“ လူတိုင်းရဲ့ရင်ထဲမှာ မောင်းတံတစ်ခုစီတော့ ရှိကြတယ်။ အဲဒါကို ဆွဲ/မဆွဲဆိုတာက ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်တယ် ” ဆိုတဲ့ စကားလေး . . .

လတ်တလောကြည့်မိတဲ့ ရုပ်ရှင်ထဲက စာသားလေးပါ။ ကျွန်မအတွက် အဓိပ္ပါယ်ရှိပြီး အတွေးတွေများစေတဲ့ စကားစုလေး တစ်ခုပေါ့ ။

ကျွန်မတို့ နေ့စဉ်ဘဝမှာရော မောင်းတံလေးတွေနဲ့ ဘယ်နှစ်ကြိမ်များ ရင်ဆိုင်ခဲ့ကြပြီးပြီလဲ။

ဘဝမှာ သည်းမခံနိုင်လောက်အောင် စိတ်တို‌ဒေါသထွက်တာ၊ တအားဝမ်းနည်းတာ၊ စိတ်လိုက်မာန်ပါ လုပ်လိုက်ချင်တာမျိုးတွေ ဖြစ်လာတဲ့အခါမှာ ရင်ထဲကနေ ဝုန်းခနဲ ဖြစ်လာတဲ့ အဲဒီမောင်းတံလေးကို ဆွဲမိဖို့ဆိုတာ လွယ်ကူလှပါတယ်။

တကယ်ဆွဲမိတဲ့အခါလည်း ရှိသလို၊ အသိစိတ်နဲ့ပြန်ထိန်းလိုက်နိုင်တဲ့အချိန်တွေလည်း ရှိကြမှာပါပဲ။

ဒီမောင်းတံလေးကိုပဲ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေက “ Trigger” လို့ ခေါ်ကြပါတယ်။

မောင်းတံကို ဆွဲလိုက်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ။

မောင်းတံကို ဆွဲလိုက်တယ်ဆိုတာ စိတ်ခံစားမှုနောက်ကို အမီလိုက်ပြီး ချက်ချင်းတုံ့ပြန်လိုက်မိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဥပမာ . . .

  • ဒေါသဆိုတဲ့ မောင်းတံလေးဆိုပါစို့။

ရုံးမှာ အလုပ်ရှင်ရဲ့ စကားတစ်ခွန်းကြောင့် စိတ်တိုပြီး စကားကြမ်းတွေ ပြောလိုက်မိမယ်။ ဒီလိုလုပ်လိုက်ရလို့ ခဏတာတော့ ပေါ့သွားသလို ခံစားရပေမယ့် ရေရှည်မှာတော့ အလုပ်မှာ အဆင်မပြေတာတွေ၊ အလုပ်ပြောင်းရတာ‌တွေအထိ ဖြစ်သွားနိုင်တာမျိုးပေါ့။

  • ချစ်ရသူတစ်ယောက်နဲ့ စကားများတဲ့အခါ

စကားများကြရင်း စိတ်လိုက်မာန်ပါနဲ့ ရင့်ရင့်သီးသီးစကားတွေ ပြောဆိုမိမယ်။ နောက်ဆက်တွဲက မိသားစု/ချစ်သူ ဆက်ဆံရေးမှာ အကြီးအကျယ် ထိခိုက်စေမယ်။ နောက်မှ နောင်တရတာမျိုးတွေ ဖြစ်လာနိုင်တာပေါ့။
.

  • ဝမ်းနည်းခြင်းဆိုတဲ့ မောင်းတံ

စိတ်ပျက်အားငယ်စရာ တစ်ခုခုကြုံလာတဲ့အခါ ဘယ်သူနဲ့မှ မတွေ့ချင်၊ မပြောချင်ဘဲ ကိုယ့်ကိုယ်ကိုယ် အခန်းထဲမှာပဲ ပိတ်ထားလိုက်မိမယ်ဆိုရင် ဝမ်းနည်းမှုကို ပိုနက်ရှိုင်းစေပြီး တစ်ခါတစ်ရံ စိတ်ဓာတ်ကျခြင်း (Depression) ကိုပါ ဖြစ်စေနိုင်ပါတယ်။

✔️ မောင်းတံကို မဆွဲမိအောင် ထိန်းထားနိုင်တဲ့အခါ

မောင်းတံကို မဆွဲမိအောင် ထိန်းထားတယ်ဆိုတာ စိတ်ခံစားချက်တွေကို လုံးဝမခံစားရအောင် ဖိနှိပ်ထားလိုက်တာ၊ လစ်လျူရှုထားလိုက်တာမျိုးတော့ မဟုတ်ပါဘူး။

ခံစားချက်ကိုလည်း ခံစားခွင့်ပေးမယ်။ သို့သော် ချက်ချင်း တုံ့ပြန်မယ့်အစား ခဏရပ်တန့်ပြီး စဉ်းစားလိုက်တာကို ဆိုလိုချင်တာပါ။

ဒီနေရာမှာ နှလုံးသားက လုပ်ချင်တာကို ဦးနှောက်ရဲ့ ဆင်ခြင်တုံတရားနဲ့ ပြန်ထိန်းချုပ်နိုင်စွမ်းလို့လည်း ပြောလို့ရတာပေါ့။ ဒါကြောင့် စိတ်ကျန်းမာရေးကောင်းမွန်ကြံ့ခိုင်တဲ့သူတွေဟာ ဒီလိုထိန်းချုပ်နိုင်စွမ်း ပိုကောင်းကြတယ်လို့ဆိုပါတယ်။ သမာဓိအားကောင်းတယ်ဆိုတာမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူတို့ဟာ စိတ်ခံစားမှုပြင်းထန်တဲ့ အခြေအနေမျိုးမှာတောင်မှ ဦးနှောက်ကို အသုံးပြုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ယူနိုင်ကြပါတယ်တဲ့။

ဥပမာအားဖြင့် . . .

🔹ဒေါသဆိုတဲ့ မောင်းတံကို မဆွဲမိအောင်

စိတ်အရမ်းတိုလာတဲ့အခါ ချက်ချင်းမပြောဘဲ စိတ်ကို ငြိမ်အောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်တာ၊ ခဏလောက် လမ်းလျှောက်ထွက်လိုက်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါ စိတ်က တည်ငြိမ်ဖို့ အချိန်ရသွားတဲ့အတွက် ပိုသင့်တော်မယ့် စကားလုံးတွေနဲ့ ပြန်ပြောနိုင်လို့ ဆက်ဆံရေးတွေလည်း မပျက်စီးတော့ဘူးပေါ့။
.

🔹ဝမ်းနည်းခြင်းဆိုတဲ့ မောင်းတံကို မဆွဲမိအောင်

စိတ်အားငယ်နေတဲ့အခါ တစ်ယောက်တည်း နစ်​မျောနေမယ့်အစား ကိုယ်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်တာ၊ ကိုယ့်ခံစားချက်ကို စာအဖြစ် ချရေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ အနည်းဆုံးတော့ စိတ်ကို ပေါ့သွားစေနိုင်ပါတယ်။

ဆိုတော့ ဒီမောင်းတံကို ဘယ်လိုထိန်းချုပ်မလဲ။

လူတိုင်းမှာ ဒီလိုမောင်းတံလေးတွေရှိပေမယ့် ဆွဲလို့ရသလို အဲဒီမောင်းတံကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုလည်း သင်ယူဖို့ ရွေးချယ်နိုင်ပါတယ်။ ဒီအလေ့အကျင့်တွေက စိတ်ကျန်းမာရေးကောင်းဖို့အတွက် အားဆေးတစ်ခွက်လိုပါပဲ။

🫂 ခဏရပ်ပြီး အသက်ရှူပါ
စိတ်လှုပ်ရှားစရာတစ်ခုခု ဖြစ်လာပြီဆိုတာနဲ့ ချက်ချင်း တုံ့ပြန်မယ့်အစား အသက်ပြင်းပြင်း ၃ ကြိမ်လောက် ရှူသွင်း၊ ရှူထုတ်လုပ်ကြည့်ပါ။ ဒါက စိတ်ကို ငြိမ်သက်သွားစေနိုင်ပါတယ်။

🫂 ကိုယ့်ခံစားချက်ကို သတိထားပါ။
အခု ငါ အရမ်းစိတ်တိုနေတယ်၊ ငါ ဝမ်းနည်းနေတယ် လို့ ကိုယ့်ကိုယ်ကိုယ် ပြောကြည့်ပါ။ ခံစားချက်ကို နာမည်တပ်လိုက်ခြင်းအားဖြင့် စိတ်ခံစားချက်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ခဏလောက် ရုန်းထွက်နိုင်ပါတယ်။

🫂 ဘယ်ဆုံးဖြတ်ချက်က ပိုကောင်းမလဲ စဉ်းစားပါ။
မောင်းတံကို ဆွဲလိုက်ရင် ဘာတွေဖြစ်လာနိုင်မလဲ၊ မဆွဲဘဲ နေလိုက်ရင်ရော ဘာတွေကောင်းကျိုးရမလဲဆိုတာကို ဦးနှောက်နဲ့ ဆင်ခြင်ကြည့်ပါ။ ဒါမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီး မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်လာတော့မှာပါ။

🫂 ပတ်ဝန်းကျင်ကို ပြောင်းလိုက်ပါ။
ဒေါသထွက်စရာ၊ စိတ်ပျက်စရာတစ်ခုနဲ့ ကြုံလာရင် အဲဒီနေရာကနေ ခဏလောက် ထွက်သွားလိုက်ပါ။ အခန်းထဲကနေ ထွက်ပြီး လမ်းလျှောက်တာမျိုး၊ ဆိုင်တစ်ခုခုမှာ သွားထိုင်လိုက်တာမျိုး လုပ်နိုင်ပါတယ်။

🫂 ရင်းနှီးတဲ့သူတစ်ယောက်ကို ရင်ဖွင့်ပါ။
ကိုယ်ဖြစ်နေတာတွေကို တစ်ယောက်တည်း ခံစားနေမယ့်အစား ကိုယ်ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ကို ရင်ဖွင့်လိုက်ပါ။ ဒါက စိတ်ဖိစီးမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

————။ ။———

လူတိုင်းရဲ့ ရင်ထဲမှာ ဒီမောင်းတံလေးတွေ ရှိနေတာဟာ ပုံမှန်ပါပဲ။ အဓိကကတော့ ဒီမောင်းတံကို ဆွဲလိုက်ပြီးတော့ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေမလား၊ ဒါမှမဟုတ် နှလုံးသားရဲ့ခံစားချက်ကို ဦးနှောက်ရဲ့ ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်လိုက်ပြီး ပိုကောင်းတဲ့ဆုံးဖြတ်ချက်ကို ရွေးချယ်နိုင်မလားဆိုတာကသာ အဓိကကျပါတယ်။

စာဖတ်သူတွေရော ကိုယ့်အတွက် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို အလွယ်တကူပေါက်ကွဲစေတဲ့ ဒီ Triggers လေးတွေက ဘာတွေဖြစ်မလဲဆိုတာ မျှဝေသွားပေးပါဦးနော်…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here