MENU

သေးခံကြောင့်ဖြစ်တဲ့ အနီစက်များ Nappy rash (February, 2023)

သေးခံကြောင့်ဖြစ်တဲ့ အနီစက်များ ( Nappy rash)

သေးခံ (Diaper) ဝတ်တဲ့ ကလေးတွေမှာ အရေပြားရောင်ရမ်းပြီး အနီစက်လို အစက်အပြောက် တွေကြောင့် မေမေတို့ စိတ်ညစ်ရဖူးပါသလား? အဲ့တာကို Nappy rash လို့ ခေါ်ပါတယ်။
ဒီလိုအစက်တွေက ကလေးငယ်ရဲ့ လိင်အင်္ဂါ၊ တင်ပါး၊ ပေါင်ခြံတို့လို သေးခံ (Diaper)နဲ့ ထိတွေ့ထားရတဲ့ အရေပြားနေရာတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။

???? ဘယ်လိုကလေးတွေမှာ ဖြစ်တတ်လဲ?
– အသက် ၉ လ ကနေ တစ်နှစ်ကြားမှာ အဖြစ်များပြီး အသက် ၂နှစ် အရွယ် ထိ တွေ့ရတတ်ပါတယ်။ nappy rashပေါက်တဲ့ ကလေးတွေရဲ့ တစ်ဝက်လောက်ကတော့ ရောဂါလက္ခဏာ တော်တော်ဆိုးတာကို တွေ့ရပါတယ်။

???? လက္ခဏာတွေက ဘာတွေလဲ?
– အရေပြားက ရဲနေမယ်။ အစက်အပြောက်တွေထွက်ပြီး စိုစွတ်နေမယ်။ ကလေးဆီးထွက်တဲ့အချိန်မှာ ဆီးနဲ့အနာ ထိတွေ့မိတဲ့အတွက် စပ်ဖျဥ်းဖျဥ်းခံစားရပြီး ကလေးငိုနေရင် သတိထားရပါလိမ့်မယ်။

???? ဘာကြောင့် ဖြစ်ရသလဲ?
– အဓိကအားဖြင့်တော့ အရေပြားနဲ့ အညစ်အကြေးတွေဖြစ်တဲ့ ဆီးတွေ၊ဝမ်းတွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သေးခံထဲမှာ ဆီးတွေ၊ ဝမ်းတွေ စွန့်တဲ့အချိန်မှာ ဆီး၊ ဝမ်းမှာပါတဲ့ ဓာတုပစ္စည်းလေးတွေကြောင့် အသားလောင်သွားတာဖြစ်ပါတယ်။

– ဒါကြောင့် သေးခံ (Diaper) ပုံမှန်မလဲဘဲ တစ်ညလုံးအိပ်တဲ့ ကလေးတွေအတွက် သတိထားသင့်တဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ကလေးတွေမှာဆိုရင် nappy rash ကို ပိုဖြစ်စေတဲ့ candida albican လို့ခေါ်တဲ့ မှိုတစ်မျိုး ကူးစက်နိုင်ဖို့ အခွင့်‌အရေး များပါတယ်။ (စိုစွတ်နေတဲ့ မျက်နှာပြင်ဟာ မှိုတွေ ပေါက်ရောက်နိုင်ဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။

– နောက်တစ်ခု က ဝတ်ပေးတဲ့ သေးခံ (Diaper) အမျိုးအစားနဲ့လည်း ဆိုင်ပါတယ်။ ကလေး နဲ့ ဓါတ်မတည့်တဲ့ သေးခံ (Diaper)၊ ဓါတုပစ္စည်းတွေ ပါတဲ့ တံဆိပ်မျိုးနဲ့ ကြပ်လွန်းတဲ့ သေးခံ (Diaper) တွေ ဝတ်ရင်လည်း ဓါတ်မတည့်တာ၊ အရေပြားနဲ့ ပွတ်တိုက်မှု များတာကြောင့် nappy rash ပိုဖြစ်နိုင်ပါတယ်။

– မေမေတို့က ကလေးရဲ့ နူးနူးညံ့ညံ့အသားလေးကို ဆပ်ပြာ နဲ့ ခဏ ခဏ ပွတ်ဆေး‌ ပေးမိတာမျိုး၊ သေးခံ (Diaper) ဝတ်တဲ့ပတ်လည်မှာ ပေါင်ဒါတွေ အများကြီး လိမ်းမိတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

– နောက်ပြီး ကလေးရဲ့ မွေးရာပါ အရေပြားပြဿနာ‌ လေးတွေကြောင့်လည်း ပိုဖြစ်နိုင်ပါသေးတယ်။ ဥပမာ – sensitive skin ဖြစ်တဲ့ ကလေးတွေ (ပုံမှန်ကလေးထက် ဓါတ်မတည့်မှု များတာ)၊ အသားထူအ‌ရေပြား‌ ရောဂါ (psoriasis)၊ နှင်းခူရောဂါ ရှိတဲ့အခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။

???? သေးခံ ဝတ်ပေးသင့်၊ မဝတ်ပေးသင့် ?

ရောဂါရမှာကြောက်လို့ သေးခံ လုံးဝမဝတ်ပေးရတာမျိုးတော့ မဟုတ်ပါဘူး။ အောက်ပါအချက်လေးတွေအတိုင်း လိုက်နာပြီး သေးခံ ဝတ်ပေးနိုင်မယ်ဆိုရင် nappy rash မဖြစ်နိုင်ပါဘူး။

– သေးခံဝတ်ထားတဲ့ နေရာပတ်ပတ်လည်ကို ခြောက်သွေ့အောင် ထားပါ။ သေးခံမှာ အညစ်အကြေးတွေပေနေတာကို သတိထားမိတာနဲ့ ချက်ချင်း သေးခံလဲပေးပါ။
– သေးခံလဲတိုင်း အညစ်အကြေးတွေနဲ့ ပေပွနေတဲ့နေရာတွေကို ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်ရှင်းပေးပြီး အဝတ်သန့်သန့်နဲ့ ခြောက်အောင် ပြန်သုတ်ပါ။
– အညစ်အကြေးတွေနဲ့ ပေပွနေတဲ့နေရာတွေကို ဆေးကြောသန့်ရှင်းပေးတဲ့အခါ အတင်း မတိုက်ချွတ်ပါနဲ့။ အပျော့စား အရေပြားလိမ်းဆေးလေးတွေ (Nappy rash cream) ကို အနီစက် ထွက်တဲ့ ဧရိယာတလျှောက် လိမ်းပေးနိုင်ပါတယ်။
– အရေပြားကို တတ်နိုင်သလောက် လေကောင်းလေသန့်နဲ့ ထိတွေ့အောင် ထားပါ။
– အစက်အပြောက်တွေအများကြီးထွက်ပြီး ပြင်းထန်ခဲ့မယ်ဆိုရင်တော့ သေးခံကို အချိန်တော်တော်ကြာ ချွတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
– ရေနဲ့ဆပ်ပြာသုံးပြီး ခဏခဏ မဆေးကြောပါနဲ့။ တစ်ပတ်ကို (၂-၃) ကြိမ်လောက်ဆို လုံလောက်ပါတယ်။
– ပလတ်စတစ်သေးခံတွေ ဝတ်တာ ရှောင်ပါ။
– ဓာတ်မတည့်တဲ့ အရေပြားရှိတဲ့ ကလေးတွေအတွက် အထူးပြုလုပ်ထားတဲ့ နူးညံ့တဲ့ သေးခံလေးတွေ ဝတ်ပေးပါ။

???? တစ်ခါသုံး သေးခံတွေမသုံးတဲ့ မေမေများအတွက်
– စိုစွတ်နေတဲ့ သုံးပြီးသား သေးခံကို အညစ်အကြေးတွေ သန့်စင်သွားအောင် ရေထဲခဏ စိမ်ထားပါ။ ပြီးနောက် အနည်းဆုံး 60°C ရှိတဲ့ရေနွေးနဲ့ ဖွပ်လျှော်ပါ။
– သေချာခြောက်သွေ့အောင် အခြောက်ခံပြီးမှ ပြန်သုံးပါ။
– အစက်အပြောက်တွေက ဆက်တိုက်မ‌ပျောက်ဘဲ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်တွေးနွေးပြီး မှိုသတ်ဆေးနဲ့ အပျော့စား ကော်တီဆုန်းခရင်မ်တွေ လိမ်းပေးလို့ ရပါတယ်။
– ဒါ့အပြင် ကလေးအရေပြားကို ရေဓာတ်ပြည့်ဝအောင် ရေဓာတ်ဖြည့်ခရင်မ် (ကလေးသုံး Moisturizer) လေးတွေလည်း ဖြည့်စွက်လိမ်းပေးလို့ ရပါတယ်။
– သေးခံတွေ လျှော်ဖွပ်ပြီးတိုင်း မိမိလက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။

ကလေးလေးတွေ ရှူးရှူးလောင်ပြီး နာလို့ ငိုနေရင် မေမေတို့လည်း စိတ်မချမ်းသာဖြစ်ရမှာပါ။
အဲ့တော့ သတိထားဖို့….
???? အရေးအကြီးဆုံးအချက်တွေ ထပ်ပြီး အကြံပြုရရင်

– အရေပြားကို သန့်ရှင်း ခြောက်သွေ့အောင်ထားပါ။
– အရေပြားကို ကာကွယ်ပေးတဲ့ ခရင်မ်အပျော့စားလေးတွေ (Zinc oxide, Petroleum jelly , Nappy rash cream) လိမ်းပေးနိုင်ပါတယ်။
– ဆပ်ပြာအပြင်းစားတွေ၊ ပလတ်စတစ်သေးခံတွေ မသုံးပါနဲ့။
– ကလေးကို ကြိမ်ဖန်များစွာ ရေချိုးပေးတာ၊ ဆေးကြောတာ မလုပ်ပါနဲ့။
– (၃-၄) ရက်အတွင်းမှာ အနာတွေမသက်သာခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့။

???? ကလေးငယ်လေးတွေရှိတဲ့ မိဘများအတွက် အထက်ပါပြောပြထားတဲ့ အချက်လေးတွေကို လိုက်နာရင်း ကလေးအရေပြားလေး ကျန်းမာအောင် ဂရုစိုက်ကြပါလို့ အကြံပြုပါရ‌စေ။
Reference
https: // www. nhs. uk/conditions/baby/caring-for-a-newborn/nappy-rash/
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#သေးခံကြောင့်ဖြစ်တဲ့အနီစက်များ#Nappy_rash

Ministry of Health,

National Unity Government.

Published on: 10 February 2023
Last Updated: 10 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

နှလုံးအားနည်းရောဂါအကြောင်း Heart Failure

နှလုံးဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ်ရဲ့ အဓိကအင်္ဂါ ဖြစ်ပါတယ်။ နှလုံးအားနည်းသွားပြီဆိုရင်တော့ သွေးလည်ပတ်မှုစနစ်ချို့ယွင်းပြီး နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေမှာမို့ "နှလုံးအားနည်းရောဂါ" အကြောင်း သိသင့်သိထိုက်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။. ❓ဘာကြောင့်ဖြစ်ရတာလဲ။ အဓိကကတော့…(၁) နှလုံးညှစ်အား မကောင်းတာရယ်(၂) နှလုံးသွေးဝင်ခန်းကကြွက်သားတွေ တောင့်တင်းပြီး သွေးပြန်ကြောမှပြန်လာတဲ့ သွေးတွေကို ကောင်းကောင်းလက်မခံနိုင်တာရယ်ကြောင့် နှလုံးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။. ❓ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ။ နှလုံးအားနည်းတဲ့...

မိဘဆွေမျိုး သေဆုံးမှုအတွက် အပြစ်ရှိသလို ခံစားရခြင်း

ကျွန်မဦးလေးအရင်းခေါက်ခေါက် ဆုံးတော့ ကျွန်မဆေးကျောင်းဒုတိယနှစ် တက်နေတာထင်တယ်။ အမျိုးထဲမှာ ကျွန်မက သမီးဦး မြေးဦးလည်း ဖြစ်နေလို့ထင်တာပဲ ဦးလေးက ကျွန်မကို တော်တော်လေး ချစ်တယ်။ ကျွန်မကလည်း ချစ်ပါတယ် (ထုတ်တော့မပြဖြစ်ခဲ့ဘူးထင်တယ်) ဦးလေးက ပရဟိတွေလည်း တအားလုပ်တာ။ လမ်းထဲ၊ ရပ်ကွက်ထဲ၊ အလှူပွဲ၊ ပျော်ပွဲရွှင်ပွဲဆိုလည်း သူထိပ်ဆုံးကပဲ။ လွတ်လပ်ရေးနေ့ဆိုရင် မရှိရှိတာလေးတွေစုပြီး...

ခြေတု/လက်တု တပ်ဆင်ပြီးနောက် အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်လေ့လာခြင်း Vocational Training After Prosthesis

ကျွန်မနဲ့ သူတို့ရဲ့ ဆက်သွယ်မှုက ခုလိုအချိန်မှာ သိပ်‌တော့မထူးခြား။ သူတို့အတွက်တော့ ကျွန်မကို ဆရာမဆိုတာတစ်လုံးထက် ပိုမသိ။ နာမည် မသိ။ ဘယ်အရပ်က လာမှန်းမသိ။ သူတို့သိတာ တစ်ခုပဲ ရှိတယ်။ ဆရာမ လာရင် သူတို့ရင်ထဲက စကားတွေကို နားထောင်တယ်၊ သူတို့ဖြစ်ချင်တာကို နားလည်ပြီး ဖြည့်ဆည်းပေးဖို့ ကြိုးစားတယ်၊ သူတို့ကို ချော့လိုက်...

Inner Child လေး နေကောင်းရဲ့လား

ကျွန်မတို့ လူတစ်ဦးတစ်ယောက်စီတိုင်းမှာ ကိုယ့်ရဲ့ငယ်ဘဝ ဖြတ်သန်းခဲ့ရစဉ်ကာလက ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု၊ ရှက်ရွံ့မှု၊ ကြောက်ရွံ့မှု၊ လွတ်လပ်မှု၊ ချစ်ခင်မှု စတဲ့ အမှတ်တရစိတ်ခံစားချက်လေးတွေ ရှိခဲ့ကြမှာ အသေအချာပါပဲ။ အဲဒါတွေနဲ့ဆက်စပ်နေတဲ့ ငယ်ဘဝအစိတ်အပိုင်းလေးဟာ ကျွန်မတို့ရဲ့ inner child လေးပဲ ဖြစ်ပါတယ်။ ဒီအမှတ်တရတွေဟာ ပြန်စဉ်းစားမိတဲ့အခါ ပြုံးမိတဲ့...