ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ “ လူတိုင်း ကလေးမချစ်တတ်ဘူး” ဆိုတဲ့ အကြောင်းအရာလေးကို ကျွန်မလည်း ဖတ်လိုက်ရပါတယ်။
အမှန်ပါပဲ။
လူတိုင်းဟာ ကလေးတွေကို အလိုအလျောက် ချစ်တတ်ကြတာ မဟုတ်ပါဘူး။ ကြောင်မချစ်တတ်သူ ရှိသလို၊ ခွေးမချစ်တတ်သူလည်း ရှိပါတယ်။
ဒါဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်စိတ်နေစိတ်ထားနဲ့ ခံယူချက်အပေါ် မူတည်ပါတယ်။
တချို့လူတွေမှာ အရင်က ကလေးတွေကို သိပ်မချစ်ပေမယ့် ကိုယ်တိုင် ကလေးရလာတဲ့အခါမှာတော့ သူတို့ရဲ့ခံစားချက်တွေ ပြောင်းလဲသွားတတ်ပါတယ်။ ကိုယ့်ရဲ့သားသမီးကိုသာမက တခြားကလေးတွေကိုပါ ပိုပြီးချစ်တတ်၊ ဂရုစိုက်တတ်လာကြပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်ပြုစုပျိုးထောင်ရတဲ့အခါ ကလေးတွေရဲ့စိတ်နေစိတ်ထား၊ အပြုအမူတွေကို ပိုနားလည်လာလို့ပါပဲ။
ဒါပေမယ့် တချို့ကလေးတွေရဲ့ အပြုအမူတွေက လူကြီးတွေအတွက် စိတ်ရှုပ်စရာဖြစ်တတ်တယ်ဆိုတာလည်း မှန်ပါတယ်။ ဆော့ကစားတဲ့အခါ တအားလက်လက်ထတာ၊ အော်ဟစ်ဆူညံတာ၊ စကားနားမထောင်တာ၊ လူကြားထဲမှာ ငိုယိုသောင်းကျန်းတာမျိုးတွေဟာ တချို့လူကြီးတွေအတွက်တော့ သည်းမခံနိုင်စရာဖြစ်စေနိုင်တာပေါ့။
အဲဒီလိုကလေးမျိုးနဲ့ ကြုံမိရင် “ ဒီလိုကလေးမျိုးဆိုရင် မချစ်ချင်ဘူး၊ မမွေးချင်ဘူး” ဆိုတဲ့အတွေးမျိုးလည်း ပေါ်လာတတ်ကြပါတယ်။ ဒါကြောင့် ဒီလိုကလေးမျိုးကို မြင်လိုက်တဲ့အခါ ချစ်စရာမကောင်းဘူးလို့ တွေးမိတတ်တာက ဖြစ်သင့်ပါတယ်။
တကယ်တော့လည်း ကလေးတိုင်းဟာ မွေးကတည်းက ဆိုးသွမ်းတယ်လို့ မရှိပါဘူး။ ကလေးငယ်တိုင်းဟာ ပကတိဖြူစင်ပြီး အပြစ်ကင်းစင်ကြပါတယ်။ သူတို့ရဲ့အပြုအမူတွေဟာ ပြုစုပျိုးထောင်ပုံ၊ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်နဲ့ သူတို့ကို ထိန်းကျောင်းပေးတဲ့သူတွေပေါ် မူတည်ပြီး ပုံဖော်လာကြတာပါ။
ဒီနေရာမှာ မိဘနဲ့အုပ်ထိန်းသူတွေက ဘယ်လောက်စိတ်ရှည်သည်းခံလဲ၊ ဘယ်လိုသင်ကြားပြသပေးသလဲ၊ ဘယ်လောက်ထိ အလိုလိုက်ထားလဲ၊ ကလေးတွေကို ဘယ်လောက်ဆိုးခွင့်ပေးထားသလဲ စတဲ့ မိဘတွေရဲ့ စိတ်နေသဘောထားအပြင် ဘယ်လိုပတ်ဝန်းကျင်မှာ နေထိုင်ကြီးပြင်းရသလဲဆိုတာတွေက အလွန်အရေးကြီးပါတယ်။
ကိုယ်တိုင် ကလေးတစ်ယောက်ကို ဂရုစိုက်ပျိုးထောင်ရရင်တော့ ကလေးတွေရဲ့စိတ်နေသဘောထားကို ပိုနားလည်လာနိုင်တာပေါ့။ ဒါဆို ကိုယ့်သားသမီးမဟုတ်တဲ့ ကလေးတစ်ယောက် ကိုယ့်ရှေ့မှာ ဆူညံနေရင်တောင် “ သူ ဘာလိုချင်လို့လဲ၊ ဘာကြောင့်ဒီလိုလုပ်နေတာလဲ” ဆိုတဲ့အတွေးနဲ့ ကိုယ်ချင်းစာနားလည်ပေးနိုင်လာပါတယ်။
ဆိုတော့ “ ကလေးမချစ်တတ်ဘူး” ဆိုတဲ့ခံစားချက်က သဘာဝကျပါတယ်။
သို့သော် ကလေးတွေကို အကြောင်းမရှိဘဲ အပြစ်တင်တာ၊ မကောင်းမြင်တာ၊ ခဏတာ မြင်ရကြားရသမျှနဲ့ “ ဒီကလေးက ဒီလိုပဲ” ဆိုပြီး တံဆိပ်ကပ်လိုက်တာမျိုးတော့ ရှောင်ကြဉ်သင့်ပါတယ်။
ကလေးတိုင်းဟာ ကြီးထွားလာစဉ်မှာ စူးစမ်းရှာဖွေတတ်ကြပြီး သူတို့ရဲ့ခံစားချက်တွေကို အပြုအမူမျိုးစုံနဲ့ ဖော်ပြတတ်ပါတယ်။ သူတို့ရဲ့ အပြုအမူတွေက မသင့်လျော်ဘူးလို့ ထင်ရပေမယ့် ဒါက သူတို့ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်/လိုအပ်ချက်တွေကို ဖော်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကလေးတစ်ယောက်ကို မြင်တဲ့အခါ သူတို့ရဲ့ အပြုအမူကိုပဲ မကြည့်ဘဲ ဒီအပြုအမူရဲ့ နောက်ကွယ်မှာ ဘာအကြောင်းရင်းရှိနိုင်သလဲ ဆိုတာကို တွေးကြည့်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။
ဒီလိုပြောလို့ မချစ်တတ်တာကို အတင်းချစ်ရမယ်လို့ မဆိုလိုပါဘူး။ ဟန်ဆောင်ပြီး ချစ်ပြစရာလည်း မလိုပါဘူး။ ကလေးငယ်တွေအပေါ်မှာ နည်းနည်းလေးပဲ ဖြစ်ဖြစ် အရင်ကထက်ပိုပြီး နားလည်ပေးနိုင်ဖို့ကိုပဲ ရည်ရွယ်ပါတယ်။ ကလေးတွေကို နားလည်ပေးနိုင်ခြင်းက သူတို့နဲ့ ဆက်ဆံရေးပိုကောင်းလာဖို့နဲ့ သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးဖို့အတွက်လည်း တအားအရေးကြီးတာမို့ပါ။
ကလေးတိုင်းမှာ ဖြူစင်တဲ့စိတ်နှလုံးသားနဲ့ ဖွံ့ဖြိုးလာနိုင်မယ့် အလားအလာ အနာဂတ်တွေ ရှိပါတယ်။ သူတို့ကို နားလည်ပေးဖို့၊ မှန်မှန်ကန်ကန်လမ်းညွှန်ပေးဖို့ကသာ လူကြီးတွေရဲ့တာဝန်ပါ။
“ Children are our greatest Treasure” ပဲ မဟုတ်လား…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.