အလုပ်မှာ ကိုယ့်အထက်လူကြီး သို့မဟုတ် သူဌေးက တစ်ခုခုပြောလိုက်လို့ စိတ်ညစ်နေတယ်။ ခံပြင်းနေတယ်။ ဒါပေမယ့် သူဌေးဖြစ်သူကိုလည်း ပြန်မပြောရဲ၊ မရှင်းပြရဲဘူး။ အဲဒီလို နေ့လေးတစ်နေ့ကို ကြုံတွေ့နေရတယ်ဆိုပါစို့။
အိမ်ပြန်ရောက်တဲ့အခါ ကလေးက ကစားစရာတွေ ဖွထားတာကိုလည်းမြင်ရော ဒေါသတွေ ပေါက်ကွဲသွားတယ်။ တကယ်တော့ ကလေးမှာ ဒီလောက်ကြီး အပြစ်မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီတစ်ချိန်တည်းမှာပဲ ဒေါသက ထိန်းလို့မရတော့ဘူး။
ဒါမျိုး ဆင်တူတဲ့အကြောင်းအရာ၊ အဖြစ်အပျက်တွေကို ပတ်ဝန်းကျင်မှာ မြင်ရနိုင်သလို ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။ တစ်ခါတလေ ကိုယ့်ဘက်က လုပ်မိတာလည်း ရှိသလို တစ်ခါတလေ ကိုယ်က ခံလိုက်ရတာမျိုးလည်း ရှိမှာပေါ့။
စိတ်ပညာအရ ဒါကို “ Displacement လုပ်တယ်” လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်က ရိုးရိုးလေးပါပဲ။ ကိုယ့်ကို ဒေါသထွက်အောင် တကယ်လုပ်တဲ့သူအပေါ် တိုက်ရိုက်မတုံ့ပြန်နိုင်တဲ့အခါ (ထုတ်ပြပစ်ဖို့ သတ္တိမရှိတဲ့အခါ) ဘေးကင်းတယ်လို့ ထင်ရတဲ့သူအပေါ် ဒေါသကို လွှဲပြောင်း ပေါက်ကွဲလိုက်တာမျိုးပေါ့။
ဥပမာ
အလုပ်မှာ မန်နေဂျာက အကြောင်းတစ်ခုခုကြောင့် လူတွေရှေ့မှာ ကိုယ့်ကိုဆူတယ်။ အဲတုန်းက သည်းခံပြုံးနေလိုက်ရတယ်။ အိမ်ပြန်ရောက်တော့ ခင်ပွန်းဖြစ်သူက “ ဒီနေ့ညစာကို ဘာချက်လဲ” လို့ ပုံမှန်အတိုင်းမေးရုံနဲ့ “ ငါက ဒီအိမ်မှာ ကျွန်လား။ ဘာလို့ ငါပဲ တာဝန်ရှိနေရတာလဲ” ဆိုပြီး ဒေါသကို ပုံချလိုက်တာမျိုးပါ။
ထင်သာမြင်သာအောင် ဥပမာလေးတစ်ခု ထပ်ပေးပါရစေ။ မိဘတွေက သားအကြီးကိုပဲ ချီးကျူးဂုဏ်ပြုစကားတွေ အမြဲပြောနေတာကို ကြားရတဲ့ ညီမဖြစ်သူက ကိုယ့်ကို ဂရုမစိုက်သလို ခံစားလာရတယ်။ ဒါပေမယ့် မိဘကို ပြန်မပြောရဲဘူး။ ဒီတော့ ညီမဖြစ်သူက အိမ်မွေးခွေးလေးကို “ နင်က အသုံးမကျဘူး။ ဘာလို့ ငါ့ကို မချစ်တာလဲ” ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ဆူပစ်လိုက်တာ၊ ရိုက်ပစ်လိုက်တာမျိုးကလည်း Displacement လုပ်မိတာပါပဲ။
ဒါတွေဟာ ကိုယ့်ထက်အားကြီးသူဆီက လာတဲ့ဒေါသကို ကိုယ့်ထက်အားနည်းသူအပေါ် ပေါက်ကွဲပစ်လိုက်တဲ့ သဘောပါ။ ကိုယ့်ထက်အားကြီးသူကို မတုံ့ပြန်နိုင်တော့ ကိုယ့်ထက်အားနည်းသူဆီ ဒေါသကို ပုံချလိုက်တာပါ။ ဒါဟာ မိမိစိတ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တဲ့သဘောပါပဲ။
ဒီလိုလုပ်လိုက်တာဟာ ခဏတာ စိတ်သက်သာရာရသွားပေမယ့် ရေရှည်မှာတော့ ဆက်ဆံရေးတွေကို တဖြည်းဖြည်း ပျက်စီးလာစေတတ်ပါတယ်။ အဓိကကတော့ ကိုယ့်ကို ချစ်တဲ့သူတွေ၊ ကိုယ့်အနားမှာရှိတဲ့သူတွေက တဖြည်းဖြည်းနဲ့ ကိုယ့်ကို ကြောက်လာမယ်။ ဝေးဝေးနေချင်လာမယ်။ ကိုယ်နဲ့နေရတာ သူတို့အတွက် မလုံခြုံဘူးလို့ ခံစားလာရနိုင်ပါတယ် ။
တကယ့်ပြဿနာအရင်းအမြစ်ကတော့ ပြေလည်မသွားတဲ့အပြင် အားကြီးတဲ့တစ်ဖက်သူကို ပြန်မအော်ရဲ၊ မပြောရဲတဲ့ဒေါသက အိမ်ကလူတွေကိုသာ ဆက်ထိခိုက်နေစေတာပါပဲ။
…
…
ဒီတော့ ဒီသံသရာကနေ လွတ်ချင်ရင် ပထမဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် သတိပြုမိဖို့ပါပဲ။
🫂 ဒေါသဝုန်းခနဲထွက်လာပြီဆိုရင် ခဏလောက်ရပ်လိုက်ပါ။
🫂 ပြီးရင် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ” ငါ တကယ်ဒေါသထွက်နေတာက ဘယ်သူ့ကိုလဲ။ ငါ့ကို ဒီလိုခံစားရအောင် ဘယ်သူလုပ်လိုက်တာလဲ။”
🫂 အဖြေရပြီဆိုရင် လမ်းကြောင်းပြောင်းဖို့ကြိုးစားကြည့်ပါ။
- ပြေးတာ
- လမ်းလျှောက်တာ
- စာရေးတာ
- သီချင်းနားထောင်တာ
- ခေါင်းအုံးကိုထုတာ
- အခန်းတံခါးပိတ်ပြီး အသံကုန်အော်ပစ်လိုက်တာမျိုး စတဲ့ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ မထိခိုက်တဲ့ ဘယ်နည်းလမ်းကိုမဆို လုပ်ကြည့်လို့ရပါတယ်။
🫂 တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားလိုက်မိရုံနဲ့တင် ပြဿနာတစ်ဝက်လောက်က အဆင်ပြေသွားတတ်ပါတယ်။
” ဟာ ငါ ဒေါသပုံချနေမိပြီလား” ဆိုတဲ့ အသိတစ်ခုဝင်လိုက်ရင် နောက်တစ်ဆင့်ကို မတက်ဖို့၊ ရပ်တန့်ဖို့ အခွင့်အရေးရသွားတာပါပဲ။
…
…
Displacement လုပ်ခြင်းဟာ လူတိုင်းမှာရှိတတ်တဲ့ စိတ်ရဲ့ခုခံမှုတစ်ခုမို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာတော့ မလိုပါဘူး။ ကိုယ့်မှာ ဒီအကျင့်ရှိတယ်ဆိုတာ သတိထားမိရုံနဲ့တင် နောက်တစ်ခါ ဒေါသတွေစုပုံပေါက်ကွဲတော့မယ့်အချိန်မှာ ခဏလောက် ရပ်လိုက်နိုင်ဖို့ အခွင့်အရေးရှိလာမှာ ဖြစ်ပါတယ်။
ဒီအခွင့်အရေးလေးကို ကြိမ်ဖန်များစွာ ရလာတဲ့အခါ တစ်နေ့ကျရင် ကိုယ့်ဒေါသကို ဘယ်သူ့ဆီ ပုံချရမလဲဆိုတာကို မတွေးတော့ဘဲ ကိုယ့်ဒေါသကို ဘယ်လို ဖြေသိမ့်ရမလဲ၊ ဖြေလျှော့ရမလဲဆိုတာကိုပဲ အလိုလို ရွေးချယ်မိလာပါလိမ့်မယ်။
အဲဒီအခါမှာ ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်ရော ကိုယ့်အတွက်ပါ နေရပိုပျော်တဲ့၊ ပိုကျန်းမာတဲ့၊ ပိုလုံခြုံတဲ့ နေရာလေးတစ်ခုကို ဖန်တီးပြီးသား ဖြစ်လာပါလိမ့်မယ်…..။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


