ပျော်ရွှင်မှုဆိုတာ… အဝေးကြီးမှာ မဟုတ်ပါ။
တစ်ခါတလေ ကျွန်မတို့တွေဟာ ကြီးမားတဲ့ အောင်မြင်မှုတွေနောက်ကို လိုက်ရင်းနဲ့ လမ်းဘေးက ပန်းလေးတွေ ပွင့်နေတာကိုတောင် သတိမထားမိနိုင်လောက်အောင် မောဟိုက်နေတတ်ကြပါတယ်။
ကိုယ်နဲ့အဝေးကြီးက ပျော်ရွှင်မှုကို မျှော်လင့်ရင်းနဲ့ အခုလက်ရှိ ကိုယ့်ဘေးနားက တန်ဖိုးရှိတဲ့ အသေးအဖွဲလေးတွေကို ခံစားကြည့်ဖို့လည်း မေ့မသွားစေချင်ပါ။
ဒါကြောင့် စိတ်ပင်ပန်းနေတဲ့အချိန်မှာ ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့ အသေးအဖွဲလေးတွေကနေ ပျော်ရွှင်မှုကို စတင်ရှာဖွေကြည့်ကြရအောင်ပါ။
တကယ်တော့ စိတ်ကလေးကျန်းမာဖို့ဆိုရင် ကြီးမားတဲ့ အောင်မြင်မှုတွေထက် နေ့စဉ်ဘဝရဲ့ “ ဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေ” (Simple Joys) လေးတွေက ပိုအရေးပါပါတယ်။ သေးငယ်သော အောင်မြင်မှု “ Small Wins” လို့လည်း ပြောလို့ရတာပေါ့။
.
ဆိုတော့
” အခု” ကို ခဏလောက် အာရုံစိုက်ကြည့်ရအောင်။
ကျွန်မတို့ရဲ့ ဦးနှောက်ဟာ အလုပ်တွေနဲ့ အမြဲရှုပ်ထွေးနေတတ်ပါတယ်။ အဲဒီလိုအချိန်မှာ ကိစ္စတွေအများကြီးကို တစ်ပြိုင်တည်း တွေးမနေပါနဲ့ဦး။ မနက်ခင်းမှာ သောက်လိုက်ရတဲ့ ကော်ဖီပူပူလေးရဲ့ အငွေ့အသက်၊ လမ်းလျှောက်နေတုန်း တိုက်ခတ်လာတဲ့ လေအေးအေးလေး ဒါမှမဟုတ် အိမ်က ခွေးလေး၊ ကြောင်လေးက ကိုယ့်ကို လာတိုးတဲ့ အထိအတွေ့၊ ပြတင်းပေါက်ကလှမ်းမြင်ရတဲ့ပန်းလေးတွေ စသဖြင့်… အဲဒါလေးတွေကို ခဏလောက်ငြိမ်ပြီး ခံစားကြည့်ပေးပါ။ အဲဒီ စက္ကန့်ပိုင်းလေးတွေမှာ ကိုယ့်ရဲ့ရှင်သန်မှုကို အပြည့်အဝခံစားပါ။
.
ကိုယ့်ကိုယ်ကိုယ် ချီးကျူးဖို့ မမေ့ပါနဲ့။
” ဒီနေ့ ငါ အိပ်ရာကနေ စောစောထနိုင်ခဲ့တယ်” ၊ “ ဒီနေ့ ငါ ထမင်းပုံမှန်စားဖြစ်တယ်” ၊ “ ဒီနေ့ ငါ ဘယ်သူ့ကိုမှ မအော်မိဘူး” စသဖြင့် ချီးကျူးပါ။ ဒါတွေဟာ တခြားသူအတွက် ဘာမှမဟုတ်ပေမယ့် ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းနေရတဲ့ ကျွန်မတို့အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတွေပါ။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး မတင်းကျပ်ပါနဲ့။
မောရင် ခဏရပ်ပါ။ အနားယူပါ။ ဖုန်းတစ်လုံးတောင် အားသွင်းဖို့ လိုသေးတာပဲ။ လူဆိုတာ ပိုတောင် လိုအပ်တာပေါ့နော်။
.
ကျေးဇူးတင်စရာလေးတွေ ရှာဖွေပါ။ (Gratitude)
တစ်နေ့တာကုန်လို့ အိပ်ရာဝင်ခါနီးမှာ ဒီနေ့အတွက် ကျေးဇူးတင်စရာ (၃) ခုလောက်ကို စဉ်းစားကြည့်ပါ။
” ဒီနေ့ ကားပိတ်ပေမယ့် သီချင်းကောင်းကောင်းလေး နားထောင်လိုက်ရတယ်” ဆိုတာမျိုးလေးပေါ့။ ဒါက ကိုယ့်ရဲ့စိတ်ကို အကောင်းမြင်တဲ့ဘက် (Positive rewiring) ရောက်အောင် ဦးနှောက်ကို လေ့ကျင့်ပေးတာပါ။
.
ပစ္စုပ္ပန်မှာ ပျော်အောင်နေပါ။
နောင်တတွေနဲ့ အတိတ်မှာလည်း မပိတ်လှောင်ပါနဲ့။ စိုးရိမ်မှုတွေနဲ့ အနာဂတ်ကိုလည်း ကြိုပြီးမပူပင်ပါနဲ့။ ဘဝဆိုတာ ပန်းတိုင်တစ်ခုတည်း မဟုတ်ပါ။ အဲဒီပန်းတိုင်ကို သွားနေတဲ့ လမ်းတစ်လျှောက်က ခံစားချက်လေးတွေကို စုစည်းပါ၊ အသိအမှတ်ပြုပါ။
…
…
တကယ်တော့ ကိုယ်တိုင်က မပျော်ရွှင်ဘဲနဲ့ တခြားသူတွေကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ပါဘူး။
ဒီနေ့ရော ဘယ်အရာတွေက ကိုယ့်ကို ပြုံးမိစေခဲ့ပြီးပြီလဲဆိုတာကို ပြန်ပြန်တွေးကြည့်ပါ။ အသေးအဖွဲလေးပဲဆိုရင်လည်း ရပါတယ်။
.
ကဲ…သေးငယ်သော အောင်မြင်မှု “ Small Wins” တွေကို ဘယ်လိုရယူရမလဲဆိုတာကို အချင်းချင်းမျှဝေရင်း အကြည်ဓာတ်တွေ၊ ပျော်ရွှင်မှုတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေနော်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

