‎🦉ကိုယ့်စိတ်ထဲက အသံဟာ တကယ်ပဲ ကိုယ့်ရဲ့အသံ ဟုတ်ရဲ့လား။

‎🦉မှန်ရှေ့မှာ ရပ်မိတိုင်း “ ငါ မလှပါဘူး” လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိဖူးလား။

‎🦉အလုပ်မှာ အမှားသေးသေးလေးတစ်ခုကို လုပ်မိတာနဲ့ “ ငါကတော့ ညံ့မြဲညံ့ဆဲပဲ” လို့ အလိုလို တွေးမိနေလား။

‎🦉ဒါမှမဟုတ် ကိုယ်တကယ်လုပ်ချင်တဲ့အရာတစ်ခုကို “ သူများတွေ ဘယ်လိုထင်မလဲ” ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ရှေ့ဆက်ဖို့ တွန့်ဆုတ်နေမိလား။
‎.

‎ဒီလိုအချိန်မျိုးမှာ ခဏလောက် အသက်ဝဝရှူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ “ အခု ငါ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေတဲ့ အဆိုးမြင်အသံတွေဟာ တကယ်ပဲ ငါ့ရဲ့ကိုယ်ပိုင်အသံလား။ ဒါမှမဟုတ် လွန်လေပြီးတဲ့ တစ်ချိန်ချိန်က  တစ်စုံတစ်ယောက် ငါ့ကို ပြောခဲ့ဖူးတဲ့ စကားတွေလား” ဆိုတာကိုပေါ့။

‎စိတ်ပညာမှာတော့ ဒါကို “ Internalization” လို့ ခေါ်ပါတယ်။ ပတ်ဝန်းကျင်က အချိန်အကြာကြီး သွတ်သွင်းလာခဲ့တဲ့ သတ်မှတ်ချက်တွေ၊ သူတစ်ပါးရဲ့ ဝေဖန်သံတွေဟာ ကိုယ့်ရဲ့ အသွေးအသားထဲအထိ စိမ့်ဝင်သွားပြီး “ ဒါဟာ ငါ့ရဲ့ အယူအဆပဲ” လို့ မှားယွင်းစွာ လက်ခံလိုက်တာကို ဆိုလိုတာပါ။
‎…
‎…

‎အဲဒီအကြောင်းကို မြင်သာ‌စေဖို့ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝထဲက ဥပမာလေးတွေနဲ့ ကြည့်လိုက်ကြရအောင်။

‎၁။ “ ယောက်ျားလေးပဲ၊ မငိုနဲ့။”

‎ငယ်ငယ်က ချော်လဲ၊ ဒူးပြဲပြီး နာလို့ငိုတဲ့အခါ “ ယောက်ျားလေးဖြစ်ပြီး ငိုစရာလား၊ ရှက်စရာကြီး” ဆိုတဲ့ စကားပြောတာမျိုးကို ကြားဖူးကြမှာပါ။ တကယ်က အော်ငိုလိုက်ရင် ပြီးသွားမယ့်ကိစ္စပါပဲ။ ဒါပေမယ့် အဲဒီစကားကို အကြိမ်ကြိမ် ကြားရတဲ့အခါ ဦးနှောက်က “ ငိုတာဟာ အားနည်းတာ၊ ရှက်စရာ” လို့ မှတ်သားလိုက်ပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဘယ်သူမှ လာမတားတော့ပေမယ့် ဝမ်းနည်းစရာကြုံတိုင်း မျက်ရည်ကိုထိန်းဖို့ ကြိုးစားမိတတ်ကြပါတယ်။
‎.

‎၂။ “ မိန်းကလေးဆိုတာ နူးညံ့သိမ်မွေ့ရမယ်။”

‎မိန်းကလေးဆိုတာ အိမ်မှုကိစ္စတွေကို နိုင်နင်းရမယ်။ အေးအေးဆေးဆေး နေရမယ်ဆိုပြီး “ ဗိုင်းကောင်း ကျောက်ဖိ” ဆိုတဲ့ ပေတံတွေကြားမှာ ကြီးပြင်းဖို့ စေခိုင်းတတ်ကြပါတယ်။ တကယ်တမ်းမှာ ကိုယ်က ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တာမျိုး၊ ခေါင်းဆောင်နေရာမှာ တာဝန်ယူချင်တာမျိုး ဖြစ်နေရင်တောင် စိတ်ထဲမှာ တစ်ခုခုဆိုရင် “ ငါက မိန်းကလေးမှ ပီသရဲ့လား” ဆိုတဲ့ ကြောက်စိတ်၊ အပြစ်ရှိစိတ်၊ မသင်္ကာစိတ်က ဝင်ဝင်လာတတ်ပါတယ်။
‎.

‎၃။ ” ဘေးအိမ်က ကလေးကို ကြည့်ဦး။”

‎မိဘတွေက ကိုယ့်ကို အားကျစေချင်လို့ “ ဘေးအိမ်က ကလေးကတော့ ဂုဏ်ထူးရတယ်။ ဘယ်သူ့သားလေးကတော့ ဘယ်လိုတော်တာ” ဆိုပြီး နှိုင်းယှဉ်ပြောလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဒီစကားတွေက ကလေးရဲ့စိတ်ထဲမှာ “ ငါက သူများလောက် အဖြစ်မရှိဘူး” ဆိုတဲ့ အစွဲတစ်ခုကို ဖြစ်သွားစေပါတယ်။ ကြီးလာတဲ့အခါ ကိုယ်က ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ သူငယ်ချင်းတစ်ယောက်ယောက်က အိမ်ဝယ်တာ၊ ကားဝယ်တာ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က ရာထူးတိုးတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး အလိုလို အားငယ်နေမိတတ်ပါတယ်။
‎.

‎၄။ ပတ်ဝန်းကျင်က သတ်မှတ်တဲ့ Deadline (အချိန်ကန့်သတ်ချက်) တွေ

‎” ဒီအသက်အရွယ်ထိ ဘာမှ ဖြစ်မလာသေးဘူးလား” ၊ “ သူငယ်ချင်းတွေတောင် အိမ်ထောင်ကျ၊ ကလေးရကုန်ပြီ” စတဲ့ စကားတွေနဲ့ ကျွန်မတို့အပေါ် ပတ်ဝန်းကျင်က ဖိအားပေးတတ်ပါတယ်။ သူများတွေနဲ့ တန်းတူမပြေးနိုင်၊ တန်းတူမဖြစ်နိုင်သေးတဲ့အခါ “ ငါ နောက်ကျကျန်ခဲ့ပြီ” လို့ ခံစားရတာဟာ လူ့အဖွဲ့အစည်းကသတ်မှတ်တဲ့ အချိန်ကန့်သတ်ချက်တွေက ကိုယ့်စိတ်ထဲမှာ မသိမသာရော သိသိသာသာပါ ကိန်းအောင်းနေလို့ပါပဲ။ တကယ်တော့ ဘဝဆိုတာ လူတိုင်းအတွက် ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ပန်းတိုင်ချင်း မတူသလို၊ စထွက်အမှတ်လည်း မတူနိုင်ဘူးမလား။
‎.

‎၅။ အဆိပ်အတောက်ဖြစ်စေတဲ့ မှတ်ချက်တွေ

‎” မင်းကတော့ ဘာလုပ်လုပ် အဖြစ်မရှိဘူး” ၊ “ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီး ငယ်ငယ်တုန်းက အပြောခံခဲ့ရတဲ့ ဝေဖန်သံတွေ ရှိခဲ့ဖူးကြပါလိမ့်မယ်။ အဲဒါတွေဟာ အခုချိန်မှာ အမှားတစ်ခုလုပ်မိတိုင်း “ ငါတကယ်ညံ့တာပဲ” ဆိုတဲ့ အတွေးအဖြစ် ပြန်ပေါ်လာတတ်ပါတယ်။
‎.

‎တကယ်တော့ ဒါဟာ သင့်ရဲ့အသံမဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ သူတစ်ပါးရဲ့ ယူဆချက်တွေသာ ဖြစ်ပါတယ်။

‎ဒီတော့…
‎နောက်ဆက်တွဲအနေနဲ့ ကိုယ့်စိတ်ထဲမှာ တခြားသူတွေရဲ့အသံတွေပဲ လွှမ်းမိုးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-esteem) ပျောက်ဆုံးလာပြီး “ ကိုယ်ဘယ်လောက်တော်တော်၊ မလုံလောက်သေးဘူး” လို့ပဲ ထင်နေမိတတ်ပါတယ်။

‎အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ဝေဖန်နေမိတတ်သလို သူများအကြိုက်လိုက်ဖို့ပဲ ကြိုးစားရင်း စိတ်ပင်ပန်းလာမယ်။ နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ စစ်မှန်တဲ့ခံစားချက်တွေကို ဖိနှိပ်ထားမိရာကနေ “ ငါတကယ် ဘာဖြစ်ချင်တာလဲ” ဆိုပြီး မိမိကိုယ်ကို ပျောက်ဆုံးသွားတဲ့အထိ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
‎…

‎…

‎ဒါဆိုရင် ဘယ်လိုနည်းနဲ့ လွတ်မြောက်နိုင်မလဲ။

‎အဓိကကတော့ အဲဒီအသံတွေကို ခွဲခြားတတ်ဖို့ ပါပဲ။ စိတ်ညစ်တိုင်း၊ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တိုင်း ခဏလောက်ရပ်ပြီး စဉ်းစားကြည့်ပါ။ “ ဒါဟာ တကယ်ပဲ ငါ့ရဲ့ ခံစားချက်လား။ ဒါမှမဟုတ် တစ်ချိန်တုန်းက တစ်စုံတစ်ယောက်ရဲ့ စကားကို ငါက ငါ့အသံအဖြစ်နဲ့ အသိမှားနေတာလား” ဆိုတာကိုပေါ့။

‎ပြီးရင်
‎🌴 ကိုယ့်ကိုယ်ကို ချစ်ပါ။
‎🌴 ကိုယ့်အချစ်ဆုံး သူငယ်ချင်းတစ်ယောက်လို နွေးနွေးထွေးထွေးဆက်ဆံပေးပါ။
‎.

‎ကျွန်မတို့ရဲ့စိတ်ဟာ နှစ်ပေါင်းများစွာ အသံသွင်းထားတဲ့ တိပ်ခွေအဟောင်းကြီးတစ်ခုလိုပါပဲ။ အဲဒီထဲက အသံတွေအားလုံးဟာ မှန်ကန်နေမယ်လို့ မဆိုလိုပါဘူး။ တချို့အသံတွေကို ဖျက်ပစ်ဖို့၊ တချို့ကိုတော့ ကိုယ်တိုင်ပြန်အသံသွင်းဖို့ လိုအပ်ပါတယ်။

‎သူတစ်ပါးရဲ့ ပုံစံခွက်ထဲကို ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ထည့်သွင်းနေမယ့်အစား ကိုယ့်ရဲ့စစ်မှန်တဲ့အသံကို ပြန်ရှာဖို့ ကြိုးစားကြည့်ပါ။ စိတ်ထဲက အမှိုက်တွေကို စစ်ထုတ်ပစ်လိုက်ပါ။
‎သင့်မှာ ကိုယ်ပိုင်တန်ဖိုးတွေ၊ ကိုယ်ပိုင်အလှတရားတွေ ရှိပြီးသားဖြစ်တာမို့ ဘယ်သူ့ပုံစံခွက်နဲ့မှ လိုက်ညှိပေးနေဖို့ မလိုအပ်ပါဘူးနော်။

‎သင်၏စိတ်ကလေး ကျန်းမာစေဖို့ ‌ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here