ဒီအကြောင်းကို မဖတ်ခင် အခုဆောင်ပါးဟာ တော်လှန်ရေးမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပါဝင်ပတ်သက်ဆက်နွယ်နေကြတဲ့ ရင်ဘတ်ချင်း နီးသူတွေအတွက်သာ ရည်စူးရေးသားထားခြင်း ဖြစ်ကြောင်း ကြိုတင်အသိပေးပါရစေ။
_ _ _
တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လူတွေရဲ့စိတ်တွေဟာလည်း ပြောင်းလဲလာတတ်ကြပါတယ်။
အဲဒီအထဲမှာမှ အဖြစ်အများဆုံးက ကိုယ့်ထက် အဆင်ပြေနေတဲ့သူတွေ၊ ပျော်နေတဲ့သူတွေ၊ ချမ်းသာနေတဲ့သူတွေကိုမြင်ရင် မုဒိတာ ပွားမပေးနိုင်တော့တာပါ။
ဒီကာလကြီးက စိတ်ပင်ပန်းမှုတွေ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ပြီးရင်း ရင်ဆိုင်နေရတဲ့ ငရဲလိုနေ့ရက်တွေ ဖြစ်ပါတယ်။
တော်လှန်ရေးမှာ ပါဝင်နေတဲ့လူတိုင်းနီးပါးရဲ့စိတ်တွေဟာ မီးသင့်ကျောက်လိုပဲ ပူလောင်နေရတယ်။ ကျဆုံးမှုတွေ အောက်မေ့ရင်း၊ အနာဂတ်အတွက် တိုးတိုးတိတ်တိတ် ငိုနေရင်း၊ မျှော်လင့်ချက်တွေပေါ်လာလိုက်၊ တစ်ခါ စိုးရိမ်ပူပန်မှုတွေနဲ့ ရောထွေးသွားလိုက်နဲ့မို့ ဒီလိုအချိန်မှာ တစ်ပါးသူကို မုဒိတာပွားဖို့ဆိုတာ မလွယ်ကူတဲ့အရာပါ။
ကိုယ်တိုင်လည်း ခံစားနေရတဲ့ ဝေဒနာအပူမီးတွေကြောင့် တစ်ခါတလေမှာ ကိုယ့်လိုပဲ တခြားသူတွေလည်း ဒုက္ခရောက်ရင်ကောင်းမှာပဲဆိုတဲ့ မနာလိုစိတ်မျိုး ပေါ်လာတတ်ပါတယ်။ အဲဒီလိုစိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရတာကလည်း သဘာဝကျပါတယ်။ ဘာလို့ဆို တော်လှန်ပြည်သူတွေ ဖြစ်နေလို့ပါပဲ။ အစတည်းက ကိုယ်ကျိုးထက် အနာဂတ်မျိုးဆက်တွေအတွက် ရည်ရွယ်ပြီး ဒီတိုက်ပွဲကို စခဲ့ကြတဲ့သူတွေမဟုတ်လား။ ဒီလို ခံစားချက်တွေဟာ တော်လှန်ရေးကာလမှာ လူအများစု ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေထဲက တစ်ခုပါ။
.
📖 လူတွေရဲ့ စိတ်နေစိတ်ထား
တော်လှန်ရေးကာလမှာ လူတွေဟာ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှု၊ အမျက်ဒေါသ၊ ခံပြင်းမှု၊ ဝမ်းနည်းမှု စတဲ့ ခံစားချက်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။
အထူးသဖြင့် ကိုယ်ချစ်ခင်ရသူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်တာ၊ မတရားမှုတွေကို မြင်တွေ့ရလို့ ဒေါသထွက်တာ၊ ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းတာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားချက်တွေပါ။
ဒီလို ခံစားချက်တွေ ပြင်းထန်လာတဲ့အခါ ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ တစ်သားတည်းဖြစ်နေတဲ့ ဒုက္ခတွေကိုပဲ အာရုံရောက်ပြီး တခြားသူတွေရဲ့ ဝမ်းသာပျော်ရွှင်မှုတွေကို မခံစားနိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။
မနာလိုစိတ်ဆိုတာလည်း လူသားတိုင်းမှာ အနည်းနဲ့အများ ရှိတတ်တဲ့ သဘာဝတစ်ခုပါ။ ကိုယ်တိုင် ဒုက္ခရောက်နေချိန်မှာ တခြားသူတွေ ကောင်းစားနေတာကို မြင်တွေ့ရတဲ့အခါ မနာလိုစိတ်ဝင်တာဟာ အံ့ဩစရာမဟုတ်သလို မုဒိတာမပွားနိုင်တာဟာလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစိတ်ခံစားချက်ဟာ ကြာရှည်လာရင် ကိုယ့်ရဲ့စိတ်ကို ပိုပြီး ပင်ပန်းစေနိုင်ပါတယ်။
“ ငါတို့ရဲ့ စိတ်တွေ ကြမ်းတမ်းသွားတာလား၊ အကြင်နာတရားတွေ လျော့နည်းလာတာလား၊ စိတ်ကောင်း နှလုံးကောင်းတွေ ပျောက်ဆုံးကုန်တာလား ” စသဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ ခံစားချက်ကလည်း ဒီစိတ်ကြောင့်ပဲ ပိုပြီးကြီးထွားလာတတ်ပါတယ်။
.
📖 စိတ်ထားရမယ့်ပုံ
ဒီလို ခက်ခဲတဲ့ အခြေအနေတွေမှာ စိတ်ကို ဘယ်လိုထားသင့်သလဲဆိုတာက အရေးကြီးပါတယ်။ ခက်လည်း ခက်ပါတယ်။
✅ ပထမဦးဆုံးအနေနဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို လက်ခံဖို့ လိုပါတယ်။ ကိုယ်ခံစားနေရတာတွေဟာ မှားယွင်းတဲ့ ခံစားချက်တွေမဟုတ်ဘူးဆိုတာကို နားလည်ပါ။ စိတ်ပင်ပန်းတာ၊ ဒုက္ခရောက်တာ၊ ဆုံးရှုံးရတာတွေ များတဲ့အခါ မုဒိတာမပွားနိုင်တာ၊ မနာလိုစိတ်ဝင်တာတွေဟာ လူသားသဘာဝအရ ဖြစ်နိုင်တယ်/ဖြစ်တတ်တယ်ဆိုတာကို သတိရပါ။
✅ ဒုတိယအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။
ကိုယ်ဟာ ဒီခက်ခဲတဲ့ အခြေအနေကို တစ်ယောက်တည်း ရင်ဆိုင်နေရတာမဟုတ်ဘူးဆိုတာကို သတိရပါ။ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အများစုဟာ ဒီလိုခံစားချက်မျိုးတွေကို ခံစားနေရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မယ့်အစား ကိုယ့်ရဲ့ခံစားချက်တွေကို ဂရုစိုက်ပြီး နားလည်ပေးဖို့ လိုပါတယ်။
✅ တတိယအနေနဲ့ ကိုယ့်ရဲ့စိတ်ကို အာဟာရဖြည့်ဖို့ပါ။
စိတ်ပင်ပန်းနေချိန်မှာ ကိုယ့်ကိုပျော်ရွှင်စေတဲ့၊ အားဖြစ်စေတဲ့ အရာတွေကို လုပ်ဆောင်ပါ။ တရားထိုင်တာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ လမ်းလျှောက်တာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ စတဲ့ ကိုယ်နှစ်သက်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ခြင်းအားဖြင့် စိတ်ကို အနည်းငယ် ပြန်လည်လန်းဆန်းစေနိုင်ပါတယ်။
.
💪🏻ကျော်ဖြတ်ဖို့ နည်းလမ်း
☘️ သတိပဋ္ဌာန် (Mindfulness) လုပ်ပါ။
တရားထိုင်သလိုပါပဲ… မိမိရဲ့ ခံစားချက်တွေကို ဆန်းစစ်ခြင်း၊ လက်ရှိပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ခြင်းအားဖြင့် စိတ်ကိုတည်ငြိမ်အောင် လုပ်ယူပါ။
☘️ ကိုယ်ချင်းစာနာစိတ် (Empathy)ဖြင့် မြင်ကြည့်ပါ။
တခြားသူတွေရဲ့ အခက်အခဲတွေကို နားလည်ဖို့ ကြိုးစားပါ။ သူတို့လည်း ကိုယ်နဲ့ မတူညီတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရနိုင်တယ်ဆိုတာကို သတိရပါ။
☘️ ကျေးဇူးတင်စိတ် (Gratitude) မွေးမြူပါ။
ကိုယ့်မှာ ရှိနေသေးတဲ့ အရာတွေအတွက် ကျေးဇူးတင်ပါ။ အသေးအမွှားလေးတွေကအစ ကျေးဇူးတင်ခြင်းအားဖြင့် စိတ်ကို အပြုသဘောဆောင်တဲ့ဘက်ကို ရောက်စေနိုင်ပါတယ်။
☘️ မျှဝေခြင်း (Sharing)
ကိုယ့်ရဲ့ခံစားချက်တွေကို ယုံကြည်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ဖွင့်ဟတိုင်ပင်ပါ။ သူတို့ရဲ့ အားပေးစကားတွေ၊ အကြံဉာဏ်တွေက အထိုက်အလျောက် အားဖြစ်စေနိုင်ပါတယ်။
☘️အကူအညီတောင်းခံပါ (Seeking Help)
စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေက ကိုယ့်ရဲ့နေ့စဉ်ဘဝကို အများကြီး ထိခိုက်နေတယ်လို့ ခံစားရရင် ကျွမ်းကျင်တဲ့ စိတ်ပညာရှင်တွေရဲ့ အကူအညီကို ရယူဖို့ ဝန်မလေးပါနဲ့။
…
…
တော်လှန်ရေးကာလဟာ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲလွန်းလှတဲ့ ကာလတွေ ဖြစ်ပါတယ်။
ဒီလို အချိန်မျိုးမှာ ကိုယ့်ရဲ့စိတ်ကို ဂရုစိုက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ကြင်နာညှာတာတတ်ဖို့၊ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ နေထိုင်ဖို့ အရေးကြီးပါတယ်။
မုဒိတာမပွားနိုင်တော့ဘူးလို့ ခံစားရတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ ဒီစိတ်တွေကို သတိနဲ့ကြည့်ပြီး ကျော်လွှားနိုင်ဖို့ ကြိုးစားပါ။
🪔 အမှောင်ထုဟာ အလင်းကို မနိုင်ပါ။ 🪔
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.