာဟာ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေလို့ ဆိုလိုတာပါ။
‎…
‎…

‎အချဉ်ဖောက်တာတွေမှာ နောက်ထပ်ကောင်းကျိုး‌တွေ ရှိပါသေးတယ်။ သကြားဓာတ်ဟာ ခန္ဓာကိုယ်ထဲ ရောင်ရမ်းလွယ်တာတွေကို ဖြစ်စေသလို အစာခြေဖျက်ရမလွယ်တာတွေကိုပါ ဖြစ်စေပါတယ်။ အချဉ်ဖောက်တယ်ဆိုတာကတော့ သကြားဓာတ်နဲ့ အခြားဗိုက်ကယ်မယ့် ဓာတ်တွေကို ချေဖျက်ပေးလိုက်ပြီးသားဖြစ်တာမို့ အူလမ်းကြောင်းအတွက် အဆင်ပြေချောမွေ့စေပါတယ်။ (မုယော အချဉ်ဖောက်ထားတဲ့ ယမကာအရည်တော့ မပါဘူးနော် 🤭)

‎ဆက်ပြီးမှတ်ထားရမှာက အမျှင်ဓာတ် 10 gram (၁၀ ဂရမ်) စားပေးရုံနဲ့ “ အူလမ်းကြောင်းနဲ့ စအိုကင်ဆာ” ဖြစ်နိုင်‌ခြေကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ ဒါက ပဲဟင်းတစ်ခွက်အပြည့်လောက်မှာ အမျှင်ဓာတ် ၁၀ ဂရမ်ပါဝင်တယ်လို့ ဥပမာအဖြစ် မြင်ကြည့်နိုင်ပါတယ်။ မိမိစားတဲ့ အစားအစာတွေမှာ ကယ်လိုရီ ၁၀၀၀ စားတိုင်း ဖိုင်ဘာ/အမျှင်ဓာတ် ၁၄ ဂရမ် စားပြီးသားဖြစ်နေသင့်ပါတယ်။


‎ဒါကြောင့် fast food တွေ (အသင့်စား အမြန်ရတဲ့အစားအစာတွေ) ကို အားမပေးတာပါ။ ကြက်ကြော်၊ အာလူးကြော်နဲ့ ကိုလာစတာတွေကို စားမယ်၊ သောက်မယ်ဆိုရင် ကယ်လိုရီတွေကို အများကြီး (၅၀၀-၁၀၀၀ လောက်) ရပေမယ့် အမျှင်ဓာတ် (fibre) တော့ မရသလောက်နီးပါးပါပဲ။

‎အသီးအရွက်မစားနိုင်လို့ အမျှင်ဓာတ်ဖြည့်စွက်စာကို ဖြည့်သောက်တာလည်း အားမပေးချင်ပါဘူး။ ဥပမာ ဒန့်သလွန်ပင်ကအမှုန့် ဆိုပါတော့။ အဲဒီဖြည့်စွက်စာကို စွဲသောက်ရင် ဒီတစ်မျိုးထဲကိုပဲ အများကြီးစားမိသလို ဖြစ်နေမှာပါ။ အဲဒါထက် အစားအစာမျိုးစုံကို ရာသီပေါ်ရင်‌ပေါ်သလို စားရင်းနဲ့ အခြားအာဟာရဓာတ်အမျိုးမျိုးကို ရတာကပဲ ပိုကောင်းပါတယ်နော်။
‎…
‎…

‎အမျှင်ဓာတ်အကြောင်းဆက်ရရင် အူအတွင်းမှာ မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်နဲ့ ချေဖျက်နိုင်တဲ့ ပျော်ဝင်လွယ်ဓာတ်ဆ်ိုပြီး ၂ မျိုးရှိပါတယ်။ မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ဟာ အူလမ်းကြောင်းတစ်လျှောက် ကြမ်းသုတ်အဝတ်လို လုပ်ဆောင်ပေးပါတယ်။ မကောင်းတာတွေရှိရင် ကပ်ပြီး ဝမ်းထဲကနေပါသွားစေပါတယ်။ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ကျတော့ pectin/ inulin လိုဟာမျိုးပေါ့။ သူက ခုနက ပိုးကောင်လေးတွေရဲ့ အစာအနေနဲ့ ဆောင်ရွက်ပေးပြီး SCFA ကို ထွက်စေတာပါ။

‎” An apple a day, keeps the doctor away” ဆိုတဲ့ စကားပုံကို ကြားဖူးကြမှာပါ။ တစ်နေ့ကို ပန်းသီးတစ်လုံး စားပေးခြင်းဖြင့် ကျန်းမာအောင် နေထိုင်နိုင်တယ်လို့ တင်စားထားတာပါ။ တင်းနစ်ဘောလုံးအရွယ် ပန်းသီးတစ်လုံးမှာ အမျှင်ဓာတ် 4 gram (၄ ဂရမ်) နီးပါး ပါဝင်ပါတယ်။ 2 gram (၂ ဂရမ်) လောက်က အတွင်းသားမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး ပိုးကောင်လေးတွေရဲ့အစာအာဟာရအနေနဲ့ လုပ်ဆောင်ပါတယ်။ အပြင်ခွံကတော့ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး ဝမ်းပျော့စေအောင် လုပ်ပေးပါတယ်။
‎…


‎ပြီး‌တော့ အမျှင်ဓာတ်က်ို ဘယ်ကနေ ရနိုင်သေးလဲ။

‎ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေကနေ ရရှိနိုင်ပါတယ်။ အစုံစားနိုင်လေ ကောင်းလေပါပဲ။ ဒီနေ့မှာ ပဲဟင်းချက်ရင် နောက်နေ့ကျ ချဉ်ရည်ဟင်းနဲ့ စားပေါ့။ လွယ်လွယ်နဲ့ အကြမ်းဖျင်းပြောရရင်တော့ အသီးအရွက်/ပဲ စတာတွေကို ထမင်းစားသလောက် ဆတူစားပေးသင့်ပါတယ်။
‎…
‎…

‎‌နောက်ဆုံးအနေနဲ့ သတိပြုဖို့ မှာချင်တာကတော့ ‌Probiotics/Fibre supplement အားဆေးတွေထည့်သောက်တာမျိုးကို အားမပေးပါဘူးနော်။ ဆရာဝန်က ဒီလူကို အသေးစိတ် စမ်းသပ်ကြည့်ရှုပြီး သောက်သင့်တယ်လို့ ညွှန်ကြားမှသာ သောက်သင့်ပါတယ်။ ပိုးသတ်ဆေး (Antibiotics) တွေကိုလည်း စွတ်မသောက်ပါနဲ့။ အူထဲက ပိုးကောင်ကောင်းတာလေးတွေကိုပါ အနည်းနဲ့အများ ထိတတ်လို့ပါ။ တစ်ခါတလေ လိုအပ်ရင်တော့ ဆရာဝန်က ဖြည့်စွက်ဖို့ probiotics ပေးတတ်ပါတယ်။

အရင်က ဝယ်ရလွယ်ပြီး ဈေးပေါတဲ့ Probiotics ဆေးတွေက အခုတော့ ကြင်စိုးကျေးဇူးနဲ့ စျေးကြီးပြီး ရှားကုန်ပါပြီ။ ဒါပေမယ့် မသောက်ရလို့ စိတ်မပူပါနဲ့။ ဝမ်းလျှောရင် ဓာတ်ဆားသောက်၊ ဇင့် (Zinc) သောက်ပေးပြီး နေကောင်းရင် အမျှင်ဓာတ်ပါတဲ့ အစားအစာ (dietary fibre) ကို များများပြန်စားပေးရင် ရပါတယ်။ မိမိသဘောအတိုင်း ဆေးတွေကို စွတ်မသောက်ကြစေဖို့ ထပ်လောင်းသတိပေးရင်း အားလုံးကို ကျန်းမာစေချင်ပါတယ်လို့ တောင်းဆုပြုလိုက်ပါရစေ…။

အာဟာရဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here