လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)
ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို အရိုးရှင်းဆုံး ပြောရရင်တော့ “ တစ်ဖက်လူရဲ့ အခြေအနေကို ထည့်မတွက်ဘဲ လူကိုပဲ တိုက်ရိုက်အပြစ်တင်မိတာ” ပါပဲ။
.
၁။ FAE ဆိုတာ ဘာလဲ။
တစ်စုံတစ်ယောက်က အမှားတစ်ခုခု လုပ်လိုက်တဲ့အခါ ဒါမှမဟုတ် ထူးခြားတဲ့ အပြုအမူတစ်ခု ပြုလုပ်တဲ့အခါ သူ့ရဲ့ ပတ်ဝန်းကျင်အခြေအနေ ဒါမှမဟုတ် မလွှဲမရှောင်သာတဲ့ အကြောင်းရင်းတွေကို ထည့်မစဉ်းစားဘဲ “ သူ့စိတ်ဓာတ်က ဒီလိုပဲ၊ သူ့အကျင့်ကိုက မကောင်းလို့” ဆိုပြီး ချက်ချင်း ကောက်ချက်ချလိုက်တာကို ဆိုလိုတာပါ။
.
၂။ လက်တွေ့ဘဝက ဥပမာများ
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒါဟာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပျက်နေတတ်ပါတယ်။
ဥပမာ။ လမ်းပေါ်မှာ ကားတစ်စီးက ကျွန်မတို့ကို အရှိန်နဲ့ ဝူးခနဲ ကျော်တက်သွားတဲ့အခါ “ ဒီလူကတော့ တကယ့် လူမိုက်ပဲ၊ တစ်ကိုယ်ကောင်းသမား” လို့ ချက်ချင်း အပြစ်တင်မိပါတယ်။ တကယ်တော့ အဲဒီလူဟာ သူ့မိသားစုဝင်တစ်ဦးကို ဆေးရုံ အရေးပေါ် ပို့နေရတာလည်း ဖြစ်နိုင်ပါတယ်။
လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က report အချိန်မီ မပြီးတဲ့အခါ “ သူက ပေါ့ဆတယ်၊ အလုပ်ကို သေချာ တာဝန်ယူမှုမရှိဘူး” လို့ သတ်မှတ်လိုက်ပါတယ်။ တကယ်တော့ သူ့မှာ ကွန်ပျူတာ ပျက်သွားတာမျိုး ဒါမှမဟုတ် အထက်လူကြီးက တခြား အရေးပေါ်အလုပ်တစ်ခု ထပ်ခိုင်းလိုက်တာမျိုး ရှိနိုင်ပါတယ်။
စားသောက်ဆိုင်က ဝန်ထမ်းတစ်ယောက်က ကိုယ့်အပေါ်မျက်နှာမကောင်းဘဲ ဆက်ဆံတဲ့အခါ “ ဒီဝန်ထမ်းက ဆက်ဆံရေး တကယ့်ကို ညံ့တာပဲ” လို့ တံဆိပ်ကပ်လိုက်ပါတယ်။ တကယ်တော့ သူ့ခမျာ တစ်နေကုန် နားချိန်မရှိဘဲ လူပင်ပန်းနေတာ ဒါမှမဟုတ် အိမ်မှာ စိတ်ညစ်စရာကိစ္စတစ်ခုခု ရှိနေတာ ဖြစ်နိုင်ပါတယ်။
…
…
🤝 လူမှုဆက်ဆံရေးမှာ ဘာလို့ အရေးကြီးသလဲ။
ဒီ FAE ကြောင့်ပဲ ကျွန်မတို့ဟာ ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ ချစ်ရသူတွေနဲ့ အက်ကြောင်းတွေ ဖြစ်လာတတ်ပါတယ်။ သူငယ်ချင်းတစ်ယောက် ချိန်းထားတာ နောက်ကျတဲ့အခါ “ သူက ငါ့ကို အလေးမထားဘူး” လို့ စိတ်ကောက်မိတတ်ကြပါတယ်။ တကယ်တမ်း သူ့မှာ လမ်းပိတ်နေတာမျိုး ဒါမှမဟုတ် မိသားစုကိစ္စ အရေးကြီးတာရှိနေရင်တောင် ကျွန်မတို့က အခြေအနေကို မမြင်ဘဲ သူ့အကျင့်ကိုပဲ အပြစ်တင်လိုက်မိတာမျိုးပါ။ (ခဏခဏ ထပ်ခါထပ်ခါဖြစ်နေတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့နော်)
…
…
၃။ FAE ရဲ့ ဆိုးကျိုးများ
ဒီလိုမျိုး လူကိုပဲ အလွယ်တကူ တံဆိပ်ကပ် (Label တပ်) မိတဲ့အခါ ကျွန်မတို့မှာ ကိုယ်ချင်းစာတရား (Empathy) နည်းသွားတတ်ပါတယ်။ “ သူက ပျင်းလို့” ၊ “ သူက ရိုင်းလို့” စသဖြင့် အပြစ်တင်တတ်တဲ့ အကျင့်ကြောင့် ပတ်ဝန်းကျင်အပေါ် အမြဲ အဆိုးမြင်စိတ်တွေ များနေပြီး ဒါဟာ ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုပါ ထိခိုက်စေပါတယ်။
…
…
၄။ ဘယ်လို သတိထား ပြုပြင်ကြမလဲ။
ကျွန်မတို့ဟာ ကိုယ့်အလှည့်ဆိုရင်တော့ “ လမ်းပိတ်လို့၊ ဗိုက်နာလို့” ဆိုပြီး အခြေအနေတစ်ခုကို အကြောင်းပြလေ့ရှိပြီး သူတစ်ပါးအလှည့်ဆိုရင်တော့ စရိုက်ကိုပဲ အပြစ်တင်တတ်တာ လူသားသဘာဝပါ။
ဒါကို ပြုပြင်ဖို့အတွက်ဆိုရင်
📌 အလျင်စလို ကောက်ချက်ချခြင်းကို ခဏနားပါ (Pause Before Judging)
တစ်စုံတစ်ယောက်ရဲ့ အပြုအမူကြောင့် ကိုယ်က စိတ်တိုသွားတဲ့အခါ “ သူ့မှာ ငါမသိနိုင်တဲ့ အခက်အခဲ တစ်ခုခု ရှိနေလို့ ဖြစ်မှာပါ” ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်စိတ်ကို အရင်ဆုံး တည်ငြိမ်အောင် ထားကြည့်ပါ။ ဒါဟာ တစ်ဖက်လူကို နားလည်ပေးတာထက် ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို အရင်ကာကွယ်လိုက်တာပဲ ဖြစ်ပါတယ်။
.
📌 ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြည့်ပါ (Self-Reflection)
ကိုယ်တိုင် အမှားတစ်ခုခု လုပ်မိတဲ့အခါ “ ငါကတော့ အခြေအနေကြောင့်ပါ” လို့ ဆင်ခြေပေးတတ်သလိုမျိုး သူတစ်ပါး အမှားလုပ်တဲ့အခါမှာလည်း “ သူ့မှာလည်း ငါ့လိုပဲ အခြေအနေတွေ ရှိမှာပါ” လို့ မျှမျှတတ စဉ်းစားပေးပါ။
ကိုယ့်အလှည့်မှာ သုံးတဲ့စံနှုန်းနဲ့ သူတစ်ပါးအလှည့်မှာ သုံးတဲ့စံနှုန်းကို တူညီအောင် ညှိယူခြင်းဟာ FAE ကနေ ကျော်လွန်စဉ်းစားတတ်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။
ဒီလိုမျိုး ဘက်ပေါင်းစုံက စဉ်းစားပေးခြင်းအားဖြင့် ဒေါသကို ထိန်းချုပ်နိုင်ပြီး ပိုမိုနွေးထွေးတဲ့၊ ခိုင်မာတဲ့ လူမှုဆက်ဆံရေးတွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်…….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

