သင်ဟာ အိုမင်းမစွမ်းဖြစ်နေတဲ့ မိဘတွေအတွက် အားကိုးရာ၊ သားသမီးတွေအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ ခိုနားရာ၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် ပြဿနာဖြေရှင်းပေးသူ ဒါမှမဟုတ် လူတိုင်း ပြေးလာပြီး မှီခိုအားထားရတဲ့ “ အရာရာကို ဦးဆောင်နေရသူ” တစ်ယောက် ဖြစ်နေပြီလား။

‎အပြင်ပန်းကကြည့်ရင် သင်ဟာ သန်မာတယ်။ မပြိုလဲဘူး။ အမြဲတမ်း အဆင်ပြေနေသလိုပါပဲ။ ‎ဒါပေမယ့် သင့်ရဲ့အတွင်းစိတ်နဲ့ ခန္ဓာကိုယ်မှာတော့ ဘယ်သူမှ မမြင်နိုင်တဲ့ စစ်ပွဲတစ်ခုဟာ ဖြစ်ပွားနေတတ်ပါတယ်။

‎သူများတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကြာရှည်စွာ ထမ်းပိုးထားရခြင်းက သင့်ရဲ့စိတ်ကို ပင်ပန်းစေရုံမျှ မဟုတ်ပါဘူး။ သင့်ရဲ့ ခန္ဓာကိုယ်ဆဲလ်တွေ၊ အာရုံကြောတွေကအစ အဲဒီဝန်ကို မျှဝေထမ်းပိုးရင်း တိတ်တဆိတ် ပင်ပန်းနေကြရပါတယ်။
‎.

‎🍀 စိတ်ထောင်းလို့ ကိုယ်ကြေ 🍀

‎စိတ်ပညာမှာ “ The Body Keeps the Score” (ခန္ဓာကိုယ်က အရာရာကို မှတ်တမ်းတင်ထားနိုင်သည်) ဆိုတဲ့ စကားရှိပါတယ်။ သင့်စိတ်က “ ငါ အဆင်ပြေပါတယ်။ ငါ လုပ်နိုင်ပါတယ်။” လို့ သင့်ဦးနှောက်ကို လိမ်ညာလို့ ရကောင်းရနိုင်ပေမယ့် သင့်ခန္ဓာကိုယ်ကိုတော့ လိမ်ညာလို့ မရပါဘူး။

‎စိတ်ဖိစီးမှုနဲ့ တာဝန်ဝတ္တရားတွေက များပြားလာတဲ့အခါ သင့်ခန္ဓာကိုယ်က Cortisol နဲ့ Adrenaline လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို အဆက်မပြတ် ထုတ်ပေးနေရပါတယ်။ ရလဒ်အနေနဲ့ သင့်အာရုံကြောစနစ်ဟာ “ Fight or Flight” (တိုက်ခိုက်မလား၊ ထွက်ပြေးမလား) ဆိုတဲ့ အသင့်အနေအထား (Survival Mode) မှာ အမြဲတမ်းရောက်နေတတ်ပါတယ်။

‎ဒါကြောင့် သင် အိပ်စက်အနားယူနေရင်တောင် သင့်ခန္ဓာကိုယ်က အမှန်တကယ် အနားမရတော့ပါဘူး။ လူက အိပ်နေပေမယ့် စိတ်က အိပ်မပျော်ဘဲ တစ်ညလုံး သိနေတာမျိုးပေါ့။
‎…
‎…

‎🍀 ခန္ဓာကိုယ်ထဲက သင်သတိမထားမိသော တော်လှန်မှုများ 🍀

‎သင့်ခန္ဓာကိုယ်က လေးလံဝန်ပိနေရင် အောက်ပါ လက္ခဏာတွေနဲ့ သင့်ကို စကားပြောနေတတ်ပါတယ်။ သင်ကတော့ ခန္ဓာကိုယ်ရဲ့ စကားသံတွေကို မသိဘဲ “ ရောဂါတစ်ခုခု စွဲကပ်နေတာများလား” လို့တောင် ထင်မှတ်မှားနိုင်ပါတယ်။

‎၁။ ရင်ဘတ်ထဲမှာ လေးလံနေခြင်း (Chest Tightness)

‎နှလုံးရောဂါမဟုတ်ဘဲ ရင်ဘတ်ထဲမှာ တင်းကျပ်နေတာ၊ အသက်ရှူရတာ မဝသလို ခံစားရတာတွေဟာ “ ငါ့မှာ ဝန်တွေပိနေပြီ” လို့ သင့်ခန္ဓာကိုယ် က အော်ဟစ်နေခြင်း ဖြစ်ပါတယ်။ ဖွင့်ချပြခွင့်မရတဲ့ ဝမ်းနည်းနာကြင်မှုတွေနဲ့ စိုးရိမ်မှုတွေက ရင်ဘတ်ကြွက်သားတွေကို တင်းမာစေတာပါ။
‎.

‎၂။ နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း (Chronic Fatigue)

‎ညဘက်မှာ ဘယ်လောက်ပဲအိပ်အိပ်၊ မနက်နိုးလာရင် လူက မလန်းဆန်းဘူး။ အားအင်ကုန်ဆုံးပြီး နုံးချိနေတာမျိုးကို ခံစားရနိုင်ပါတယ်။ ကားတစ်စီးကို အင်ဂျင်မရပ်ဘဲ ၂၄ နာရီ မောင်းနှင်ထားသလိုမျိုး သင့်အာရုံကြောတွေက အမြဲတမ်း “ ON (လုပ်ဆောင်)” နေတဲ့အတွက် စိတ်စွမ်းအင်တွေ ကုန်ဆုံးနေတာ ဖြစ်ပါတယ်။
‎.

‎၃။ ထူးဆန်းသော နာကျင်မှုများ (Unexplained Aches)

‎ပခုံးတွေ လေးလံတာ၊ ဇက်ကြောတွေ တက်တာ၊ ခါးနာတာတွေဟာ ပင်ပန်းတဲ့အလုပ်တွေ လုပ်မိလို့ မဟုတ်ပါဘူး။ “ လောကကြီးရဲ့ ဝန်ကို ထမ်းထားရတယ်” ဆိုတဲ့ စိတ်ခံစားချက်က ပခုံးနဲ့ လည်ပင်းကြွက်သားတွေကို အလိုအလျောက် တင်းမာစေလို့ ဖြစ်ပါတယ်။
‎.

‎၄။ အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

‎ဦးနှောက်နဲ့ အစာအိမ်ဟာ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ စိတ်မလုံခြုံတဲ့အခါ၊ စိတ်ပူပင်တဲ့အခါ အစာမကြေတာ၊ နည်းနည်းလေးစားလိုက်တာနဲ့ ပြည့်အင့်သွားတာ၊ ဗိုက်နာတာ၊ ဝမ်းမမှန်တာတွေ ဖြစ်လာတတ်ပါတယ်။
‎.

‎၅။ အလွန်အမင်း သတိထားမိနေခြင်း (Hypervigilance)

‎အိမ်မှာ အနားယူနေရင်တောင် ဖုန်းသံကြားရင် လန့်သွားတာ၊ ကိုယ်ခန္ဓာမှာ ဝေဒေနာတစ်ခုခု ခံစားလာရရင် ကျန်းမာရေးပြဿနာ ဖြစ်လာတော့မလို စိုးရိမ်နေတာ၊ သူများတွေရဲ့ မျက်နှာရိပ်မျက်နှာကဲကို အမြဲတမ်း စောင့်ကြည့်နေမိတာတွေဟာ သင့်အာရုံကြောစနစ်က လုံခြုံမှုမရှိဘူးလို့ ခံစားနေရတဲ့ လက္ခဏာတွေပါ။ ‎တစ်ခုခုဆိုရင် အမြဲထိတ်လန့်နေရတဲ့အတွက် ပျော်ရွှင်ချမ်း‌မြေ့မှုတွေလည်း ပျောက်ဆုံးသွားတတ်ပါတယ်။
‎…
‎…

‎🍀 သန်မာပြရခြင်း၏ နောက်ကွယ်က အရိပ်မည်းကြီး 🍀

‎ခေါင်းဆောင်တွေ၊ ပြုစုစောင့်ရှောက်သူတွေမှာ အဖြစ်အများဆုံး အမှားကတော့ “ ငါလဲကျလို့ မဖြစ်ဘူး” ဆိုတဲ့ အတွေးပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်း ကြုံဖူးပါတယ်။ ရှေ့ဆက်တိုးနိုင်သေးတယ်၊ လုပ်နိုင်သေးတယ်လို့ ထင်နေပေမယ့် တစ်နေ့မှာ ခန္ဓာကိုယ်က “ ငါဆက်မလုပ်နိုင်တော့ဘူး။ တော်လိုက်ပါတော့။” ဆိုပြီး သပိတ်မှောက်လိုက်တဲ့အချိန်မျိုးဟာ ရောက်လာတတ်ပါတယ်။ အဲဒီအခါမှာ Burnout ဆိုတဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်းအဆင့်ကို ရောက်သွားပါလိမ့်မယ်။

‎တကယ်‌တော့ သန်မာခြင်းဆိုတာဟာ ပင်ပန်းနွမ်းနယ်မှု၊ နာကျင်မှုကို မသိချင်ယောင်ဆောင်လိုက်တာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ။ ကြင်နာခြင်းဆိုတာဟာလည်း သူတစ်ပါးရဲ့ အဆိပ်တွေကို ကိုယ့်ခန္ဓာကိုယ်ထဲမှာ စုပ်ယူသိမ်းဆည်းထားရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မှီခိုအားထားရသူဖြစ်ခြင်းဆိုတာဟာ ကိုယ့်ကျန်းမာရေးကို စတေးပြီးမှ ရယူရမယ့် ဘွဲ့ထူးဂုဏ်ထူး မဟုတ်ပါဘူးနော်။

‎…
‎…

‎ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားပေးဖို့ ဘာတွေကို လိုအပ်မလဲ။

‎သင်ဟာ သူတစ်ပါးအတွက် အမြဲတမ်း ပေးဆပ်နေသူ (Giver) သို့မဟုတ် သူတစ်ပါးစိတ်ကျေနပ်အောင် ပြုလုပ်ပေးနေရသူ (Pleaser) ဖြစ်နေရင် ဒီစကားလေးတွေကို သင့်ကိုယ်သင် ပြန်ပြောပြပေးပါ။

‎🛡️ “ ငါ ရပ်နားခွင့် ရှိတယ်။”

‎ဖုန်းဘက်ထရီတောင် အားကုန်ရင် အားပြန်သွင်းရပါတယ်။ သင့်ကိုယ်သင် အနားပေးခြင်းဟာ ဖြုန်းတီးခြင်းမဟုတ်ပါဘူး။ ကိုယ်တိုင် စိတ်ခွန်အားပြည့်နေမှ၊ ကျန်းမာနေမှ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ဆက်လုပ်ခွင့်ရမှာပါ။
‎.

‎🛡️ “ ငါ အရာရာကို မပြုပြင်ပေးနိုင်ဘူး။”

‎သူများတွေရဲ့ပြဿနာကို နားထောင်ပေးလို့ ရပေမယ့် အဲဒီပြဿနာကို ကိုယ့်ပခုံးပေါ်ကို ထမ်းတင်စရာ မလိုပါဘူး။ တစ်ပါးသူတွေရဲ့ ပြဿနာတွေဟာ ကိုယ့်ပြဿနာမဟုတ်တဲ့အတွက် ကိုယ်တိုင်ဖြေရှင်းပေးနေစရာ မလိုပါဘူး။ “ စာနာခြင်း” (Empathy) နဲ့ “ တာဝန်ယူခြင်း” (Responsibility) ကို ခွဲခြားထားပါ။
‎.

‎🛡️ “ မပြည့်စုံလည်း ဖြစ်တယ်။”

‎သင်ဟာ စူပါဟီးရိုး မဟုတ်ပါဘူး။ လူသားတစ်ယောက်ပါ။ မှားယွင်းခွင့်ရှိတယ်။ မောပန်းခွင့်ရှိတယ်။ “ မလုပ်နိုင်တော့ဘူး” လို့ ငြင်းဆန်ခွင့် ရှိပါတယ်။ ဗုဒ္ဓဘုရားတောင်မှ သတ္တဝါအားလုံးကို မချေချွတ်နိုင်ပါဘူး။ ကယ်လို့ရတဲ့သူကိုပဲ ကယ်ခဲ့ပါတယ်။
‎.

‎🛡️ “ A home also need a home”

‎အဲဒီစကား‌လေးရဲ့ ဆိုလိုရင်းကတော့ “ သင်ဟာ တစ်ပါးသူတွေရဲ့ စိတ်လုံခြုံဖို့၊ ဘေးကင်းလုံးခြုံဖို့အတွက် ခိုနားရာ အိမ်တစ်လုံး ဖြစ်ပေးနေရတယ်ဆိုရင်တောင် သင်ပင်ပန်းနွမ်းနယ်လာတဲ့အခါမှာလည်း တိတ်ဆိတ်လုံခြုံပြီး ကိုယ်ယုံကြည်စိတ်ချရတဲ့ အိမ်ကလေးတစ်လုံးမှာ ဘဝအမောတွေကို ချွေးသိပ်ဖြေပြီး အနားယူဖို့ လိုအပ်ပါတယ်။” တဲ့။
‎…
‎…

‎အဓိက မှာချင်တာကတော့ သင်ဟာ သူများတွေအတွက် အလင်းရောင်ပေးနေရသူဆိုရင် ကိုယ့်မီးစာကိုယ်တိုင်က ကုန်ခမ်းမသွားအောင် ဂရုစိုက်ဖို့ လိုပါတယ်။

‎🌴 သူများတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ခဏချထားလိုက်ပါ။

‎🌴 ပြတင်းပေါက်ကို ဖွင့်၊ လေကို ဝဝရှူပြီး သင့်ခန္ဓာကိုယ်လေးကို “ ကျေးဇူးတင်ပါတယ်။ လုပ်ဆောင်ခဲ့ရတဲ့အလုပ်တွေအတွက် ပင်ပန်းသွားပြီနော်။” လို့ ပြန်ပြောပေးပါ။

‎” သင်ဟာ သင့်ဘဝမှာ အရေးအကြီးဆုံးဆိုတာကို မမေ့ပါနဲ့။”

‎စေတနာဖြင့်
‎အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here