ကျွန်မတို့ အတွင်းစိတ်ဟာ အိမ်တစ်လုံးရဲ့ ဖွဲ့စည်းပုံလိုပဲ။ အခန်းပေါင်းများစွာရှိပြီး တစ်ခန်းချင်းစီမှာ သူ့မှတ်ဉာဏ်နဲ့သူ သူ့ခံစားချက်နဲ့သူ ရှိနေတတ်ကြတာမျိုးပေါ့။

ဒီလို သီးခြားစီအခန်းကန့်ပြီး ခွဲခြားထားတာကို စိတ်ပညာမှာတော့ Compartmentalization လုပ်တယ် လို့ ခေါ်ပါတယ်။

တစ်ခါတလေမှာ ရှုပ်ထွေးလွန်းတဲ့ ခံစားချက်တွေ၊ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတဲ့ အတွေးအခေါ်တွေကို တစ်ပြိုင်တည်း ကိုင်တွယ်ရတဲ့အခါ ကျွန်မတို့ဟာ Compartmentalization ဆိုတဲ့ နည်းလမ်းကို အသုံးပြုတတ်ကြပါတယ်။

စိတ်ပညာရှုထောင့်အရတော့ ဒါဟာ “ Defense Mechanism” (ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ နည်းလမ်း) တွေထဲက တစ်ခုလို့ ဆိုပါတယ်။

စိတ်ထဲမှာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ အစိတ်အပိုင်းတွေကို သီးခြားစီ သူ့အကန့်နဲ့သူ ခွဲထုတ်ပစ်လိုက်တာမျိုးပါ။ Dissociative Process လို့ခေါ်တဲ့ စိတ်နဲ့ ရုပ်ခန္ဓာ ဆက်သွယ်မှု ပြတ်တောက်ခြင်းတွေမှာလည်း ဒါကိုတွေ့ရတတ်ပါတယ်။

ပြင်းထန်တဲ့ စိတ်ဒဏ်ရာရသူတွေမှာဆိုရင် မိမိကိုယ်ကိုယ် ဘယ်သူမှန်းမသိတော့တဲ့အထိ ကန့်သတ်ပိုင်းခြားလိုက်တာမျိုးလည်း ဖြစ်နိုင်သလို အခြားလူတွေမှာတော့ စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိဖို့အတွက် သုံးတဲ့ နည်းလမ်းတစ်ခု (Defense Mechanism) ဖြစ်နေတတ်ပါတယ်။ စိတ်ဖိစီးမှုတွေကြားမှာ လူကို ပြိုလဲမသွားအောင် စိတ်က အလိုအလျောက် အခန်းကန့်လိုက်တာမျိုး‌ပေါ့။

ထပ်ရှင်းပြရရင်…

စိတ်ဒဏ်ရာတွေ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ ကိုယ့်ရဲ့ပြဿာနာတွေ၊ အပူတွေကို အခန်းတစ်ခုထဲမှာ ထည့်ပိတ်ထားလိုက်ပြီး ကျန်တဲ့ဘဝကို ပုံမှန်အတိုင်း ဆက်လျှောက်ဖို့ ကြိုးစားတာမျိုးကို ဆိုလိုတာပါ။

✴️ ကောင်းကျိုးက ဘာတွေလဲ။

Compartmentalization က အမြဲတမ်း မကောင်းတာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကျွန်မတို့ ဘဝကို ဟန်ချက်ညီအောင် ထိန်းပေးတတ်ပါတယ်။

ဥပမာ

  • အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ခွဲခြားခြင်း
    အလုပ်မှာ အရမ်းပင်ပန်းပြီး စိတ်ညစ်စရာတွေ ကြုံခဲ့ပေမယ့် အိမ်ပြန်ရောက်တဲ့အခါ အဲဒီစိတ်တွေကို အလုပ်ဆိုတဲ့ အကန့်ထဲမှာပဲ ပိတ်ထားခဲ့ပြီး သားသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေပေးနိုင်တာမျိုးပါ။

အရေးပေါ်အခြေအနေမှာဆိုရင်လည်း ဆရာဝန်တစ်ယောက်ဟာ လူနာတစ်ယောက်ကို ကုသနေချိန်မှာ မိမိရဲ့ ကိုယ်ရေးကိုယ်တာ သောကတွေကို ခဏမေ့ထားပြီး လူနာအသက်ကယ်ဖို့ပဲ အာရုံစိုက်နိုင်တာမျိုးပေါ့။
.

✴️ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ

ဒီနည်းလမ်းကို အလွန်အကျွံ သုံးလာရင်တော့ စိတ်ကျန်းမာရေးအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။

  • စိတ်ဒဏ်ရာ (Trauma) တစ်ခုခု ရထားပေမယ့် ငါဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး အဲဒီခံစားချက်ကို သီးခြားအကန့်ထဲ ထည့်ပိတ်ထားတဲ့အခါ နောက်ပိုင်းမှာ စိတ်ဓာတ်ကျတာ (Depression) နဲ့ စိုးရိမ်စိတ်လွန်ကဲတာ (Anxiety) တွေ ဖြစ်လာနိုင်ပါတယ်။
  • ကိုယ်ကျင့်တရား သို့မဟုတ် စရိုက် နှစ်ခွဖြစ်ခြင်း (Cognitive Dissonance)
    ဥပမာ – အပြင်လောကမှာ လူကြီးလူကောင်းလို့ သိထားတဲ့သူတစ်ယောက်က တစ်ဖက်မှာတော့ အကျင့်သီလပျက်ပြားတဲ့သူမျိုး ဖြစ်နေတတ်တာမျိုးကို ဆိုလိုတာပါ။

သူက သူ့ရဲ့လူကောင်းဆိုတဲ့ပုံရိပ်နဲ့ အကျင့်ပျက်တဲ့ လုပ်ရပ်ကို စိတ်ထဲမှာ အကန့်ခွဲထားလိုက်တာကြောင့် အမှားကို အမှားလို့မသိတော့ဘဲ အပြစ်ရှိတယ်လို့ မခံစားရတော့တာမျိုး ဖြစ်တတ်ပါတယ်။
.

✴️ သတိပြုရမည့် အချက်

Compartmentalization ကို ခဏတာ စိတ်သက်သာရာအဖြစ် သုံးတာက ပြဿနာမရှိပေမယ့် ပြဿနာတွေရဲ့ ပုန်းခိုရာအဖြစ် သုံးနေမိပြီလားဆိုတာတော့ ဆန်းစစ်ဖို့ လိုပါတယ်။

ဆိုတော့

အမှိုက်ကို အခန်းထဲ ထည့်ပိတ်ထားရုံနဲ့ အိမ်ဟာ သန့်ရှင်းမသွားပါဘူး။

ကျွန်မတို့ဟာ ရှေ့ဆက်ဖို့အတွက် တစ်ခါတလေမှာ တံခါးအချို့ကို ပိတ်ထားဖို့လိုတာ မှန်ပါတယ်။ ဒါပေမယ့် တစ်သက်လုံး ပိတ်ထားရင်တော့ အဲဒီအခန်းထဲက အရာတွေဟာ ကြာရင် ပုပ်သိုးလာပါလိမ့်မယ်။

သင့်‌တော်တဲ့အချိန်မှာ သတ္တိရှိရှိ တံခါးကိုဖွင့်၊ လေဝင်လေထွက်ပေးပြီး ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဆိုင်ဖြေရှင်းကြည့်ပါ။

အကယ်၍ ကိုယ်ဟာ ခံစားချက်တွေကို အမြဲတမ်း ဖိနှိပ်ထားမိလို့ စိတ်ထဲမှာ လေးလံနေပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုလိုပါတယ်ရှင်…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here