အသက် ‎၂ နှစ်အောက်ကလေးတွေမှာ Screen time (တီဗီ၊ တယ်လီဖုန်း၊ ကွန်ပြူတာ ကြည့်ရှုချိန်) လုံးဝ မရှိသင့်ပါဘူးလို့ ပြီးခဲ့တဲ့ဆောင်းပါးမှာ ရေးခဲ့ပါတယ်။

ကလေးဆိုတာ ကြီးလာလေ ပိုဖွံ့ဖြိုးလာလေ၊ ဘာမဆို သင်ယူဖို့ စိတ်အားထက်သန်နေကြတာပါ။ ၂ နှစ်ကနေ ၅ နှစ်ကလေးတွေမှာ screen ကို မပြမိဖို့ဆိုတာကတော့ တော်တော်မလွယ်တော့ပါဘူး။ တအားတတ်နေကြပြီကိုး။ လူကြီးတွေ အကုန်လုံးလိုလိုကလည်း သုံးကြတော့ သူတို့လည်း သုံးဖြစ်လာပါပြီ။ ဒီအရွယ် ကလေးငယ်တွေကို တစ်နေ့ တစ်နာရီထက်မပိုအောင် screen ပြမယ်ဆိုရင်‌တော့ ပြလို့ရပါတယ်တဲ့။
‎.

‎ကောင်းကျိုးများပြီး ဆိုးကျိုးနည်းစေဖို့အတွက်ဆိုရင် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူကလည်း ဘေးကနေ အတူတူလိုက်ကြည့်တာမျိုး လုပ်ပေးနိုင်ပါတယ်။ ဖုန်းထဲ၊ တီဗီထဲမှာ မြင်ရတာတွေကို ပြောပြတာမျိုး၊ ရှင်းပြပေးတာမျိုး (engagement) ကောင်းကောင်းနဲ့ အပြန်အလှန်လုပ်ပေးသင့်ပါတယ်။

၂ နှစ်အထက် ကလေးတွေက screen ကနေ ကောင်းစွာသင်ယူနိုင်ကြပါပြီ။ အထဲကအရုပ်ကို အပြင်မှာမြင်ရတဲ့ တကယ့်အရာနဲ့ ချိတ်ဆက်တာမျိုးတွေ လုပ်ဆောင်နိုင်ကြပါပြီ။ ဒါကြောင့် ဘယ်အရာကို ပြဖြစ်‌နေလဲဆိုတာ တော်တော်လေး အရေးပါပါတယ်။ Contents (ကာတွန်း၊ ဟာသ၊ သီချင်းစသည်) တွေရဲ့ အရည်အသွေး (quality) ကို သေချာရွေးချယ်ပြီး ပြပေးဖို့လိုပါတယ်။

TV တွေ၊ video တွေမှာ အများစုက screen က ပြတာကို တုံ့ပြန်စရာမလိုဘဲ ကြည့်ရတာမျိုး (one way) ပဲ သွားကြတာမို့ အားနည်းချက်တစ်ခုပါ။ အပြန်အလှန်တုံ့ပြန်ရတဲ့ (interactive ဖြစ်တဲ့) content မျိုးဆိုရင် ကလေးအနေနဲ့ ပိုသင်ယူနိုင်ပါလိမ့်မယ်။ ဥပမာပြောရရင် Ms Rachel ရဲ့ YouTube channel လိုမျိုးဆို သူက စကားတွေပြောပြလိုက်၊ ကလေးပြန်ဖြေတာကိုစောင့်ပေးလိုက်နဲ့ ဟာမျိုးပေါ့။
‎.

‎Screen time ကို အကျိုးရှိရှိ သုံးတတ်မယ်ဆိုရင် ကလေးကို ကျောင်းအကောင်းစားကြီး ထားလိုက်သလိုမျိုးတောင် ဖြစ်နိုင်ပါတယ်။ ဒီအတွက် အချိန်အပိုင်းအခြားနဲ့ screen time ရှိစေတာ၊ ဘေးက အတူတူကြည့်ပေး ရှင်းပြပေးတာ၊ အေးအေးချမ်းချမ်းလေးနဲ့  အပြန်အလှန်သင်ယူရတဲ့ ဗီဒီယိုမျိုးတွေကို ပြသပေးတာမျိုးတွေ ဖြစ်ဖို့တော့ လိုတာပေါ့။ ဗီဒီယိုအတိုလေးတွေဖြစ်တဲ့ (Reels) တွေလို မြန်မြန်ကြီး ပြောင်းသွားတာ၊ ခဏလေးပဲရှိတာမျိုးတွေက အာရုံစူးစိုက်မှုကို တိုတောင်းစေလို့ မသင့်တော်ပါဘူး။

‎နောက်တစ်ခုက ကလေးရဲ့ ဟိုးအရင်က ဗီဒီယိုလေးတွေပြတာတို့၊ မိသားစုတွေရဲ့ပုံတွေ၊ ဗီဒီယိုတွေပြပြီး မေးကြည့်တာ၊ ရှင်းပြတာမျိုး‌တွေကို လုပ်နိုင်ပါတယ်။ မူကြိုကလေးတွေဆိုရင် အကသင်တာမျိုး၊ အထဲက အရုပ်လေးလို လိုက်ကတာမျိုး၊ ကာရန်ပါတဲ့ ကဗျာလေးတွေ ဖွင့်ပြတာမျိုးတွေဆို ပိုမှတ်မိသလို ပိုပြီးလည်း သင်ယူနိုင်ပါတယ်။

Screen time ပြတဲ့အခါ ကလေးကပါ သူ့အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ တအားမြူးထစေတာမျိုး မဟုတ်ဘဲ အတူတူလိုက်လုပ်၊ လိုက်ပျော်လို့ရတာမျိုး ဖြစ်ဖို့လိုပါတယ်။ ဒါမှ ကလေးက အတူတူလိုက်ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်သွားတဲ့အတွက် အဝလွန်တဲ့ကလေးတွေ မဖြစ်စေတဲ့အပြင် ဦးနှောက်ကို ပိုမိုရင့်သန်စေပါတယ်။

တောက်တောက် တောက်တောက်နဲ့ လျှောက်သွားတဲ့အရွယ်လေးတွေဟာ ကိုယ်လက်လှုပ်ရှားမှု လုပ်ရင်းကနေ ကြံခိုင်ဖွံဖြိုးမှုတွေ ဖြစ်လာတာမို့ လမ်းလျှောက်တတ်ပြီဆိုတာနဲ့ လိုက်ကူပြီး လျှောက်ပေးတာမျိုး၊ ပြေးနိုင်ပြီဆိုတာနဲ့ ပြေးတဲ့ကစားနည်းမျိုး ကူဆော့‌ပေးတာမျိုး၊ ဘောလုံးတွေနဲ့ ဆော့တာ၊ ပစ်တာ၊ ကန်တာမျိုး၊ ကဗျာလေးတွေ၊ သီချင်းတွေကို အကတွေ အမူအရာတွေနဲ့ သရုပ်ဖော်ပေးတာမျိုး စတာတွေကို အတူတူလုပ်ပေးပါ။

‎အိပ်ခါနီးလေ ဖုန်း screen တွေကို မပြသင့်လေပါ။ နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးလို့ပါ။

‎Screen time က တအားမလွှမ်းမိုးနေဖို့၊ screen free time လေးတွေ ထားပေးဖို့ဆိုရင် ထမင်းတူတူစားချိန်မှာ တစ်မိသားစုလုံး ဖုန်းမသုံးကြတာမျိုး၊ ပုံပြင်ပြောပြချိန်မှာ အပြန်အလှန် မျက်လုံးကိုကြည့်ပြီး စိတ်ဝင်တစားပြောပြတာမျိုး၊ ကိုယ်လက်လှုပ်ရှား ကစားချိန် ရှိစေတာမျိုး၊ စာအုပ်အတူတူဖတ်ချိန် ထားရှိပေးတာမျိုးတွေကို ပြုလုပ်ပေးပါ။
‎…
‎…

‎ဒီလောက်ဆိုရင်တော့ စာရေးသူဆိုလိုချင်တာကို နားလည်သဘောပေါက်ကြမယ်လို့ မျှော်လင့်မိပါတယ်။ လူကြီးပေါက်စလေးတွေ ဖြစ်လာမယ့် ချစ်စဖွယ် ကလေးငယ်‌တွေရဲ့ ကောင်းမွန်စွာ သင်ယူတတ်မြောက်စေနိုင်ရေးအတွက် တူတူကြိုးစားကြရအောင်ပါနော်….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here