‎အစားအစာတွေကို ဝယ်ယူတဲ့အခါ ထည့်တဲ့ဘူးတွေ၊ အထုပ်တွေက ဘယ်လိုမျိုးလဲဆိုတာကို သတိထားပြီး ကြည့်မိကြပါရဲ့လား။

‎အရင့်အရင်ခေတ်ကတော့ ပလတ်စတစ် (Plastic) ဆိုတာ မပေါ်သေးခင်က ဖက်တို့၊ စတီးချိုင့်တို့နဲ့ ထုပ်ရတဲ့ခေတ်ပေါ့။ တိုက်ဆိုင်တာလား၊ အကြောင်းတစ်ရပ်အနေနဲ့ ဆက်စပ်လို့လားတော့မသိ။ ပလတ်စတစ်တွေပေါ်လာပြီး နောက်ပိုင်းမှာ ကင်ဆာတွေက အဖြစ်များလာကြပါရော။ ဒီတော့ မိမိရဲ့ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်သွားမယ့် အစားအစာတွေကို ထည့်ထားတဲ့ ထုပ်ပိုးမှုအမျိုးမျိုးအကြောင်းကို ဗဟုသုတရအောင် တင်ဆက်ပေးလိုက်ပါတယ်။
‎…
‎…

‎အခုစာကိုမဖတ်သေးခင် အချိန်ရတယ်ဆိုရင် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဘူးတွေ၊ ပလုံးတွေ၊ ရေခဲသေတ္တာထဲက (အစားအစာတွေ၊ နို့တွေလိုမျိုး ထည့်ထားတဲ့) ဘူးတွေကို အရင်လေ့လာစေချင်ပါတယ်။ ဘူးတွေရဲ့ဖင်က ဂဏန်းလေးတွေကို လိုက်ရှာကြည့်ပါ။ တချို့မှာ သင်္ကေတအမှတ်အသားလေးတွေကို တွေ့ပါလိမ့်မယ်။

‎ဥပမာ – မိုက်ခရိုဝေ့ (Microwave) ထဲကို ထည့်လို့ရတယ်ဆိုတာမျိုး၊ ပန်းကန်ဆေးစက်ထဲကို မထည့်နဲ့ဆိုတာမျိုးပေါ့။

‎တကယ်တော့ ဒီအရာတွေက ကျောင်းမှာ ထည့်မသင်ကြပါဘူး။ သို့ပေမယ့် ကနေ့ခေတ်မှာ ရှိနေ၊ သုံးနေကြတာတွေဖြစ်လို့ သိကိုသိထားသင့်ပါတယ်။

‎ဒီတော့

‎အဲဒီလို လေ့လာကြည့်လို့ တြိဂံပုံစံလေးနဲ့ မြားလေးတွေ လည်နေတဲ့ပုံကိုတွေ့ရင် recycle (ပြန်လည်အသုံးပြု) လုပ်လို့ရတဲ့ ပလတ်စတစ်လို့ ဆိုလိုပါတယ်။ ဒါကို resin identification code (RIC) ဆိုပြီးခေါ်ပါတယ်။ ဘာအမျိုးအစားလဲဆိုတာကို နံပါတ်တွေနဲ့ရော၊ အတိုကောက်တွေနဲ့ရော ရေးထားတတ်ပါတယ်။ အသေးစိတ်ကို အောက်မှာ ကြည့်ပေးပါနော်။
‎…
‎…

‎🌴 Resin No. 1

‎ပလတ်စတစ်အမည်က Polyethylene terephthalate ဖြစ်ပြီး အတိုကောက်အနေနဲ့ PETE/PET လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ ရေဘူးတွေ၊ ဘူးအပျော့တွေ ပါဝင်ပြီး မပူရင် အသုံးပြုလို့ ရပါတယ် (အပူမခံမနိုင်ပါ)။ အစားအစာကို ထည့်သုံးလို့ရပါတယ်။
‎.

‎🌴 Resin No. 2

‎ပလတ်စတစ်အမည်က High-density polyethylene ဖြစ်ပြီး အတိုကောက်အနေနဲ့ HDPE လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ နွားနို့ဘူး တွေပါဝင်ပြီး safe (အစားအစာ ထည့်သွင်းအသုံးပြုရန် အန္တရာယ်ကင်း) ဖြစ်ပါတယ်။
‎.

‎🌴 Resin No. 3

‎ပလတ်စတစ်အမည်က Polyvinyl chloride ဖြစ်ပြီး အတိုကောက်အနေနဲ့ PVC လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ အကြည်ရောင်ဘူးတွေ၊ ညှစ်ဘူးတွေ၊ ရေပိုက်တွေပါဝင်ပြီး အစားအစာကို ထည့်မသုံးသင့်ပါဘူး။ ဟော်မုန်းဆိုင်ရာ ပြဿနာတွေနဲ့ ဆီးချိုလိုမျိုး ရောဂါပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
‎.

‎🌴 Resin No. 4

‎ပလတ်စတစ်အမည်က Low-density polyethylene ဖြစ်ပြီး အတိုကောက်အနေနဲ့ LDPE လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ ခဲခန်းထဲ ထည့်တဲ့ဘူးတွေ ပါဝင်ပြီး အစားအစာထည့်တဲ့ဘူးအနေနဲ့ သုံးလို့ရပါတယ်။ အစားအစာကို အလုံပိတ်တာမျိုးအနေနဲ့တော့ မသုံးသင့်ပါဘူး။
‎.

‎🌴 Resin No. 5

‎ပလတ်စတစ်အမည်က Polypropylene ဖြစ်ပြီး အတိုကောက်အနေနဲ့ PP လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ ဒိန်ချဉ်ဘူးတွေ၊ ဆေးဘူးတွေ ပါဝင်ပြီး အစားအစာ ထည့်သွင်းအသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် မပူလွန်း၊ မအေးလွန်းရပါဘူး။ Microwave ထဲလည်း ထည့်လို့မရပါဘူးနော်။
‎.

‎🌴 Resin No. 6

‎ပလတ်စတစ်အမည်က Polystyrene ဖြစ်ပြီး အတိုကောက်အနေနဲ့ PS လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ တစ်ခါသုံးပစ္စည်းတွေ (ဇွန်း၊ ခက်ရင်းတွေအပါအဝင်) ပါဝင်ပြီး အစားအစာဟာ အခဲအနေနဲ့ ရှိမယ်ဆိုရင် ထည့်သွင်းအသုံးပြုလို့ရပါတယ်။

‎ဥပမာ – ပန်းသီးတို့၊ လိမ္မော်သီးတို့ ထည့်ရင်ရပေမယ့် ဆီပြန်ဟင်းတွေကို ထည့်တာမျိုး၊ ရေရှည်ထည့်သိမ်းတာမျိုးတော့ မလုပ်သင့်သလို အပူလည်း မပေးရပါဘူးနော်။
‎.

‎🌴 Resin No. 7

‎ပလတ်စတစ်အမည်က Polycarbonate သို့ bioplastic polylactide သို့ a combination ဖြစ်နိုင်ပြီး Other လို့ဖော်ပြတတ်ပါတယ်။ ဒီအမျိုးအစားမှာ ရေခရားကြီးတွေ၊ အဖုံးတွေ ပါဝင်ပြီး အန္တရာယ်ကင်းမှု ရှိ/မရှိက မသေချာတဲ့အတွက် အစားအစာကို ထည့်သွင်းအသုံးမပြုရင် ပိုကောင်းပါတယ်။
‎…
‎…

‎ထပ်ပြီး သိထားသင့်တာလေးတွေလည်း ရှိပါသေးတယ်။

‎Food safe ဆိုတာကတော့ အစားအစာတချို့အတွက် ထည့်လို့ရ၊ သုံးလို့ရတာမျိုးပါ။ ဥပမာ – ပုဇွန်ခြောက်တို့၊ ငါးခြောက်တို့ကို သိမ်းမယ်ဆိုရပြီး ငါးခြောက်ကြော်တို့လို ဆီပါတာမျိုးဆိုရင် ဆီထဲ chemical တွေ စိမ့်ဝင်နိုင်ပါတယ်။

‎Food grade ဆိုတာကကျ အစားအစာထည့်စားလို့ (ထိတွေ့လို့) ရတယ်၊ လုံခြုံတယ်လို့ ဆိုလိုတာပါ။

‎BPA free  ဆိုတာကတော့ Bisphenol A ဆိုတဲ့ ဓာတုပစ္စည်း မပါဝင်ဘူးလို့ ဆိုလိုတာပါ။ Bisphenol A ဟာ ကင်ဆာဖြစ်စေတဲ့၊ ဟော်မုန်းပြောင်းလဲစေတဲ့ ဓာတ်တွေနဲ့ ဆက်စပ်တာမို့ BPA မပါတဲ့ ဘူးမျိုးကို အသုံးပြုသင့်ပါတယ်။
‎…
‎…

‎ပိုရှင်းအောင် ပြောပြရရင် ပလတ်စတစ်ထဲကို ပူပူလောင်လောင်တွေ မထည့်ပါနဲ့။ ခဲခန်းထဲလည်း နံပါတ် ၄ (Resin No.

4) LDPE လိုမျိုးပဲ ထည့်သင့်ပါတယ်။ ဆီပါတာတွေ ထည့်မယ်ဆိုရင် သတိထားပါ။ ကြာရှည်ထည့်ထားတာမျိုးကို မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် ကြွေပန်းကန်လိုမျိုး၊ စတီးနဲ့ပြုလုပ်တာမျိုးတွေထဲမှာ ထည့်ပါ။ ရေခဲသေတ္တာထဲ ထားမှာတို့၊ ကြာရှည်ထားမှာတို့ ဆိုရင်လည်း လေးတော့လေးပေမယ့် ဖန်ဘူးကိုသုံးတာမျိုးက ပိုကောင်းပါတယ်။

‎မိုက်ခရိုဝေ့ထဲ ထည့်မယ်ဆိုရင် အရောင်ပြန်မပါတဲ့ ကြွေပန်းကန်မျိုးကိုပဲ သုံးပါ။ ဖန်ထည်ပစ္စည်းဆိုရင်လည်း ရတော့ရပါတယ်။ စတီးနဲ့ ကြွေရည်သုတ်ပစ္စည်းတချို့မှာ အလင်းပြန်တာဖြစ်တဲ့အခါ အထဲက မီးလုံးကွဲပြီး မိုက်ခရိုဝေ့က ပျက်သွားနိုင်လို့ပါ။ ပလတ်စတစ်ဘူးကို အဲဒီအထဲ ထည့်မယ်ဆိုရင်လည်း တစ်ခါထက် ပိုမနွှေးပါနဲ့နော်။ Microwave safe ဆိုတဲ့ လိုဂိုတံဆိပ်လေးပါတာနဲ့ပဲ ထည့်နွှေးပါ။

‎တကယ်လို့ ကော်ဘူးတွေက အရောင်ပြောင်းတာ၊ အနံ့တစ်မျိုးဖြစ်နေတာမျိုးဆိုရင် မသုံးစေချင်ပါဘူး။ နိုင်ငံခြားမှာမို့ ပန်းကန်ဆေးစက်နဲ့ ဆေးတာဆိုရင်လည်း သူက အပူငွေ့နဲ့ဆေးပေးတာမို့ ထည့်ခါနီးမှာ Dishwasher safe  (ပန်းကန်ဆေးစက် အန္တရာယ်ကင်းရှင်းမှု) ဖြစ်/မဖြစ်ဆိုတာကို check (စစ်ဆေး) လုပ်ဖို့လိုပါမယ်။

‎‌နောက်ပြီး ပါဆယ်ဝယ်မယ်ဆိုရင်တော့ ဖော့ဘူးတွေကို “ လုံးဝ” မသုံးပါနဲ့။ သူက ပူတာဖြစ်ဖြစ်၊ ဆီနဲ့တွေ့ရင်ဖြစ်ဖြစ် ကင်ဆာဖြစ်စေတာတွေကို အစားအစာထဲ ထုတ်လွှတ်လိုက်တာမို့ပါ။ အရင်ကလို အိမ်ကထည့်ခိုင်းတဲ့အတိုင်း ချိုင့်လေးထဲထည့်တာမျိုးကို ပြန်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

‎ပြောရင်းနဲ့ ငယ်ဘဝတုန်းက လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကဟင်းရည်ကို အိမ်ကချိုင့်လေးယူသွားပြီး သွားဝယ်ကြ၊ အိမ်ရောက်တော့ တူတူလက်စုံစားကြနဲ့ အပူအပင်မရှိ လူစုံတဲ့ မိသားစုထမင်းဝိုင်းလေးဟာ ငြိမ်းချမ်းလှပါလားလို့တောင် ပြန်ပြောင်းသတိရသွားပါတယ်။ အဲဒီတုန်းက ငှက်ပျောရွက်လေးနဲ့ ထုပ်ထားတဲ့ မုန့်ဖက်ထုပ်ပူပူလေး၊ ကောက်ညှင်းပေါင်းပူပူလေးဟာ နတ်သုဒ္ဓါပါပဲ။
‎…
‎…

‎ပလတ်စတစ်ကို ရှောင်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း တစ်နေ့ကို တစ်ခုပဲဖြစ်ဖြစ်၊ တစ်ကြိမ်စာပဲဖြစ်ဖြစ် သတိလေးဝင်ပြီး တတ်နိုင်သလောက် ဆင်ခြင်နိုင်မယ်၊ လျှော့ချနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

‎တစ်ရက်မှာ တစ်ခု၊ တစ်နှစ်မှာ အခု ၃၀၀ လောက် လျှော့ချနိုင်မယ်ဆိုပါစို့။ ဒါဆိုရင် ကင်ဆာဖြစ်စေနိုင်တာနဲ့ ထိတွေ့တာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတာတွေကို ဆယ်နှစ်မှာ အကြိမ် ၃၀၀၀ လောက် လျှော့ချပြီးသား ဖြစ်မှာပါ။

‎ပတ်ဝန်းကျင်အခြေအနေတွေဟာ ပြောင်းလဲပစ်ဖို့မလွယ်ပါဘူး။ သို့ပေမယ့် ရွေးချယ်မှုတွေကိုတော့ မိမိအနေနဲ့ ရွေးချယ်ဖို့ တတ်နိုင်ပါတယ်။ ပလတ်စတစ် အသုံးပြုတာကို ရှောင်ခဲ့လည်း သေခြင်းတရားကို မရှောင်နိုင်ခဲ့လို့ ကင်ဆာနဲ့ ကွယ်လွန်ခဲ့ရရင်တောင်မှ အသက်ရှိစဉ်မှာ ကမ္ဘာကို ပူလောင်မှုတွေ မပေးခဲ့မိပါလားဆိုပြီး လိပ်ပြာလုံလို့ ရတာပေါ့လေ။

‎စာရေးသူကိုယ်တိုင်လည်း ပါဆယ်ဝယ်တဲ့အခါ ဖော့ဘူးတွေနဲ့ထည့်ပေးတဲ့ မုန့်တွေကို ဝယ်စားမိဆဲပါပဲ။ ဒါပေမယ့် ဆိုင်လက်ဖက်ရည်ပူပူကို ပါဆယ်ထည့်ခိုင်းတာမျိုးတော့ မလုပ်တော့ပါဘူး။ ဆိုင်မှာ သောက်ရင်သောက်၊ မဟုတ်ရင် စတီးဘူးနဲ့ ထည့်ရင်ထည့်လာတာမျိုး၊ အိမ်မှာ ကိုယ်တိုင်ဖျော်သောက်တာမျိုးကို စလုပ်နေပါပြီ။ အလုံးစုံသော zero plastic (ပလတ်စတစ် လုံးဝ မသုံးစွဲတာ) တော့ မရနိုင်ပေမယ့် မိမိရဲ့အမူအကျင့်နဲ့ ရွေးချယ်မှုတွေကို စတင်ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်နော်…။

‎အာဟာရဆရာဝန်တစ်ဦး
‎တယ်လီကျန်းမာ

‎Reference
‎Pizzorno J. Plastic Food Container Safety. Integr Med (Encinitas). 2024 May;23(2):6-10. PMID: 38911449; PMCID: PMC11193405.

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here