MENU

Anaemia (သွေးအားနည်းရောဂါ) (November, 2022)

” သွေးအားနည်းရောဂါ Anaemia “

▫️သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်တစ်သျှူးတွေဆီကို လိုအပ်တဲ့အောက်ဆီဂျင်ပမာဏ သယ်ဆောင်ပေးဖို့အတွက် သွေးနီဥလေးတွေ လုံလောက်စွာ မရှိနေခြင်းကြောင့် ဖြစ်ပါတယ်။

▫️သွေးအားနည်းရောဂါအမျိုးပေါင်းများစွာရှိပြီး ရေတိုဖြစ်နိုင်သလို ရေရှည်လည်းဖြစ်နိုင်ပါတယ်။ လူအများစုမှာတော့ သွေးအားနည်းရတဲ့အကြောင်းအရင်း တစ်ခုထက်ပိုရှိတတ်ပါတယ်။

သွေးအားနည်းရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီးတော့ ကုသနည်းတွေကွဲပြားကြသလို အာဟာရပြည့်ဝအောင်စားသုံးပြီး ဖြည့်စွက်အားဆေးတွေသောက်သုံးမယ်ဆိုရင်တော့ သွေးအားနည်းခြင်းကို ကာကွယ်နိုင်ပါတယ်။

▫️အဲ့တော့ အဖြစ်များတဲ့ သွေးအားနည်းရောဂါအမျိုးအစားတွေနဲ့ ဘာကြောင့်ဖြစ်ရလဲဆိုတာကို လေ့လာရအောင်ပါ။

* Iron Deficiency Anaemia — သံဓာတ်ချို့တဲ့လို့ သွေးအားနည်းခြင်းဖြစ်ပြီး အတွေ့ရအများဆုံးအမျိုးအစားဖြစ်ပါတယ်။ ရိုးတွင်းချဉ်ဆီကနေ သွေးနီဆဲလ်တွေထုတ်ပေးနိုင်ဖို့ iron သံဓာတ်ကို လိုပါတယ်။ သံဓာတ်ချို့တဲ့ပြီဆိုလျှင် သွေးနီဆဲလ်လည်း မလုံလောက်တော့ပါဘူး။ သံဓာတ်အားဆေးမသောက်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ တွေ့ရတတ်ပါတယ်။ သွေးထွက်များတဲ့ရောဂါရှိနေသူတွေမှာလည်း သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတတ်ပါတယ်။ ဥပမာ- ရာသီသွေးအဆင်းများသူများ၊ အစာအိမ်နှင့်အူလမ်းကြောင်းအနာရှိသူများ၊ ဆရာဝန်ညွှန်ကြားချက်မပါဘဲ Aspirin လိုအကိုက်အခဲပျောက်ဆေးသောက်သူများဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ရတဲ့အကြောင်းအရင်းကိုရှာပြီး ကုသဖို့က အရေးကြီးပါတယ်။

* Vitamin Deficiency Anaemia — ခန္ဓာကိုယ်ဟာ သွေးနီဥဆဲလ်တွေထုတ်လုပ်ဖို့ သံဓာတ်အပြင် ဖောလိတ်နဲ့ ဗီတာမင် B-12 ဓာတ်တွေ လိုအပ်ပါတယ်။ အာဟာရပြည့်ဝအောင်မစားသုံးတဲ့သူတွေမှာ သွေးနီဥထုတ်လုပ်တာနည်းပါမယ်။ အာဟာရပြည့်ဝအောင်စားသော်လည်း အာဟာရဓာတ်တွေစုပ်ယူတဲ့နေရာမှာ ပြဿနာရှိနေရင်လည်း သွေးအားနည်းနိုင်ပါတယ်။ အဲ့ဒါကိုတော့ Pernicious Anaemia လို့ခေါ်ပါတယ်။

* Anaemia of Inflammation — ကင်ဆာ၊ HIV၊ သွေးလေးဖက်နာ၊ ကျောက်ကပ်ရောဂါ၊ အာဟာရစုပ်ယူမှုအားနည်းစေသော အူလမ်းကြောင်းဆိုင်ရာရောဂါ ( Crohn’s disease )နဲ့ အခြားရောင်ရမ်းတဲ့ရောဂါရှိတဲ့သူတွေမှာ သွေးနီဥထုတ်လုပ်မှုပြဿနာရှိတာကြောင့် သွေးအားနည်းနိုင်ပါတယ်။

* Aplastic Anaemia — ဒီလိုအဖြစ်ရှားပြီး အသက်အန္တရာယ်ရှိတဲ့အမျိုးအစားကတော့ ခန္ဓာကိုယ်က သွေးနီဥတွေကို မထုတ်လုပ်တော့တာကြောင့် ဖြစ်ရပါတယ်။ ရောဂါပိုးဝင်ခြင်း၊ ကိုယ့်ခုခံအားကိုယ်ပြန်တိုက်တဲ့ Autoimmune disease၊ အချို့သောဆေးဝါးတွေနဲ့ ဓာတုပစ္စည်းထိတွေ့မှုတွေကြောင့် ဖြစ်တတ်ပါတယ်။

* Anaemia associated with Bone Marrow Disease — Leukaemia (သွေးကင်ဆာ)နဲ့ Myelofibrosis စတဲ့ရောဂါတွေမှာ ရိုးတွင်းချဉ်ဆီက သွေးဆဲလ်ထုတ်လုပ်ခြင်းကို အနှောင့်အယှက်ပေးတာကြောင့် ဖြစ်ပါတယ်။

* Hemolytic Anaemia — သွေးနီဥထုတ်လုတ်တဲ့နှုန်းထက် ပျက်စီးတဲ့နှုန်းက ပိုမြန်နေတာကြောင့်ဖြစ်ပါတယ်။ မျိုးရိုးလိုက်တတ်သလို အသက်ကြီးမှလည်းဖြစ်တတ်ပါတယ်။ သွေးနီဥတွေ ပြိုကွဲပျက်စီးစေတဲ့ တခြားရောဂါအမျိုးမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။

* Sickle Cell Anaemia — မျိုးရိုးလိုက်တဲ့ရောဂါဖြစ်ပြီး တစ်ခါတလေစိုးရိမ်ရပါတယ်။ သွေးနီဥလေးတွေက ပုံမှန်ဒိုးနပ်ပုံစံမရှိဘဲ တံစဉ်းပုံစံဖြစ်နေတာကြောင့်လည်း ပျက်စီးလွယ်ပြီး သွေးအားနည်းရပါတယ်။

▫️သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေကတော့….

* နုံးချိခြင်း
* အားမရှိခြင်း
* ဖြူဖတ်ဖြုလျော်ဖြစ်ခြင်း
* နှလုံးခုန်မမှန်ခြင်း
* အသက်ရှူကြပ်ခြင်း
* ခေါင်းမူး၊ ခေါင်းကိုက်ခြင်း
* ရင်ဘတ်အောင့်ခြင်း
* ခြေလက်များအေးခြင်းတို့ဖြစ်ပါတယ်။

▫️သွေးအားနည်းရောဂါကို ပိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့….

* အာဟာရပြည့်ဝအောင်မစားခြင်း
* အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါများ
* ရာသီလာခြင်း
* ကိုယ်ဝန်ဆောင်များ
* နာတာရှည်ရောဂါရှိသူများ
* မိသားစုမျိုးရိုးရှိခြင်း
* အသက်ကြီးသူများနှင့်
* အခြားသောရောဂါများဖြစ်ပါတယ်။

▫️သွေးအားနည်းရောဂါဟာ ပုံမှန်ဆို ရောဂါလက္ခဏာမပြင်းထန်ပေမယ့် မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲရောဂါဝေဒနာတွေခံစားရနိုင်ပါတယ်။

* အလွန်အမင်းနုံးချိခြင်း

* နှလုံးရောဂါများ ( နှလုံးခုန်မြန်ခြင်း၊ နှလုံးကြီးခြင်းနှင့် နှလုံးအလုပ်မလုပ်တော့ခြင်း )

* အသက်သေဆုံးခြင်း ( အချို့သောမျိုးရိုးလိုက်တဲ့ရောဂါမျိုးတွေမှာဆိုရင် သွေး၊ သွေးနီဥဆုံးရှုံးမှုများပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ )

▫️သွေးအားနည်းခြင်းကို ကာကွယ်ဖို့ သံဓာတ်ကြွယ်ဝတဲ့ အနီရောင်အသားများ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ Vitamin B-12 နှင့် ဖောလိတ်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်များ၊ အစေ့အဆန်များ၊ နို့ထွက်ပစ္စည်းအမျိုးမျိုးကို စားသုံးပေးရပါမယ်။ သံဓာတ်စုပ်ယူမှုအားကောင်းစေတဲ့ Vitamin C ကြွယ်ဝတဲ့ အစားအစားတွေလည်း စားသုံးပေးရပါမယ်။

“ သွေးအားနည်းရောဂါများအတွက် တိုင်ပင်ဆွေးနွေးလိုပါက တယ်လီကျန်းမာဆေးခန်းတွင် အခမဲ့အွန်လိုင်းဘိုကင်ယူပြီး ဆွေးနွေးနိုင်ပါပြီ။ “

Reference:????
https://www.mayoclinic.org/…/symptoms-causes/syc-20351360

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#anaemia#သွေးအားနည်းခြင်

Ministry of Health,

National Unity Government.

Published on: 15 November 2022
Last Updated: 15 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...