စိတ်ကျန်းမာရေးကုသမှုခံယူတာကို ရှက်စရာတစ်ခုလို့ မြင်နေကြတုန်းလား။
လူတိုင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေ ရှိတတ်ပါတယ်။ မရှိမှတော့ လူသားရယ်လို့ ဘယ်ခေါ်နိုင်တော့မလဲနော်။
အနည်းဆုံးတော့ ဖြေရှင်းလို့မတတ်တော့တဲ့ ပြဿနာတွေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဒုက္ခရောက်တာတွေ၊ ဒီနေ့ မနက်စာကို ဘာနဲ့စားခဲ့လဲဆိုတာတောင် ရုတ်တရက်စဉ်းစားလို့ မရတော့အောင် အလုပ်ရှုပ်နေသူတွေ၊ မွန်းကျပ်နေသူတွေ ရှိနေကြတာပဲ မဟုတ်လား။
တချို့က ဒါတွေကို သူငယ်ချင်း သို့မဟုတ် မိသားစုနဲ့အတူ စကားပြောပြလိုက်ရုံနဲ့ နေသာထိုင်သာ ရှိသွားတာမျိုး ရှိသလို၊ တချို့အတွက်တော့ ဒီခံစားချက်တွေက နေ့စဉ်ဘဝကို နည်းမျိုးစုံနဲ့ အနှောင့်အယှက်ပေးလာတာမျိုးလည်း ရှိတတ်ပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ ကိုယ့်မိသားစုထဲမှာ ဖြစ်စေ ဒီလိုခံစားနေရသူတွေကို တွေ့တဲ့အခါ ကိုယ့်ဘက်က အကူအညီပေးနိုင်ဖို့ လိုပါတယ်။
ဒီလိုအကူအညီပေးတဲ့အခါမှာ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေဟာ စိတ်ကျန်းမာရေးလို့ဆိုလိုက်တာနဲ့ “ ဒါက စိတ်မနှံ့မှ ပြရတာ၊ ငါ့ကို ရူးတယ်လို့ ထင်နေတာလား” စတဲ့ stigma တွေကြောင့် ကူညီဖို့ အထမမြောက်တာကိုလည်း အများကြီး ကြုံဖူးကြမှာပါ။
(Stigma အကြောင်းသီးသန့်ကိုလည်း ကျွန်မ ဆောင်းပါးတစ်ပုဒ်နဲ့ သီးသန့်ဖော်ပြခဲ့ပြီးပါပြီ)
ဆိုတော့ ဒါမျိုးတွေ ကြုံတွေ့ရတဲ့အခါ . . .
📌 ကိုယ်ချစ်ရသူတွေကို ဘယ်လို နားချပြီး အကူအညီယူစေမလဲ။
ကိုယ်ချစ်ရသူတစ်ယောက် သို့မဟုတ် အသိမိတ်ဆွေတစ်ယောက် စိတ်ပိုင်းဆိုင်ရာ အခက်အခဲကြုံနေရတဲ့အခါ ကိုယ်က “ စိတ်ကျန်းမာရေးဆရာဝန်/စိတ်ပညာရှင်နဲ့ ပြပါ” လို့ တိုက်ရိုက်ပြောရင် သူတို့က ကြောက်လန့်ပြီး တွန့်ဆုတ်သွားတတ်ပါတယ်။
ဒါမျိုး အပြောကိုရှောင်ပြီး နွေးနွေးထွေးထွေးနဲ့ သိမ်းသွင်းရမယ့် နည်းလမ်းတွေကို မျှဝေပါရစေ။
၁။ အဆုံးအဖြတ်မပေးပါနှင့်၊ စိုးရိမ်စိတ်ကိုသာ ဖော်ပြပါ။
သူတို့ရဲ့ အပြုအမူကို ဝေဖန်ထောက်ပြတာထက်၊ သူတို့အတွက် ကိုယ်ဘယ်လောက် စိုးရိမ်ပူပန်နေတယ် ဆိုတာကိုသာ အဓိကထား ပြောပါ။
ဥပမာ
“ မင်း ညဘက် ကောင်းကောင်းမအိပ်ရတာ ကြာပြီဆိုတော့ ငါ စိတ်ပူတယ်။ ကောင်းကောင်း အိပ်ပျော်ဖို့ တစ်ခုခု လုပ်သင့်တယ်လို့ မထင်ဘူးလား”
“ မင်း ပင်ပန်းနေတာကို ငါသိတယ်။ ဒီဝန်ထုပ်ဝန်ပိုးကြီးကို တစ်ယောက်တည်း ထမ်းထားစရာ မလိုပါဘူး။ ဒီပြဿနာတွေ ပြေလည်အောင် ကူညီပေးနိုင်မယ့်သူနဲ့ စကားပြောကြည့်ရင် မကောင်းဘူးလား”
.
၂။ စိုးရိမ်မှုများကို နားလည်ပေးပါ။
သူတို့ ဘာကြောင့် မပြချင်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို စိတ်ရှည်လက်ရှည် နားထောင်ပေးပါ။ သူတို့ရဲ့ ကြောက်ရွံ့မှုကို အသိအမှတ်ပြုပေးပါ။
ဥပမာ။ သူတို့က “ ငါသာ စိတ်ပညာရှင်ဆီ သွားပြရင် ရူးနေပြီလို့ အားလုံးက ထင်ကြလိမ့်မယ်။”
ကိုယ့်ရဲ့တုံ့ပြန်မှု “ ဟုတ်တာပေါ့။ ဒီလိုထင်မှာကို ကြောက်တာ နားလည်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ ဒီလိုအကူအညီယူတာဟာ ကိုယ်ခန္ဓာဖျားနာသလို ကျန်းမာရေးစောင့်ရှောက်မှုယူတာနဲ့ တူတူပါပဲ။ အွန်လိုင်းကနေတောင် အပြင်လူမသိအောင် တိုင်ပင်လို့ ရနိုင်တဲ့နေရာတွေ ရှိနေပြီ ဥပမာ တယ်လီကျန်းမာလိုပေါ့”
.
၃။ ပေါ့ပါးတဲ့ခြေလှမ်းနဲ့ စတင်ဖို့ တိုက်တွန်းပါ။
ချက်ချင်း “ ဆေးခန်းပြဖို့” တိုက်တွန်းတာထက်၊ “ ရင်ဖွင့်ဆွေးနွေးတာ” ကနေ အရင်စဖို့ အကြံပြုကြည့်ပါ။
ဥပမာ။ “ ပထမဆုံးအနေနဲ့ Hotline ကို ဖုန်းဆက်ပြီး စကားပြောကြည့်ရုံပဲ လုပ်ကြည့်မယ်လေ။ ဖုန်းပြောရုံနဲ့ ဘယ်သူကမှ မင်းကို ဆေးတွေ အတင်းသောက်ခိုင်းမှာ မဟုတ်ပါဘူး။ ကိုယ့်ရင်ထဲက ခံစားနေရတာကို ထုတ်ပြောလိုက်ရုံပဲ။”
“ တစ်ခါတလေကျ ဘေးလူတစ်ယောက်ရဲ့အမြင် ဒါမှမဟုတ် ပညာရှင်တစ်ဦးတစ်ယောက်ရဲ့ လမ်းညွှန်မှုကမှ ကိုယ့်ပြဿနာကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်စေနိုင်တယ်ဆိုတာ မင်းလည်း သိပါတယ်။”
.
ဒီလိုလေးတွေ အခြေအနေကိုလိုက်ပြီး လိုအပ်သလို ပြောရင်း တိုက်တွန်းကြည့်ပါ။
ကျွန်မအနေနဲ့ကတော့ တယ်လီကျန်းမာ (Telekyanmar) ရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြီး ဥပမာပေးရရင် ….
တယ်လီကျန်းမာက အခမဲ့လည်း ဖြစ်တယ်။
အွန်လိုင်းကမို့ လူကိုယ်တိုင်တွေ့စရာလည်းမလိုတဲ့ လွယ်ကူတဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုအမျိုးမျိုးကို ပေးနေတယ်။
ကိုယ့်အိမ်ကနေပဲ ဖုန်းနဲ့ အင်တာနက်ရှိရုံနဲ့ စိတ်ကျန်းမာရေးပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ အလွယ်တကူ စကားပြော တိုင်ပင်ဆွေးနွေးနိုင်တယ်။
နောက်တစ်ခုက Hotline ကို ဆက်သွယ်ဖို့အတွက်လည်း စိတ်ရောဂါကြီးကြီးမားမားရှိမှ မဟုတ်ပါဘူး။
- စိတ်ဖိစီးမှုတွေ တအားများနေသူ
- စိတ်ဓာတ်ကျသလို ခံစားနေရသူ
- အိပ်မပျော်တာ၊ စိုးရိမ်ပူပန်မှုတွေ များနေတာ
- ဒေါသကို ထိန်းချုပ်ရခက်နေတာ
- ဘယ်သူ့ကို ပြောရမှန်းမသိတဲ့ ပြဿနာတစ်ခုကို ရင်ဖွင့်ချင်တာ
- စာတွေမကျက်နိုင်တာလိုမျိုး အာရုံစိုက်လို့မရတာ
- မိမိကိုယ်ကိုယ် ထိခိုက်အောင်လုပ်လိုက်ချင်တာ
စတဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲလေးတွေ အတွက်ပါ ရည်ရွယ်ပါတယ်။ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ဖို့အတွက် လိုအပ်တဲ့ အကူအညီကို အမြန်ဆုံး ရရှိဖို့ အကောင်းဆုံး နေရာတစ်ခုဆိုလည်း မမှားပါဘူး။
.
နောက်ထပ် စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု တစ်ခုကိုပြောရရင် အခြေခံ စိတ်ကျန်းမာရေးကုသမှု ဆေးခန်းတွေပါ (Primary Mental Health Care)။
ဒီမှာဆိုရင် စိတ်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းပေးထားတဲ့ အထွေထွေဆရာဝန် (သို့မဟုတ်) ဘွဲ့လွန်အတွက် စိတ်ပညာကို စဉ်ဆက်မပြတ်လေ့လာသင်ယူနေတဲ့ ဆရာဝန်တွေနဲ့ စကားပြောလို့ရမှာ ဖြစ်တယ်။
ဘာတွေ လုပ်ပေးမှာလဲဆိုရင် . . .
ကိုယ်ရဲ့ခံစားချက်နဲ့ ပြဿနာရဲ့ရင်းမြစ်ကို နားလည်အောင် ကူညီပေးမယ်။
အကြံဉာဏ်ပေးသင့်ရင်ပေးမယ်။ ကိုယ်တိုင်အဖြေရှာနိုင်အောင် လမ်းညွှန်ပေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အကူတွေ၊ စိတ်ဖြေလျှော့ခြင်းနည်းလမ်းတွေ ပေးပါလိမ့်မယ်။
- ကိုယ်က လူကြောက်တတ်တာမျိုး
- အမြင့်ကြောက်တတ်တာမျိုး
- ဆက်ဆံရေးတွေ အဆင်မပြေတာမျိုး
- ကလေးဘဝ စိတ်ဒဏ်ရာရှိနေတာမျိုး စတဲ့ကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်ပါတယ်။
တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေပေါ်မူတည်ပြီး ဒီအဆင့်နဲ့တင်ပဲ သက်သာသွားတာမျိုးလည်း ရှိနိုင်တာပေါ့။
.
နောက်တစ်ခုက စိတ်ကျန်းမာရေး အထူးကုဆေးခန်း (Psychiatric Clinic) တွေပါ။
ဒီအဆင့်ကတော့ ပိုမိုနက်ရှိုင်းတဲ့ အကူအညီလိုအပ်တဲ့သူတွေအတွက် ဖြစ်ပါတယ်။
- ဘယ်သူနဲ့ ဆွေးနွေးရမလဲ။
စိတ်ကျန်းမာရေး အထူးကုဆရာဝန် (Psychiatrist) တွေနဲ့ တိုက်ရိုက်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
- စိတ်ကျရောဂါ
- စိုးရိမ်စိတ်လွန်ကဲတဲ့ ရောဂါ
- စိတ်ကစဉ့်ကလျားရောဂါ
- OCD နဲ့
- မူးယစ်ဆေးသုံးစွဲမှု ပြဿနာတွေ စတဲ့ ဆေးဝါးကုသမှု လိုအပ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို စစ်ဆေးပေးမယ်။
လိုအပ်ရင် ဆေးဝါးတွေ ညွှန်ကြားမယ် ဒါမှမဟုတ် အခြား ကုသမှုနည်းလမ်းတွေ ပေးပါလိမ့်မယ်။
.
ဆိုတော့ ဒါက လက်ရှိတယ်လီကျန်းမာရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ရနိုင်တဲ့ ဝန်ဆောင်တွေနဲ့ယှဉ်ပြီး ဥပမာပေးထားတာပါ။
အပြင်မှာလည်း လူကိုယ်တိုင် ဆွေးနွေးတိုင်ပင်လို့ ရနိုင်တဲ့ အဖွဲ့အစည်းတွေ၊ စိတ်ပညာရှင်တွေလည်း အများကြီးပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။
စိတ်ကျန်းမာရေးကိုလည်း ကိုယ်ကျန်းမာရေးလိုပဲ ခေါင်းကိုက်ဗိုက်နာတာကအစ ဆေးသောက်၊ ဆေးခန်းပြသလိုမျိုး စိတ်ကလေး မကျန်းမာရင်လည်း လစ်လျူရှုမထားဖို့ ပေါ့ပေါ့ဆဆမနေဖို့ သတိလေး ပေးလိုရုံပါပဲ။
တစ်နည်းအားဖြင့် စိတ်ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုတာ ကိုယ့်ဘဝရဲ့ အရည်အသွေးကို မြှင့်တင်တာပါပဲ။
စတင်ဖို့ဆိုတာ မခက်ပါဘူး။ ကိုယ့်ရဲ့ပင်ပန်းမှုကို တစ်ယောက်တည်း မထမ်းထားပါနဲ့။
အကူအညီပေးသူတွေရဲ့ လက်ကိုလည်း ဖမ်းဆုပ်ပိုင်ခွင့် အပြည့်အဝရှိပါတယ်။
သင်၏စိတ်ကလေးကိုလည်း တကယ်ပဲ ကျန်းမာစေလိုပါတယ်ရှင်…။
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.