“ Comparison is a thief of joy”

“ သူ့ကိုကြည့် ဘယ်လောက်တောင် ကံကောင်းလိုက်လဲ…. ငါ့မှာတော့ ဒီလောက်မရှိသေးဘူး… “

“ ငါ့ဘဝက ဘာမှမပြောင်းလဲသေးပါလား… ငါနဲ့ရွယ်တူတွေ ကြည့်ဦး၊ အောင်မြင်နေကြပြီ”

ဒီအတွေး‌မျိုး ကျွန်မတို့ တွေးဖူးကြတယ်မလား။ တမင်မတွေးရင်တောင် ခေါင်းထဲရောက်လာတာမျိုး ကြုံဖူးကြမှာပါ။

ကျွန်မတို့ တစ်ဦးချင်းစီက တစ်ယောက်တည်း မွေးဖွားလာပြီး ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်လမ်းနဲ့ ရှင်သန်ရပ်တည်နေကြတာပါ။

ဒါပေမယ့် ဘာလို့များ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ဘဝကို သူများတွေနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ကိုယ်ကို ပင်ပန်းအောင် လုပ်နေမိကြပါလိမ့်။

တချို့က သူများနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဥ်တာကို စံတစ်ခု သတ်မှတ်ပြီး ပိုကောင်းအောင် ကြိုးစားဖို့ တွန်းအားတစ်ခုအနေနဲ့ သုံးကြပါတယ်။

ဒါပေမယ့် အများစုကတော့ ဒီလိုနှိုင်းယှဥ်မှုကြောင့် ကိုယ့်ဘဝကို အားမလိုအားမရဖြစ်တာ‌တွေ၊ မလုံလောက်သေးဘူးလို့ ခံစားရတာနဲ့အတူ စိတ်ဓာတ်ကျပြီး ဘဝကို ပျော်သင့်သလောက်မပျော်နိုင်တာမျိုးတွေကိုပဲ ပိုဖြစ်စေပါတယ်။

လူသားဖြစ်တည်မှုရဲ့ သဘာဝအရ ကျွန်မတို့ဟာ ပတ်ဝန်းကျင်ကို သက်သေပြချင်ကြတယ်။ အသိအမှတ်ပြုလည်း ခံချင်ကြတယ်။

ဒါဟာ လူစိတ်သဘာဝပါပဲ။

ဒါပေမယ့် ခုခေတ်မှာ အထူးသဖြင့် ဆိုရှယ်မီဒီယာခေတ်ကြီးမှာ ဒီသဘာဝစိတ်ဟာ ပိုပြီးထိန်းချုပ်ရခက်တဲ့အဆင့်ကို ရောက်သွားပါတယ်။

သူများတွေတင်ထားတဲ့ ဓာတ်ပုံလှလှလေးတွေ၊ အောင်မြင်မှုတွေ၊ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို ကြည့်ပြီး ကိုယ့်ဘဝနဲ့ ပြန်ယှဥ်ကြည့်မိတဲ့အခါ ကိုယ်ဟာ လိုအပ်နေတယ်၊ နောက်ကျနေတယ်လို့ ထင်တတ်ကြပါတယ်။

ကိုယ့်ရဲ့ ရုန်းကန်နေရတဲ့ နေ့စဉ်ဘဝကို သူများရဲ့ Highlights တွေနဲ့ ယှဉ်ကြည့်မိသလို ဖြစ်‌နေတာမျိုးပါ။

အဲဒီတော့ ကိုယ့်ဘဝကပဲ ညံ့ဖျင်းနေသလို၊ ဘာမှရှေ့မရောက်သလို ခံစားရတော့တာပေါ့။

တကယ်တော့ လူတိုင်းဟာ ကိုယ့်ရဲ့ အကောင်းဆုံးဆိုတဲ့ အပိုင်းတွေကိုပဲ ရွေးချယ်ပြီး ပြသနေတာပါ။ အဲဒီနောက်ကွယ်က ရုန်းကန်မှုတွေ၊ အခက်အခဲတွေကိုတော့ ဘယ်သူမှ မမြင်ရဘူးမဟုတ်လား။

နှိုင်းယှဉ်ခြင်းဟာ အဆုံးမရှိတတ်ဘူး။

လူတစ်ယောက်နဲ့ နှိုင်းယှဥ်ပြီး အောင်မြင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားရရင်တောင် နောက်တစ်ယောက်၊ နောက်တစ်ယောက်ဆိုပြီး အမြဲတမ်း နှိုင်းယှဉ်တာတွေ၊ ကိုယ့်ထက်သာတဲ့သူတွေလည်း ရှိနေဦးမှာပါပဲ။

ဘယ်တော့မှ အဆုံးသတ်တဲ့ ပျော်ရွှင်မှုကိုလည်း ရနိုင်မှာ မဟုတ်ပါဘူး။

ကိုယ့်မှာ ဘယ်လောက်ပဲ ကောင်းတာတွေ ရှိနေပါစေ၊ တန်ဖိုးထားရသူတွေ ရှိနေပါစေ၊ သူများနဲ့ ယှဥ်ကြည့်လိုက်တဲ့အခါ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ၊ ကျေးဇူးတင်စရာတွေက ဖြည်းဖြည်းချင်း ပျောက်ဆုံးသွားတော့တာပဲ။

ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မကာကွယ်နိုင်မှတော့ စိတ်ရောလူပါ တအားပင်ပန်းလာတာ မထူးဆန်းပါဘူး။

ဆိုတော့ အဲဒီအစား ဒီအင်အားတွေကို ကိုယ့်ဘဝ တိုးတက်ဖို့နဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးဖို့ သုံးတာက ပိုပြီး အကျိုးရှိမှာပါ။
.

✅ ကိုယ့်လမ်းကို ကိုယ်လျှောက်ပါ။

လူတိုင်းမှာ ကိုယ်ပိုင် ရပ်တည်ချက်၊ ကိုယ်ပိုင် အားသာချက်နဲ့ အခက်အခဲတွေ ရှိပါတယ်။ သူငယ်ချင်းက အိမ်ကြီးဝယ်နိုင်တာ၊ ရွယ်တူက ရာထူးတက်သွားတာ စတာတွေဟာ သူတို့ရဲ့လမ်းပါ။ ကိုယ်လျှောက်နေတဲ့ လမ်းနဲ့ အရှိန်ကိုပဲ ဂရုစိုက်ပါ။ အတိတ်ရဲ့ကိုယ်ကို လက်ရှိကိုယ်နဲ့ပဲ နှိုင်းယှဥ်ပြီး တိုးတက်မှုရှိနေရင် ကျေနပ်ပါ။
.

✅ ကျေးဇူးတင်တတ်ပါ။

နှိုင်းယှဥ်မှုတွေ စိတ်ထဲဝင်လာတဲ့အခါ ကိုယ့်မှာရှိနေတဲ့ ကောင်းတဲ့အရာတွေ (ကျန်းမာရေး၊ မိသားစု၊ မိတ်ဆွေ၊ အလုပ်အကိုင် စတာတွေ) ကို ပြန်စဉ်းစားပြီး ကျေးဇူးတင်ပါ။
.

✅ လူမှုကွန်ယက် အသုံးပြုခြင်းကို ကန့်သတ်ပါ။

Social Media တွေမှာ အချိန်ကြာကြာ ဖြုန်းနေတာက နှိုင်းယှဥ်စိတ်ကို ပိုတိုးစေနိုင်ပါတယ်။

ကြည့်ရှုတဲ့အချိန်ကို ကန့်သတ်ပါ။ မလိုအပ်တဲ့ account တွေကို Unfollow လုပ်ပစ်ဖို့ မတွန့်ဆုတ်ပါနဲ့။
.

✅ မြင်ရတဲ့အပိုင်း တစ်ခုတည်းကို မယုံပါနဲ့။

လူတိုင်းမှာ သူတို့ရဲ့ ရုန်းကန်မှုတွေ၊ စိန်ခေါ်မှုတွေ၊ ဖုံးကွယ်ချင်တဲ့ နာကျင်မှုတွေလည်း ရှိပါတယ်။
.

✅ ကိုယ့်တန်ဖိုးကို ကိုယ်သိပါ။

ကျွန်မတို့ဟာ အခြားဘယ်သူနဲ့မှ တူအောင်နေဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေ၊ တန်ဖိုးတွေကိုပဲ အာရုံစိုက်ပြီး ကိုယ့်ဘဝကို ပိုကောင်းအောင် ဘယ်လို ဖန်တီးမလဲဆိုတာကိုပဲ စဉ်းစားရပါမယ်။

တိုတိုပြောရရင်တော့ ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင်ပဲ ကာကွယ်စောင့်ရှောက် ရပါမယ်။

နှိုင်းယှဥ်တာကို လုံးဝ ရပ်တန့်ဖို့ မလွယ်ပေမယ့် ဒီအကျင့်ဆိုးက ကိုယ့်ရဲ့ပျော်ရွှင်မှုကို ခိုးယူသွားမယ့်သူ ဖြစ်တယ်ဆိုတာကိုတော့ အမြဲသတိရပါ။

သူခိုးကို အိမ်ထဲ အဝင်မခံပါနဲ့…..။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here