“ ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။”
“ ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ”
အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ ကြာရှည်သွား၍ အဖျားက တော်တော်နှင့်မကျ။ ဆေးပတ်လည်ရန်လိုသည်။ ဆေးအာနိသင်ရရန် တစ်ပတ် ဆယ်ရက်ကြာလျှင် ကြာမည်။ အခု ကလေးမလေးက အဖျားနည်းနည်းကျလာပြီ။ တိုးတက်မှုရှိသည်။ ဆေးရုံရောက်လျှင် ချက်ချင်းပျောက်မည်ဟု ထင်ကြသည်။ ရောဂါ အတိမ်အနက်ကို သူတို့မသိ။ ၃-၄ ရက်လောက်ကြာလျှင် မနေချင်တော့။ ခုလည်း နတ်စားချင်လို့တဲ့ တောင်းဆင်းနေသည်။ ဆရာဝန်လေး စိတ်ဆိုးလာသည်။
“နတ်က ဘာလို့စားရမှာလဲ အဒေါ်”
“ကျွန်မလည်း သူ ပျိုးနုတ်ပြန်လာတော့ အပူရှပ်ပြီး ဖျားတယ်ပဲထင်တာ ဆရာရေ။ ခုက ရက်က ကြာရှည်လာတော့ ရွာကနတ်ဝင်သည်ကို မေးကြည့်တော့မှ နတ်စားဖို့လိုတယ် ပြောတယ်။ လယ်ထဲ မဆင်းခင်တုန်းကတော့ ရွာတော်ရှင်တော့ အပ်ထားတာပဲ။ နတ်စားဖို့က အရေးကြီးတယ် ဆရာရေ။ မစားလို့ နတ်ကိုင်ရင် သေတတ်တယ်တော့” ဟု တငိုငိုတရယ်ရယ် ဖြစ်နေသည်။
“ဒီမယ် ဒေါ်ကြီး… ကလေးမလေးကို ကျွန်တော် ပိုးသတ်ဆေးထိုးပေးနေတာ ဆေးပတ်လည်တော့မယ်။ အဖျားလည်း ကျတော့မယ့်ဟာ။ ခုတိုင်းပြန်ခေါ်သွားရင် ဆေးပတ်မလည်ဘဲ သွေးဆိပ်တက်ပြီး သေလိမ့်မယ်။ ဆင်းခွင့်မပေးနိုင်ဘူးနော်” … မနက်ပိုင်း လူနာဆောင်ထဲကြည့်ရင်း ပြောခဲ့သည်။
နေ့လယ်ရောက်တော့ တာဝန်ကျ သူနာပြုဆရာမက လာပြောသည်။ ဆရာရေ…. မယ်နှင်းအမေက ဆရာပေးမဆင်းလည်း ခိုးဆင်းမယ့်ပုံပေါ်တယ်။ ကလေးမလေးက ချစ်စရာလေး သနားပါတယ် ဆရာရယ်။ အမေတွေကို လယ်ထဲလည်း ကူလုပ်ရင်း ကျောင်းလည်းတက်နေရှာတာ။
ကိုင်း အဲလိုဆို ဒီဒေါ်ကြီး ခေါ်ခဲ့စမ်းပါ။ ကျွန်တော် ပြောပါဦးမယ်။
“အဒေါ်ရေ မယ်နှင်းက နတ်စားမှ ဖြစ်မှာလား. .. နတ်စားရင် တကယ် ကောင်းသွားမှာလား။“
“အဲဒါတော့ မသိဘူး ဆရာလေးရယ်။ ကျွန်မတို့က ရွာက နတ်ဝင်သည် ပြောတာလည်း လုပ်ပေးရတယ်။ ကျွန်မ မလုပ်ဘဲ မနေရဲဘူး။”
“ကျွန်တော်တို့ ဆေးကုနေတာလည်း ဆေးပတ်လည်တော့မယ်လေ။ ကလေးလည်း သက်သာနေပြီကော။ ဆေးရော ဆက်မကုချင်ဘူးလား။ ဆေးဖိုးတွေလည်း လိုတာ စိုက်ပေးပါမယ်”
“နတ်စားတာက ရွာကိုပြန်စားမှ ရမှာမို့ပါ ဆရာလေးရယ်။ ကျွန်မတို့ကို ခွင့်ပြုပါ။ ဆရာလေးကျေးဇူး မမေ့ပါဘူးနော်”
(ခရိုင်ဆေးရုံကြီးတုန်းက ကုလျှင် ပျောက်နိုင်သည့် ငှက်ဖျားလူနာတစ်ယောက် နတ်မစားရသေးဘူးဟုဆိုသည့်ကိစ္စ အထူးကုဆရာဝန်ကြီးက စိတ်ဆိုးဆူပူကာ ပေးမဆင်းဘဲထားရာမှ ဆေးရုံမှ ခိုးဆင်းရင်း ရွာမှာ သေသွားရှာသည်။ ဆေးရုံစည်းကမ်းအရ ခွင့်ပြုချက်မရဘဲ ဆင်းသွားသည့် ဆေးရုံခိုးဆင်း Absconded လူနာစာရင်းထဲပါသွားတော့ သူတို့ပြန်လာဖို့ ခက်ရှာသည်ကို သတိရသွားသည်။)
“ဒီလိုလုပ်ပါလား အဒေါ်ရေ…. ရွာက နတ်တော့ မသိဘူး။ ဆေးပညာကို စောင့်တဲ့နတ်လည်း ရှိတယ်။ ကျွန်တော်တို့က ဆေးကုရင် တိုင်တည်ပြီး ကုရတယ်။ ကလေးကို ဆေးပတ်လည်အောင်တော့ ကုရမယ်။ အဖျားကျသွားတဲ့ရက်ရောက်ရင် ရွာပြန်ပြီး နတ်စားခွင့် ပေးမယ်။ ပြီးရင် ပြန်လာပြီး ဆေးပတ်လည်အောင်တော့ ထိုးရမယ်။ အဲလိုဆို ရလား။”
“အယ်.. ရတယ်ဆရာ။ ဒါပေမယ့် နတ်က ဒီ ၃ ရက်အတွင်း သူ့မွေးနေ့မတိုင်ခင် စားမှရမှာ။ နောက်ဆို မွေးနေ့ မကျော်တော့ဘူးတဲ့။”
“အင်းပါ အဒေါ်ရယ်… ၁ ရက် ၂ ရက်ဆို ရပါပြီ။ ကျွန်တော်လည်း နတ်ကိုင်တာလောက်တော့ ကုတတ်ပါတယ်။ ဆရာဝန်တစ်ဝက် နတ်တစ်ဝက် ကုကြတာပေါ့”
အဒေါ်ကြီးတစ်ယောက် အောင့်သက်သက်နှင့် ဆေးရုံက မဆင်းတော့။ နောက် ၂ ရက်ကြာတော့ ဆေးပတ်လည်ပြီ။ ကလေးမလေးလည်း အဖျားကျ၊ လန်းလန်းဆန်းဆန်း ဖြစ်လာသည်။ ကတိပေးထားသည့် အတိုင်း မွေးနေ့မကျော်ခင် နတ်ပြန်စားခိုင်းရသည်။ ဆေးပတ်လည်အောင် လာပြန်ထိုးစေသည်။
နောက်တစ်ခါ ရွာကလူများ ဆေးရုံလာတက်လျှင် နတ်စားဖို့ပြန်မည် မပြောတော့။
ကျွန်တော့်ဦးလေးပြောပြသော ပုံပြင်တစ်ပုဒ်ကို သတိရမိသည်။
.
.
တစ်ခါတုန်းက မိမိနိုင်ငံမှ ထွက်ပြေးလာခဲ့သော ပညာရှိတစ်ဦးသည် “ရိုးသားသူတို့တိုင်းပြည်” ဟုခေါ်သော နိုင်ငံရှိ ရွာတစ်ရွာသို့ ရောက်သွားခဲ့သည်။
သူရောက်သည့်အချိန်တွင် လယ်ထဲ၌ စပါးများရိတ်ရန် ကြိုးစားနေကြသူ လူတစ်စုက တစ်စုံတစ်ခုကို ကြောက်လန့်တကြားကြည့်ပြီး ဝေဖန်နေကြသည်ကို တွေ့ရသည်။ ဘာဖြစ်နေကြသည်ကို စုံစမ်းကြည့်သောအခါ “လယ်ကွင်းထဲမှာ ကြောက်စရာ အလွန်ကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင် ရောက်နေတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိလို့ ဖြစ်ပါတယ်” ဆိုတာ သိလိုက်ရတယ်။
သူက သွားကြည့်လိုက်တော့ ၎င်းသည် အစိမ်းရောင်ပေါ်တွင် အဖြူရောင် အစင်းများပါသော ဖရဲသီးတစ်လုံးသာဖြစ်ကြောင်း တွေ့လိုက်ရတယ်။ သူက “အဲဒီ မကောင်းဆိုးဝါးကို သတ်ပေးမယ်” ဟုဆိုပြီး ဖရဲသီးကို ဓားတစ်ချောင်းနဲ့ အညှာက ခုတ်ချလိုက်ပြီး အတုံးတစ်တုံးဖြတ်ပြီး စားပြလိုက်ပါတယ်။
အဲဒီမှာ ရွာသားတွေက ပိုမိုထိတ်လန့်သွားကြပြီး သူ့ကို ဖရဲသီးထက်ပိုပြီး ကြောက်လန့်သွားကြတယ်။ သူက အဲဒီကြောက်စရာအသီးကို စားတယ်။ ပြီးရင် ငါတို့ ရွာသားတွေကိုလည်း သတ်စားသွားလိမ့်မယ်ဟု တွေးမိကာ သူ့ကို ဓားတုတ်လက်နက်များ ကိုင်ဆောင် ခြောက်လှန့်ပြီး ရွာကနေ နှင်ထုတ်လိုက်ကြတယ်။
ရက်သတ္တပတ် အနည်းငယ်ကြာတော့ လူတစ်ဦး ထပ်ရောက်လာပြန်တယ်။ သူလည်း တိုင်းပြည်က ထွက်ပြေးလာသူ ပညာတတ်တစ်ဦးဖြစ်တယ်။
ရွာသားတွေ ကြောက်နေကြသည့်အရာက လယ်ကွင်းထဲတွင် ရှိနေတုန်း။ ဖယ်ရှားဖို့ တိုင်ပင်နေကြဆဲ ဖြစ်သည်။ ထိုသူက “မကောင်းဆိုးဝါး” ဟု သူတို့ယုံကြည်နေသည့်အရာကို ချက်ချင်း ဖယ်ထုတ်ခြင်းမပြုလုပ်ဘဲ ၎င်းတို့၏ ယုံကြည်မှုကို တဖြည်းဖြည်းရရှိအောင် မည်သို့လုပ်ရမည်ကို စဉ်းစားခဲ့သည်။
ထိုအရာ၏အကြောင်းကို တဖြည်းဖြည်းသိအောင် သက်သေအချက်အလက်များ၊ အထောက်အထားများ၊ မည်သို့ ဒီနေရာသို့ ရောက်ရှိလာသည်၊ မည်ကဲ့သို့ အကျိုးရှိအောင် ဆောင်ရွက်၍ရသည်ကို တဖြည်းဖြည်း ပြောပြစည်းရုံးခဲ့သည်။ နောက်ဆုံးတွင် သူတို့တစ်ရွာလုံး ဖရဲသီးကို မကြောက်တော့ဘဲ ဖရဲသီးစိုက်ပျိုးခြင်းကို စီးပွားဖြစ်စိုက်ပြီး တိုးတက်ကြီးပွားလာခဲ့ကြတော့သည်။ ထိုလူသည်လည်း ရွာလူကြီးတစ်ယောက်ဖြစ်လာပြီး မိသားစု အခြေချနေထိုင်သွားခဲ့ကြလေသည်။
.
သူက မကောင်းဆိုးဝါးနှင့် ပေါင်းစားသည်။ ကျွန်တော်ကလည်း နတ်နှင့် ပေါင်းကုသည်ပေါ့…။
ထူးသထက်ထူးတဲ့
ပြည်သူ့ကျန်းမာရေး ဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

