ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေ ဆန္ဒတွေကို တစ်ချက်လောက် သတိထားကြည့်ကြရအောင်။

မေးခွန်းက ကြောင်တောင်တောင်နိုင်နေမလား။
ဝမ်းနည်းစရာ ကောင်းနေမလား။
ဟာသတစ်ခု ဖြစ်နေမလား စတာတွေကို မစဉ်းစားဘဲ ရုတ်တရက်ပေါ်လာတဲ့ အတွေးပေါ်မှာပဲ အာရုံထားကြည့်ပါ။

သေချာပေါက်တော့ ဒီမေးခွန်းကို ကြားလိုက်ရင် လူအများစုရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေက လုံးဝ တူညီကြမှာ မဟုတ်ပါဘူး။

တချို့က

  • ချစ်ရသူဆီ အိမ်ပြန်ချင်တယ်၊ တစ်ယောက်ယောက်ကို တွေ့ချင်တယ်။
  • ဘဝတစ်လျှောက်လုံး မလုပ်ဖြစ်ခဲ့တဲ့၊ ရဲရဲတင်းတင်း မလုပ်ခဲ့ရတဲ့အရာတွေကို လုပ်ဖို့၊ မပြောခဲ့ရတဲ့ စကားတွေပြောမယ်၊ မလုပ်ဖြစ်ခဲ့တာတွေ လုပ်မယ်။
  • ဆန္ဒတွေကို ချက်ချင်းဖြည့်ဆည်းဖို့ တစ်နေ့လုံး ဈေးဝယ်ထွက်မယ်၊ စားချင်တာတွေစားပစ်မယ်။
  • ဘဝရဲ့အဆုံးသတ်ကို ငြိမ်းချမ်းစေဖို့ ဘုရားတရားပဲ လုပ်မယ်၊ ဒါမှမဟုတ် ချစ်ရသူတွေအတွက် စိတ်မပူရအောင် စုဆောင်းထားသမျှကို စီမံခဲ့မယ် ဆိုတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ကျွန်မကတော့ ဒီလိုသာ အချိန်တစ်ရက်ပဲ ရှိမယ်ဆိုရင် ဘာမှမလုပ်ဘဲ၊ ဘာဆိုဘာမှမလုပ်ဘဲ၊ အိမ်မှုကိစ္စတွေ မလုပ်ဘဲ၊ အလုပ်တွေ မလုပ်ဘဲ၊ လူနာမကြည့်ဘဲ၊ ဖုန်းလည်းမကြည့်၊ စာလည်းမလုပ်ဘဲ၊ စကားလည်းမပြောဘဲ တစ်နေကုန် ငြိမ်ငြိမ်လေး နားလိုက်ချင်တော့တာပါပဲ။

တစ်ရက်လုံး ငြိမ်နေရင်း အနားယူရင်းနဲ့ပဲ ကျန်ရှိတဲ့ တစ်ရက်တာကို ဖြတ်သန်းချင်တယ်ဆိုတဲ့ အတွေးက အရင်ဆုံးပါ။

ဒီနေရာမှာ ပြောချင်တာက ရိုးရှင်းတဲ့ ဆန္ဒတစ်ခုကလည်း ကိုယ့်အတွက် အလိုအပ်ဆုံး ဆန္ဒတစ်ခုဖြစ်နေနိုင်တယ် ဆိုတာပါပဲ။

ကိုယ့်ကိုယ်ကိုယ်နဲ့ ဥပမာပေးရရင် ဒီအတွေးဟာ တစ်စုံတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ တာဝန်ဝတ္တရားတွေ၊ ဖိစီးမှုတွေနဲ့ ဂရုစိုက်ပေးရမှုတွေ ဘယ်လောက်တောင် များပြားနေလဲဆိုတာကို ပြသနေတာပါ။

နေ့စဉ် ရုန်းကန်နေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့်ပဲ ဘဝရဲ့ နောက်ဆုံးနေ့မှာတောင် တခြားအရာတွေထက် လုံးဝ လွတ်လပ်ခွင့်ရတဲ့ အနားယူခြင်းမျိုးက ကျွန်မခေါင်းထဲကို ရောက်လာတာပဲ ဖြစ်ပါတယ်။

ဒါဟာ ကိုယ်ဘယ်လောက်ထိ ပင်ပန်းနွမ်းလျနေလဲဆိုတာကိုပါ ထင်ဟပ်နေတာပဲပေါ့။

တကယ်တော့ အဲဒီအတွေးဟာ တစ်ရက်ပဲ ရှင်သန်ရတော့မှာမျိုး မဟုတ်ရင်တောင်၊ တစ်ရက်လောက်တော့ လုပ်ချင်နေတဲ့၊ လုပ်ဖို့ လိုအပ်နေတဲ့ ကုစားမှု (Necessary Healing) တစ်ခုဖြစ်နေလို့ပါပဲ။

ဒီနေရာမှာ လူတွေဟာ ကိုယ်ကြုံတွေ့နေရတဲ့၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ ပြဿနာတွေပေါ် မူတည်ပြီး ဆန္ဒတွေက တူကြမှာ မဟုတ်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ရဲ့ ဆန္ဒတွေကို နောက်ဆုတ်ထားရတာ၊ ဘေးဖယ်ထားရတာ၊ လစ်လျူရှုထားခဲ့မိနေကြတာကြောင့် နေ့စဉ်ဘဝရဲ့ ဖိစီးမှုတွေ၊ တာဝန်ယူမှုတွေ၊ မိသားစု၊ လူမှုရေးစတဲ့ မျှော်လင့်ချက်တွေကြားမှာ ကိုယ်ပိုင်ဆန္ဒတွေဟာ တဖြည်းဖြည်း နောက်ချန်ခံရတယ်။ ဒါကြောင့် နောက်ဆုံးအချိန်ဆိုတဲ့ အတွေးနဲ့အတူ ဒီဆန္ဒတွေ ပြန်ပေါ်လာကြတာပါ။

  • တာဝန်တွေကို ဦးစားပေးရင်း ကိုယ့်ရဲ့ဝါသနာကို စွန့်လွှတ်ခဲ့ရသူအတွက် “ လုပ်ချင်တာလုပ်ဖို့” က အရေးကြီးဆုံး ဖြစ်မယ်။
  • လူမှုရေး သို့မဟုတ် လုပ်ငန်းခွင်ဖိအားတွေကြောင့် အမြဲတမ်း ချုပ်နှောင်ခံရသူအတွက် “ တစ်ရက်လောက် လွတ်လွတ်လပ်လပ် စားသောက် ပျော်ပါးဖို့” က အရေးကြီးမယ်။
  • နေ့စဉ် လူမှုဘဝထဲမှာ ကိုယ့်ကိုယ်ကိုယ် လုံးဝမေ့လျော့ပြီး သူများအတွက်ပဲတွေးပြီး အသက်ရှင်နေရသူအတွက်ကတော့ “ ဘာမှမလုပ်ဘဲ တစ်ယောက်တည်း နားနေခွင့်ရဖို့” က ဘဝရဲ့ အကြီးမားဆုံး လက်ဆောင်တစ်ခုလည်း ဖြစ်နေနိုင်တာပေါ့။

ဒီတော့ ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ကျွန်မတို့ သိလိုက်နိုင်တာက လူတိုင်းမှာ သူ့ဘဝအခြေအနေနဲ့သူ ကုစားချင်တဲ့ အရာတွေ၊ ပြန်လည်အနားယူချင်တဲ့ ဆန္ဒတွေ ရှိနေကြတယ်ဆိုတဲ့ အချက်ပါပဲ။

ကျွန်မတို့ဟာ စိတ်ကျန်းမာရေးနဲ့လည်း ပတ်သက်လို့ ကျန်းမာချင်တယ်ဆိုရင် ဒီဆန္ဒတွေကို နားလည်ပေးဖို့နဲ့ ဘဝရဲ့ နေ့စဉ် ခဏတွေမှာ ကိုယ်တိုင်အတွက်လည်း အချိန်နည်းနည်းယူဖို့ အရေးကြီးတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

မနက်ဖြန် (အောက်တိုဘာလ ၁၀ ရက်နေ့) ဟာ World Mental Health Day ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဖြစ်ပါတယ်။

လူတိုင်း ကိုယ့်အတွက်ကိုယ် အချိန်တစ်ရက်လောက် စပေးကြည့်ကြရအောင်ပါ…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here