ကျန်းမာရေးဆောင်းပါးတွေ အထူးသဖြင့် စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်မိတဲ့အခါ အဲဒီရောဂါ ကိုယ့်မှာဖြစ်နေသလိုမျိုး ရောဂါလက္ခဏာတွေက တိုက်ဆိုင်လိုက်တာဆိုပြီး ခံစားရတဲ့အချိန်တွေ ရှိတတ်ကြတယ်မို့လား။
အဲဒါထက်လွန်ကဲလာရင်တော့ အင်တာနက်မှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို အမြဲတစေရှာဖွေပြီး ကိုယ်ဖတ်မိတဲ့ ရောဂါလက္ခဏာတွေနဲ့ ကိုယ်ဖြစ်နေတဲ့ ဝေဒနာတွေ တိုက်ဆိုင်တဲ့အခါ အဲဒီရောဂါကြီး ကိုယ့်မှာစွဲကပ်နေပါပြီလို့ အလွယ်တကူယူဆတတ်ကြပါတယ်။
ဒါဟာ Cyberchondria လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အပြုအမူတစ်မျိုး ဖြစ်ပါတယ်။
…
…
Cyberchondria ရဲ့ အဓိက လက္ခဏာတွေကတော့ . . .
- အင်တာနက်သုံးတာနဲ့ ကျန်းမာရေးနဲ့ပတ်သက်တာတွေကိုပဲ အလွန်အကျွံရှာဖွေတာ
- ဖတ်မိတဲ့လက္ခဏာတွေနဲ့ ကိုယ်ဖြစ်နေတာတွေကို တိုက်စစ်ပြီး ကိုယ့်မှာ အဲဒီရောဂါရှိနေပြီလို့ အလွယ်တကူ ယူဆလိုက်တာ
- ရောဂါလက္ခဏာ တစ်ခုနှစ်ခုရှိရုံမျှနဲ့ အလွန်အမင်းစိုးရိမ်ပူပန်တတ်တာ
- ဆရာဝန်နဲ့မပြသဘဲ မိမိကိုယ်မိမိ ရောဂါနာမည်တပ်တာ
- ဆရာဝန်နဲ့ပြသပြီးရင်တောင် စိတ်မသက်မသာဖြစ်နေသေးတာ
- ဆေးစစ်ချက်များကိုပါ ယုံကြည်မှု မရှိတော့တာ
- နောက်ဆုံး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မရှာရမနေနိုင်ဖြစ်လာပြီး မိမိရဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာတာ စတဲ့အခြေအနေမျိုးတွေ ဖြစ်လာတတ်ပါတယ်။
…
…
ဒါဆို cyberchondria ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကိုဘယ်လိုကိုင်တွယ်ထိန်းချုပ်ကြမလဲ။
- အင်တာနက် အသုံးပြုချိန်ကို ကန့်သတ်ပါ။
- ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေကပဲ ရှာဖွေပါ။
- ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူစရာတစ်စုံတစ်ရာရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။
- စိတ်ဖိစီးမှုကို လျှော့ချဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ အသက်ရှုလေ့ကျင့်ခန်း စတာတွေကို ပြုလုပ်ပေးပါ။
- အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးမဝခြင်းက စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။
- အကောင်းမြင်စိတ်ကို မွေးမြူပါ။
- မိသားစု၊ သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေးပါ၊ ရင်ဖွင့်ပါ။
- အာရုံလွှဲပြောင်းပါ (သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ အပြင်ထွက်တာ စသဖြင့်)
- မိမိနေ့စဉ်ဘဝကိုပါ ထိခိုက်လာတဲ့အထိ စိုးရိမ်ပူပန်နေရပြီဆိုရင်တော့ စိတ်ကျန်းမာရေးပညာရှင်များနဲ့ ပြသဆွေးနွေးမှု ခံယူပါ။
.
အနှစ်ချုပ်ရရင်
Cyberchondria ဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူဖြစ်ပါတယ်။ အွန်လိုင်းက အချက်အလက်တွေကို အလွန်အကြူးယုံကြည်တာ၊ ဆရာဝန်ဆီမသွားဘဲ ကိုယ့်ဘာသာရောဂါရှာတာတွေဟာလည်း အလွန်ကိုမှ အန္တရာယ်များပါတယ်။ ဒါကြောင့် စိတ်ပူပန်မှုတွေများလာရင် (သို့) အပေါ်ကလက္ခဏာတွေ စတင်ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ စောစီးစွာတိုင်ပင်ဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်ရှင်….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.