‎ဒဏ်ရာချင်း မယှဉ်ပြိုင်ကြေး
‎——————-

‎ကျွန်မတို့ရဲ့ နေ့စဉ်ဘဝ စကားဝိုင်းတွေထဲမှာ အမှတ်မထင် မှားယွင်းတတ်တဲ့ အလေ့အကျင့်လေးတစ်ခု ရှိပါတယ်။

‎တစ်စုံတစ်ယောက်က သူ့ရဲ့အခက်အခဲ ဒါမှမဟုတ် ပင်ပန်းမှုတွေကို လာရောက်ရင်ဖွင့်တဲ့အခါ ကိုယ်တွေက “ အို… ဒါက ဘာဟုတ်သေးလို့လဲ၊ ငါ့တုန်းကဆိုရင် ဒီထက်တောင် ဆိုးသေးတာ၊ ငါဆိုရင်လေ…” လို့ အစချီရင်း ကိုယ့်ဒဏ်ရာကို ထုတ်ပြပြီး ပြန်ပြိုင်မိတတ်တာမျိုးပါ။

‎တကယ်တော့ ဒါဟာ နှစ်သိမ့်မှုထက် တစ်ဖက်လူရဲ့ခံစားချက်ကို အသိအမှတ်မပြုတာ၊ အရေးတယူမပြုတာ (Invalidation) မျိုး ဖြစ်သွားတတ်ပါတယ်။

‎စိတ်ပညာမှာတော့ ဒါကို Conversational Narcissism လို့ ခေါ်ပါတယ်။ စကားပြောကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သာ ဗဟိုပြုပြီး စကားဝိုင်းရဲ့ အာရုံစိုက်မှုကို ကိုယ့်ဆီ အတင်းဆွဲယူလိုက်တာမျိုးကို ဆိုလိုတာပါ။

‎ကိုယ့်ဘက်ကတော့ “ ငါတောင် ကျော်ဖြတ်နိုင်ခဲ့တာပဲ၊ မင်းလည်း လုပ်နိုင်မှာပါ” ဆိုတဲ့ စေတနာနဲ့ အားပေးတာ ဖြစ်နိုင်ပေမယ့် တစ်ဖက်လူမှာတော့ “ ငါ့ဒုက္ခက ပြောပလောက်စရာ မရှိဘူးလား” ဆိုတဲ့ အားငယ်စိတ်နဲ့ အတူ

‎” ငါ့ကို နားမလည်ပေးဘူး” ဆိုတဲ့ အထီးကျန်စိတ်ကိုသာ ခံစားသွားရနိုင်ပါတယ်။
‎…
‎…

‎ဒါဆို ဒီလိုမဖြစ်‌အောင် ဘယ်လိုသတိပြုကြမလဲ။

‎🫂 ပင်ပန်းမှုကို ပေတံနဲ့ မတိုင်းပါနဲ့။

‎လူတစ်ယောက်ရဲ့ ခံနိုင်ရည် (Resilience) ဟာ တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ ကိုယ့်အတွက် သေးငယ်တဲ့အရာက တစ်ဖက်လူအတွက် လောကကြီးပျက်စီးမတတ် ပင်ပန်းနေနိုင်ပါတယ်။ သူ့ခံစားချက်ဟာ သူ့အတွက်တော့ အစစ်အမှန်ဖြစ်နေတာကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။
‎.

‎🫂 ကိုယ့်အတွေ့အကြုံကို ခဏဘေးဖယ်ထားပါ။

‎သူ ရင်ဖွင့်နေချိန်မှာ ကိုယ့်အ‌ကြောင်းတွေကို ခဏသိမ်းထားလိုက်ပါ။ သူ လိုအပ်နေတာက အဖြေတစ်ခု မဟုတ်သလို ကိုယ့်ရဲ့ အတိတ်က အောင်နိုင်မှုတွေလည်း မဟုတ်ပါဘူး။ “ မင်း တော်တော် ပင်ပန်းနေမှာပဲနော်” ဆိုတဲ့ စာနာမှုအပြည့်ရှိတဲ့ နားတစ်စုံကိုပဲ မျှော်လင့်ကြတာဖြစ်ပါတယ်။
‎.

‎🫂 အချိန်ပေးပြီးမှ မျှဝေပါ။

‎ကိုယ့်အတွေ့အကြုံကို ပြောပြချင်ရင်တောင် သူ့ဘက်က အပူတွေ နည်းနည်းငြိမ်းသွားပြီး သူကိုယ်တိုင်အဖြေရှာဖို့ အဆင်သင့်ဖြစ်ပြီဆိုမှ “ ငါလည်း ဒီလိုမျိုး ကြုံဖူးတယ်။ အဲတုန်းကတော့…” ဆိုတဲ့ ပုံစံမျိုးနဲ့ မျှဝေတာကသာ ပိုပြီးသင့်တော်တဲ့ဖေးမမှု ဖြစ်နိုင်ပါတယ်။
‎…
‎…

‎လူတစ်ယောက်က ကိုယ့်ကို ရင်ဖွင့်တယ်ဆိုတာ သူ့ဘဝရဲ့ အားနည်းချက်ကို ယုံယုံကြည်ကြည်နဲ့ ပုံအပ်လိုက်တာပါ။ အဲဒီယုံကြည်မှုကို ဒဏ်ရာချင်းယှဉ်ပြိုင်ခြင်းနဲ့ မတုံ့ပြန်လိုက်ပါနဲ့။

‎နှစ်သိမ့်ပေးတယ်ဆိုတာမှာ တစ်ဖက်လူရဲ့အပူကို ကိုယ့်ရဲ့စာနာမှုနဲ့ စိတ်ပါလက်ပါ နားထောင်ပေးခြင်းသာ ဖြစ်ပါစေ။

‎ဒီတစ်ခေါက်တော့ သူ့ရဲ့စိတ်အပူကိုပဲ သေချာလေးကူပြီး ငြိမ်းသတ်ပေးလိုက်ကြရအောင်လားရှင်….။

‎သင်၏စိတ်ကလေး ကျန်းမာစေဖို့
‎ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here