ဆေးလိပ်သောက်ခြင်းက အဆုတ်ရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း စတဲ့ရောဂါတွေကို ဖြစ်စေနိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် လူအများ သတိမမူမိကြတဲ့ အရေးကြီးတဲ့အချက်ကတော့ ဆေးလိပ်နဲ့ စိတ်ကျန်းမာရေးရဲ့ တိုက်ရိုက်ဆက်နွှယ်မှုပါ။
လူအချို့က စိတ်ညစ်တဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ ဒါမှမဟုတ် အာရုံစူးစိုက်မှုနဲ့ စိတ်ခံစားမှုပိုမိုကောင်းမွန်လာချင်တဲ့အခါ ဆေးလိပ်ကို “ ထွက်ပေါက်” တစ်ခုအနေနဲ့ အသုံးပြုတတ်ကြပါတယ်။ ဆေးလိပ်သောက်လိုက်ရင် စိတ်အေးသွားသလို၊ တည်ငြိမ်သွားသလို ခံစားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူတွေဟာ သာမန်ထက် ပိုပြီးဆေးလိပ်သောက်မိတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ ခဏတာ ခံစားချက်မျှသာဖြစ်ပြီး ရေရှည်မှာတော့ စိတ်ကျန်းမာရေးကို ပိုမိုဆိုးရွားစေပါတယ်။
…
…
ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဟာ သောက်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း ဦးနှောက်ထဲကို ရောက်ရှိသွားပါတယ်။ အဲဒီအခါ ဦးနှောက်ထဲက စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စိတ်ပျော်ဟော်မုန်း (Neurotransmitters) တွေကို အောက်ပါအတိုင်း ပြောင်းလဲပစ်လိုက်ပါတယ်။
🌲ဒိုပါမင်း (Dopamine)
စိတ်ကျေနပ်ပျော်ရွှင်မှုကို ပေးစွမ်းပါတယ်။
နီကိုတင်းဟာ ဦးနှောက်ရဲ့ ဆုပေးစနစ် (Reward Center) ကို လှုံ့ဆော်ပြီး ဒိုပါမင်းတွေကို အဆမတန် ထွက်လာစေကာ လူကို ချက်ချင်းဆိုသလို စိတ်ကျေနပ်မှု ရရှိစေပါတယ်။
ဒါပေမယ့် ရေရှည်မှာ ဦးနှောက်က ဒိုပါမင်းရဲ့ အလုပ်လုပ်နိုင်စွမ်းကို လျှော့ချလိုက်တဲ့အတွက် နောက်ပိုင်းမှာ ပုံမှန်စိတ်ချမ်းသာမှုမျိုးရဖို့ ဆေးလိပ်ကို ပိုပိုတိုးသောက်ရတဲ့ “ စွဲလမ်းမှုသံသရာ” ကို ဖြစ်ပေါ်စေပါတယ်။
.
🌲ဆီရိုတိုနင် (Serotonin)
စိတ်တည်ငြိမ်အေးချမ်းမှုကို ခံစားရစေပါတယ်။
နီကိုတင်းက ဆီရိုတိုနင်ထုတ်လုပ်မှုကို ယာယီမြှင့်တင်ပေးတာကြောင့် ဆေးလိပ်သောက်နေစဉ်အတွင်း စိတ်လှုပ်ရှားမှုတွေဟာ ငြိမ်ကျသွားသလို ခံစားရစေပါတယ်။
အာနိသင်ကုန်သွားတဲ့အခါမှာတော့ ဆီရိုတိုနင်ပမာဏဟာ ပုံမှန်အောက်ကို ရောက်သွားပြီး စိတ်တိုလွယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနဲ့ စိတ်မအေးချမ်းခြင်းတွေကို ပိုမိုခံစားရလာစေပါတယ်။
.
🌲 နော်အက်ပီနက်ဖရင်း (Norepinephrine)
အာရုံစူးစိုက်မှုကောင်းစေပြီး တက်ကြွရွှင်လန်းလာစေပါတယ်။
ဒီဓာတ်ပစ္စည်းဟာ ဦးနှောက်ကို နိုးကြားစေပြီး အလုပ်လုပ်နိုင်စွမ်းဟာ မြင့်တက်လာသလိုမျိုး ယာယီလှည့်စားနိုင်စွမ်း ရှိပါတယ်။
ဒါပေမယ့် ဒီလိုအတုအယောင်တက်ကြွမှုဟာ ဦးနှောက်ကို အမြဲတမ်း ပင်ပန်းနွမ်းနယ်စေပြီး ဆေးလိပ်မရှိရင် ဘာကိုမှ အာရုံစိုက်လို့မရတော့တဲ့ အခြေအနေထိ ဖြစ်သွားစေနိုင်ပါတယ်။
.
ဒီဟော်မုန်းတွေကြောင့် ဆေးလိပ်သောက်ချိန်မှာ စိတ်ချမ်းသာသလို ထင်ရပေမယ့် နီကိုတင်းအာနိသင် ကုန်သွားတဲ့အခါမှာတော့ စိတ်မတည်ငြိမ်မှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေက အဆမတန် ပြန်တက်လာပါတယ်။ ဒါကြောင့်ပဲ လူတွေဟာ အဲဒီမကောင်းတဲ့ ခံစားချက်ကို ဖယ်ရှားဖို့ ဆေးလိပ်နောက်တစ်လိပ်ကို ထပ်သောက်ရင်း “ ဆေးလိပ်စွဲခြင်း သံသရာ” ထဲက ရုန်းမထွက်နိုင် ဖြစ်ကြရပါတယ်။
…
…
ဆေးလိပ်ကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ကျန်းမာရေး ပြဿနာများ
၁။ စိုးရိမ်ပူပန်မှုရောဂါ (Anxiety)
ဆေးလိပ်က နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် ရင်တုန်တာ၊ အသက်ရှူမဝတာတွေ ဖြစ်လာပြီး စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါ (Anxiety) နဲ့ ရုတ်တရက် ထိတ်လန့်တုန်လှုပ်တဲ့ရောဂါ (Panic Attack) ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေပါတယ်။
နီကိုတင်းကြောင့် ခန္ဓာကိုယ်ထဲမှာ Stress Hormone လို့ခေါ်တဲ့ ကော်တီစော (Cortisol) တွေ ပိုထွက်လာပြီး စိတ်ဂနာမငြိမ်မှုကို ပိုမိုဖြစ်ပွားစေတတ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားချိန်မှာ ခံစားရတဲ့ ဝေဒနာ (Withdrawal Symptoms) တွေကလည်း စိုးရိမ်ပူပန်မှုရောဂါ အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
.
၂။ စိတ်ဓာတ်ကျဝေဒနာ (Depression)
ဆေးလိပ်သောက်ခြင်းက စိတ်ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း (Coping Mechanism) ကို ကျဆင်းစေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေသူတွေမှာ မျှော်လင့်ချက်မဲ့သလို ခံစားရတာနဲ့ အားမရှိသလို အမြဲနုံးချိနေတာမျိုးတွေကို ပိုဆိုးစေပါတယ်။
ဆေးလိပ်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ထဲက ပျော်ရွှင်မှုကို ထိန်းညှိပေးတဲ့ အင်ဇိုင်း (MAO) တွေကို ဟန့်တားပစ်တာကြောင့် စိတ်ခံစားချက် အတက်အကျကို မထိန်းချုပ်နိုင်တော့ဘဲ စိတ်ဓာတ်ကျဆင်းမှုထဲကို ပိုမိုနစ်မွန်းသွားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်က စိတ်ကျရောဂါအတွက် သောက်ရတဲ့ ဆေးဝါးတွေရဲ့ အာနိသင်ကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။
.
၃။ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ (Sleep Problems)
ဆေးလိပ်သောက်သူတွေဟာ အိပ်ပျော်ဖို့ ခက်ခဲတတ်သလို အိပ်မက်ဆိုးတွေ မက်တတ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်မပျော်တဲ့အတွက် နောက်တစ်နေ့မှာ စိတ်မကြည်မလင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အား (Mental Resilience) ကျဆင်းလာပါတယ်။
နီကိုတင်းဟာ လူကို လန်းဆန်းစေတဲ့ (Stimulant) အာနိသင်ရှိတာကြောင့် ဆေးလိပ်ကို အိပ်ခါနီးညဘက်သောက်တဲ့အခါ အိပ်စက်ခြင်းသံသရာ (Sleep Cycle) ကို ထိခိုက်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်ရမယ့် အချိန်ကို လျော့နည်းစေပါတယ်။ အိပ်ရေးမဝတဲ့အခါ ဦးနှောက်က စိတ်ဖိစီးမှုတွေကို မခုခံနိုင်တော့ဘဲ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်စိတ်တွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။
.
၄။ ဦးနှောက်နှင့် မှတ်ဉာဏ်
ရေရှည်သောက်သုံးခြင်းက ဦးနှောက်ဆီကို အောက်စီဂျင်ရောက်ရှိမှုအပေါ် အဟန့်အတားဖြစ်စေတာကြောင့် မှတ်ဉာဏ်လျော့နည်းတာ၊ မေ့လွယ်တာနဲ့ အာရုံစိုက်မရတာတွေကို ဖြစ်စေပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ရဲ့ အပြင်ဘက်လွှာ (Cerebral Cortex) ဟာ ပုံမှန်ထက် ပိုမိုသေးငယ်သွားတတ်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို သိသိသာသာ ကျဆင်းစေပါတယ်။ ဒါ့အပြင် ရေရှည်မှာ အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမား (Alzheimer’s) နဲ့ သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေကိုလည်း ပိုမိုမြင့်တက်စေပါတယ်။
.
၅။ လူငယ်များနှင့် ဆေးလိပ်အန္တရာယ်
လူငယ်တွေရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲအဆင့်ပဲ ရှိပါသေးတယ်။ ဒီအချိန်မှာ ဆေးလိပ်သောက်ခြင်းက စိတ်ထိန်းချုပ်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ပျက်စီးစေပြီး စိတ်ကျန်းမာရေး ပြဿနာတွေကို ပိုမိုပြင်းထန်စွာ ခံစားရစေပါတယ်။
ဦးနှောက်ရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်း (Prefrontal Cortex) ဟာ ဆေးလိပ်ကြောင့် ဖွံ့ဖြိုးမှု နှောင့်နှေးသွားပြီး စိတ်ခံစားချက်ကို မထိန်းနိုင်ဘဲ ရုန့်ရင်းကြမ်းတမ်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း စွဲလမ်းမှုဆိုင်ရာ ပြဿနာတွေနဲ့ တခြားသော စိတ်ကျန်းမာရေး ဝေဒနာတွေကို ကုသရခက်ခဲသွားစေနိုင်ပါတယ်။
…
…
ဆေးလိပ်ဖြတ်ခြင်းမှ ရရှိမည့် “ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ”
ဆေးလိပ်ဖြတ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ပြန်လည်ကျန်းမာရုံတင်မကဘဲ စိတ်ဝိညာဉ်ပါ ပြန်လည်ရှင်သန်လာနိုင်ပါတယ်။
အဲဒါတွေကတော့ . . .
✅ စစ်မှန်တဲ့ စိတ်တည်ငြိမ်အေးချမ်းမှု ရရှိလာခြင်း
✅ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း
✅ ပြဿနာတွေကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း
✅ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာခြင်း
✅ မိမိကိုယ်ကိုယ် ယုံကြည်မှု (Self-esteem) မြင့်တက်လာခြင်းဆိုတာတွေ ဖြစ်ပါတယ်။
.
.
အချုပ်ဆိုရရင်တော့ ဆေးလိပ်ဟာ စိတ်ဖိစီးမှုအတွက် “ ဆေး” မဟုတ်ဘဲ စိတ်ကျန်းမာရေးကို ဖျက်ဆီးနေတဲ့ “ အဆိပ်” သာ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပြီးတဲ့နောက် ဦးနှောက်အတွင်းမှာရှိတဲ့ ဓာတုပစ္စည်တွေက ပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်လာပြီး သဘာဝအတိုင်း ပျော်ရွှင်ကြည်နူးမှုကို ခံစားနိုင်စွမ်း ရှိလာပါလိမ့်မယ်။ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပြန်လည်ရရှိလာခြင်းက ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး လူမှုပတ်ဝန်းကျင်မှာ ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်စေမှာပါ။
အမှန်တကယ်တော့ ဆေးလိပ်ဖြတ်လိုက်ခြင်းဟာ သင့်ရဲ့ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းမှုကို ပြန်လည်ဖော်ဆောင်ပေးမယ့် အကောင်းဆုံးသော နည်းလမ်းတစ်ခုပါပဲ….။
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

