မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စိတ်ကျန်းမာရေးဟာ အပြန်အလှန် ဆက်စပ်နေပြီး တစ်ခုကတစ်ခုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို လက်ရှိပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေမျိုး၊ ဒုက္ခမျိုးစုံ ရင်ဆိုင်ခံစားနေကြရတဲ့ အခြေအနေမျိုးမှာ ဒီဆက်နွယ်မှုက ပိုပြီးတော့ သိသာထင်ရှားတာကို တွေ့နေရတယ်လို့ သုံးသပ်ကြပါတယ်။
စိတ်ကျန်းမာရေး ပြဿနာရှိသူတွေဟာ မူးယစ်ဆေးဝါးကို ပိုမိုသုံးစွဲတတ်ကြသလို၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာလည်း စိတ်ကျန်းမာရေး ပြဿနာတွေ ပိုမိုကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် စိတ်ဓာတ်ကျနေလို့ ဆေးသုံးရာကနေ ဆေးစွဲသွားတတ်ပြီး ဆေးစွဲတာကြောင့်လည်း စိတ်ဓာတ်ကျတာက ပိုဆိုးသွားတာမျိုး ဖြစ်နိုင်ပါတယ်။
.
၁။ စိတ်ကျန်းမာရေး ပြဿနာကြောင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း
လူတွေဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေ၊ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ ဒီပြသနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတစ်ခုအနေနဲ့ မူးယစ်ဆေးဝါးကို စတင်သုံးစွဲတတ်ကြပါတယ်။ အလွဲသုံးတတ်ကြပါတယ်။
● စိတ်ဖိစီးမှုတွေများတဲ့အခါ စိတ်ဖိစီးမှုလျှော့ချဖို့အတွက် အရက်၊ ဆေးခြောက် စတာတွေ သုံးလာကြတယ်။ ဒီမူးယစ်ဆေးဝါးတွေက ခဏတာ စိတ်သက်သာရာရစေတယ်၊ ပျော်ရွှင်စေတယ်၊ စိတ်အပန်းဖြေစေတယ်ဆိုပြီး သုံးတတ်ကြတယ်။
● စိတ်ဓာတ်ကျနေတဲ့သူတွေဟာ စိတ်ခံစားမှု ကင်းမဲ့ခြင်း၊ ဝမ်းနည်းခြင်းကနေ လွတ်မြောက်ဖို့အတွက် မူးယစ်ဆေးဝါးတွေကို သုံးတတ်ကြပါတယ်။
● စိတ်ကျန်းမာရေး ပြဿနာကြောင့် အိပ်မပျော်တဲ့အခါ အိပ်ပျော်စေဖို့ မူးယစ်ဆေးကို သုံးစွဲကြပါတယ်။
● တချို့လူတွေက လူမှုပေါင်းသင်းဆက်ဆံရေးမှာ စိုးရိမ်စိတ်၊ ရှက်စိတ်၊ ကြောက်စိတ်ကို လျော့စေတယ်ဆိုပြီး မူးယစ်ဆေးကို သုံးတတ်ကြပါတယ်။
လက်ရှိ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်မျိုးစုံ ကြုံတွေ့နေရတာတွေ၊ စီးပွားရေး ကျဆင်းမှုတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေ၊ လူမှုဒုက္ခမျိုးစုံတွေဟာ လူငယ်တွေအပါအဝင် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးကို လွန်စွာ ထိခိုက်စေပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေနဲ့ စိတ်ဒဏ်ရာတွေကို ထိထိရောက်ရောက် ကုသပေးမယ့်၊ ကူညီပေးမယ့် ဝန်ဆောင်မှုလုပ်ငန်းတွေ အားနည်းနေတာကြောင့်လည်း မူးယစ်ဆေးဝါးကို စိတ်ဖြေစရာအနေနဲ့ အသုံးပြုလာတာကို တွေ့ရပါတယ်။
…
…
၂။ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် စိတ်ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာခြင်း (သို့) ပိုမိုဆိုးရွားလာခြင်း
မူးယစ်ဆေးဝါးတွေကို ပုံမှန်သုံးစွဲလာတဲ့အခါမှာ စိတ်ကျန်းမာရေး ပြဿနာအသစ်တွေ ဖြစ်ပေါ်စေနိုင်သလို၊ ရှိပြီးသား ပြဿနာတွေကိုလည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။
■ မူးယစ်ဆေးများကြောင့် စိတ်ဓာတ်ကျခြင်း (Depression) နှင့် စိုးရိမ်စိတ်များခြင်း (Anxiety) တို့ ခံစားရတတ်ပါတယ်။
■ စိတ်ကြွရူးသွပ်ဆေး၊ ဆေးခြောက် (ဝိ) ၊အရက် စတဲ့ မူးယစ်ဆေးဝါးအချို့ကို အလွန်အကျွံသုံးစွဲခြင်း (သို့) ရေရှည်သုံးစွဲခြင်းဟာ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်အာရုံခြောက်ခြားခြင်းနှင့် စိတ်ကယောင်ချောက်ချားဖြစ်ခြင်း စတဲ့လက္ခဏာတွေခံစားရပြီး စိတ်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
■ မူးယစ်ဆေးဝါးတွေက မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနဲ့ လေ့လာသင်ယူနိုင်စွမ်းတို့ကို ထိခိုက်စေနိုင်ပါတယ်။
■ မူးယစ်ဆေးစွဲခြင်းက စိတ်တိုလွယ်ခြင်း၊ ရန်လိုခြင်း၊ အကြမ်းဖက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
■ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ စိတ်ဓာတ်ကျခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတို့ကြောင့် မိမိကိုယ်ကိုယ် သတ်သေရန်ကြိုးစားတဲ့နှုန်း မြင့်မားတတ်ပါတယ်။
…
…
ဒီလို ကျန်းမာရေးပြသနာတွေကို ဖြေရှင်းဖို့ဆိုရင်
¤ စိတ်ဖိစီးမှုတွေနဲ့ စိတ်ခံစားမှု ပြဿနာတွေကို ကျန်းမာတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းတတ်ဖို့၊ လိုအပ်ရင် အကူအညီယူတတ်ဖို့ ပြည်သူတွေကို ပညာပေးရပါမယ်။
¤ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ဥပမာ- နှစ်သိမ့်ဆွေးနွေးခြင်း (Counseling)၊ ကုသမှု စတာတွေကို လူတိုင်း အလွယ်တကူ လက်လှမ်းမီနိုင်အောင် တာဝန်ရှိသူတွေ၊ ပညာရှင်တွေက ဆောင်ရွက်ပေးရပါမယ်။
¤ မိသားစုနဲ့ ရပ်ရွာလူထုကလည်း စိတ်ကျန်းမာရေး ပြဿနာရှိသူများနဲ့ မူးယစ်ဆေးစွဲသူများကို ကျန်းမာရေးအမြင်နဲ့ နားလည်ပေးပြီး ကူညီပံ့ပိုး ချိတ်ဆက်မှုတွေပေးဖို့ လိုအပ်ပါတယ်။
ပြည်သူလူထုအနေနဲ့ စိတ်ကျန်းမာရေးပြဿနာနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု ဆက်နွယ်ပုံကို နားလည်ထားခြင်းက ဒီပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်…။
ဒေါက်တာနွေဦး
(၂၂၊ ၅၊ ၂၀၂၅)
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.