ကျွန်တော်တို့ မြန်မာလူမျိုးတွေစကားပြောရင် ပါးစပ်ဖျားမှာ ရေပက်မဝင်အောင် ထည့်သုံးလေ့ရှိတဲ့ စကားပုံတစ်ခု ရှိတယ်။ “တန်ဆေး လွန်ဘေး” တဲ့။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ ဘာမဆို အလယ်အလတ်၊ သင့်တင့်မျှတတဲ့ အတိုင်းအတာတစ်ခုအထိကတော့ ခန္ဓာကိုယ်အတွက် ဆေးလို အကျိုးရှိပေမယ့် အတိုင်းအထက်အလွန် ဖြစ်သွားရင်တော့ ဘေးဒုက္ခပေးတတ်တယ် ဆိုတာပါပဲ။
ဒီစကားပုံက သိပ်မှန်ပါတယ်။ ထမင်းစားတာကအစ ရေချိုးတာ၊ အိပ်တာ၊ အလုပ်လုပ်တာ၊ အားကစားလုပ်တာ စတဲ့ နေ့စဉ်ဘဝကိစ္စရပ်တွေ အားလုံးမှာ တန်ရင် ဆေးဖြစ်ပြီး လွန်ရင် ဘေးဖြစ်တာချည်းပါပဲ။ ဟုတ်ပြီ… ဒါဆို ပြဿနာက ဘယ်မှာလဲ။
ပြဿနာက အဲဒီ “တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားပုံကြီးကို ခေါင်းစဉ်တပ်ပြီး ကိုယ်လုပ်ချင်တဲ့ အကျင့်ဆိုးတွေကို ကိုယ့်ဘာသာ နားလှည့်ပါးရိုက် “နည်းနည်းတော့ ရပါတယ်ကွာ” ဆိုပြီး လုပ်နေကြတာပါပဲ။ တချို့အရာတွေက တန်ရုံ (နည်းနည်းလေး) သုံးစွဲရင် ဆေးဖြစ်တယ်ဆိုတာ လုံးဝ (လုံးဝ) မမှန်ပါဘူး။ နည်းနည်းလေး သုံးစွဲတာနဲ့တင် ဘေးဖြစ်စေတတ်တဲ့ အရာတွေပါ။ ဆိုလိုတာက ဒီအရာတွေမှာ Safe Limit ဆိုတာ လုံးဝ မရှိဘူး။ အစကို မလုပ်သင့်တာပါ။ ကဲ… ဘာတွေလဲဆိုတာ တစ်ခုချင်းစီ ကြည့်ရအောင်ဗျာ။
၁။ ဝိုင်နဲ့ အရက် (တစ်ခွက်တစ်ဖလားလောက်ကတော့ ဘာမှမဖြစ်ပါဘူးကွာ ဆိုသူများအတွက်)
အရက်၊ ဘီယာဝိုင်းတွေမှာ ကြားရလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ “အရက်လေး နည်းနည်းသောက်တာ သွေးလည်ပတ်မှု ကောင်းတယ်ကွ၊ ဆေးဖက်ဝင်တယ်” တဲ့။ နောက်ပြီး “ဝိုင်လေးတစ်ခွက်လောက် ညစာမစားခင် သောက်ရင် နှလုံးအတွက်ဆေး” ဆိုတာတွေပေါ့။ ဟိုးအရင်ခေတ်တွေကတော့ ဟုတ်ချင်ဟုတ်မယ်။ အခုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ရှင်းရှင်းလင်းလင်းကို ကြေညာလိုက်ပါပြီ။ “အရက်အပါအဝင် ဘယ်ယမကာမျိုးမှာမဆို လုံခြုံစိတ်ချရတဲ့ ပမာဏ လုံးဝမရှိဘူး” တဲ့ဗျာ။ နည်းနည်းသောက်သောက်၊ များများသောက်သောက် သင့်ခန္ဓာကိုယ်ထဲကို ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေ ဝင်သွားတာပါပဲ။ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာတွေက လက်ယပ်ခေါ်နေတာပါ။ သိပ္ပံပညာဆိုတာ အခက်သားလား။ အခုပဲ ကောင်းတယ် သောက် လို့ပြောလိုက်၊ အခုပဲ မကောင်းတော့ဘူး မသောက်ကြနဲ့ လို့ ပြောလိုက်နဲ့။
.
၂။ ဆေးလိပ်နဲ့ Vape (ခေါင်းလေးကြည်သွားအောင် တစ်ဖွာလောက် ဆိုသူများအတွက်)
“အလုပ်လုပ်ရတာ စိတ်ရှုပ်လို့၊ ခေါင်းလေးကြည်သွားအောင် တစ်လိပ်လောက်ပါကွာ” ဆိုတဲ့ စကား။ ဆေးလိပ်က ဉာဏ်ရည်ကို တောက်ပစေတဲ့အရာမှ မဟုတ်တာဗျာ။ နည်းနည်းလေး၊ တစ်လိပ်လေး သောက်ရင်တောင် အဆုတ်ထဲကို ကတ္တရာစေးတွေ၊ နီကိုတင်းတွေနဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းပေါင်း ရာချီပြီး ဝင်သွားတာပါပဲ။ အခုနောက်ပိုင်း လူငယ်တွေကြားမှာ အထာကျကျ ခေတ်စားနေတဲ့ Vape ဆိုရင် ပိုတောင်ဆိုးသေး။ “ရိုးရိုးဆေးလိပ်လောက် အန္တရာယ် မရှိပါဘူး” ဆိုပြီး သစ်သီးအရသာမျိုးစုံနဲ့ ရှူနေကြတာ။ တကယ်တော့ အဆုတ်ထဲကို ဓာတုအရည်တွေ အငွေ့ပျံပြီး ဝင်သွားတာမို့ အဆုတ်ကို ရုတ်တရက် ပျက်စီးစေတဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ မီးခိုးအစား အငွေ့ထွက်လို့ သန့်တယ်၊ တန်ဆေးပဲလို့ ထင်နေရင်တော့ အဆုတ်ဆေးရုံ ရောက်တဲ့အခါ ဘေးမှန်း သေချာသိလာပါလိမ့်မယ်။
.
၃။ ကွမ်းတစ်ယာ (အစာကြေ၊ ရင်ချောင်အောင် စားတာပါ ဆိုသူများအတွက်)
ကျွန်တော်တို့ဆီမှာ ကွမ်းစားတာကို ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပြီ။ “ထမင်းစားပြီး ကွမ်းလေးတစ်ယာလောက် ဝါးလိုက်ရမှ အစာကြေတာ” လို့ ပြောတတ်ကြသေးတယ်။ ကွမ်းစားလို့ ရင်ချောင်တယ်ဆိုတာ ဆေးပညာစာအုပ် ဘယ်စာမျက်နှာမှာမှ မရှိပါဘူးဗျာ။ ရှိတာကတော့ ခံတွင်းကင်ဆာ၊ သွားဖုံးကင်ဆာနဲ့ လည်ချောင်းကင်ဆာပါ။ ထုံးတို့၊ ကွမ်းစားဆေးရွက်ကြီးတို့နဲ့ နယ်ဖတ်ထားတဲ့ ကွမ်းတစ်ယာဟာ ပါးစပ်ထဲရောက်တာနဲ့ ခံတွင်းက တစ်ရှူးတွေကို စတင်ဖျက်ဆီးပါတော့တယ်။ “တစ်နေ့ နှစ်ယာလောက်ကတော့ ဆေးပါ” ဆိုပြီး စားနေသူတွေဟာ တကယ်တမ်းကျတော့ ကိုယ့်ပါးစပ်ထဲကို ဗုံးတပ်ထားတာနဲ့ အတူတူပါပဲ။ ကင်ဆာလည်း ဖြစ်လာရော ပါးစပ်မှာ အပေါက်အပြဲတွေ ဖြစ်ကုန်ရော။
.
၄။ အထပ်ထပ် ပြန်ကြော်ထားသော ဆီမည်းများနှင့် အသွင်ပြောင်းဆီ
အစားအသောက်ဘက် လှည့်ရအောင်။ လမ်းဘေးက အကြော်ဆိုင်အချို့မှာ တွေ့ရတတ်တဲ့ ဒယ်အိုးမည်းမည်းကြီးထဲက အထပ်ထပ်ကြော်ထားတဲ့ ဆီမည်းမည်းကြီးတွေနဲ့ ကြော်ထားတဲ့အရာတွေ။ အဲဒီ “ဆီဟောင်း” တွေဆိုတာ ကင်ဆာဖြစ်စေတဲ့ အရာတွေပါပဲ။ နောက်ပြီး စူပါမားကတ်တွေမှာ ရောင်းတဲ့ အသင့်စားမုန့်တွေ၊ အာလူးကြော်တွေထဲက “အသွင်ပြောင်းဆီ” တွေ။ ဒါတွေကို “နည်းနည်းပါကွာ တစ်ပတ်တစ်ခါပဲ စားတာပါ” လို့ ပြောလေ့ရှိကြတယ်။ ဒီဆီတွေဟာ ခန္ဓာကိုယ်အတွက် ဘာအကျိုးမှ မပြုတဲ့အပြင် သွေးကြောတွေကို ပိတ်ဆို့စေပြီး နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီအရာတွေကို အစားအစာထဲကနေ လုံးဝ (လုံးဝ) ဖယ်ရှားဖို့ တိုက်တွန်းထားပါတယ်။ နည်းနည်းစားရင်လည်း ဒုက္ခပေးတာပါပဲ။ မနေနိုင်ရင်လည်းစား။ ဖြစ်လာတော့လည်း ကုကြတာပေါ့။
.
၅။ ဝက်အူချောင်း၊ ဘေကွန်နှင့် ဖော်မလင်စိမ် အစားအစာများ
ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် ၊ ဘေကွန် စတဲ့ တာရှည်ခံအောင် ပြုပြင်စီမံထားတဲ့ အသားတွေ။ ကြည့်လိုက်ရင်တော့ စားချင်စရာလေးတွေ။ ကလေးတွေလည်း ကြိုက်ကြတယ်။ ဒါပေမယ့် ကြာရှည်ခံအောင်၊ အရောင်လှအောင် ထည့်ထားတဲ့ နိုက်ထရိတ် (Nitrates) တွေက အူမကြီးကင်ဆာကို ဖြစ်စေပါတယ်။ နည်းနည်းစားရင်တောင် ဆေးမဖြစ်ပါဘူး။ နောက်တစ်ခုက လတ်ဆတ်ပြီး အထားခံအောင် ဖော်မလင်စိမ်ထားတဲ့ အသားငါးတွေ၊ မုန့်တီဖတ်တွေ။ လူသေကောင်ကို မပုပ်အောင်လုပ်တဲ့ ဆေးကို ကိုယ့်ဗိုက်ထဲ ထည့်နေတာ “နည်းနည်းဆို ရပါတယ်” လို့ ပြောလို့ရပါ့မလား။
.
၆။ မူးယစ်ဆေးဝါးနှင့် ဆေးခြောက် (တစ်ခါတည်း စမ်းကြည့်ရုံပါ ဆိုသူများအတွက်)
“ဆေးခြောက်က သဘာဝအပင်ပဲ။ ဓာတုဗေဒဆေးမှ မဟုတ်တာ ဘာဖြစ်လဲ” ဆိုတဲ့ လူတွေရှိတယ်။ ဆေးခြောက်ကို ဆရာဝန်က ရောဂါတစ်ခုအတွက် သေသေချာချာ ချိန်တွယ်ပေးတာမျိုးမဟုတ်ဘဲ အပျော်အပါးသဘောမျိုးနဲ့ စားကောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အိပ်ပျော်ချင်လိုပဲဖြစ်ဖြစ် “နည်းနည်းလောက် စမ်းကြည့်တာပါ” ဆိုပြီးသုံးတာက စိတ်ကျန်းမာရေးကို လုံးဝ (လုံးဝ) ပျက်စီးစေပါတယ်။ မှတ်ဉာဏ်တွေ ချို့ယွင်းလာမယ်၊ စိတ်ကယောင်ကတမ်း ဖြစ်လာမယ်။ ကျန်တဲ့ WY၊ အိုက်စ် စတဲ့ မူးယစ်ဆေးတွေဆိုရင်တော့ ပြောဖို့တောင် မလိုတော့ပါဘူး။ မူးယစ်ဆေးဆိုတာ “နည်းနည်းလေး စမ်းကြည့်တာပါ၊ ဆေးဖြစ်ဝါးဖြစ်ပါ” ဆိုတဲ့နေရာကနေ စမ်းရင်းနဲ့ ဘဝတွေပါပျက်တဲ့အထိ ဒုက္ခပေးနိုင်တာချည်းပါပဲ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလိုမျိုးပေါ့။ အောင်မြင်နေသူတွေကလည်း သူတို့အောင်မြင်တဲ့ အပိုင်းကိုပဲ Public ကို ချပြတတ်ကြတာလေ။ စိတ်ကျန်းမာရေး ဆရာဝန်တွေ၊ ကောင်ဆယ်လာတွေနဲ့ ဆွေးနွေးတိုင်ပင်ကုသနေရတာကို ဘယ်ချပြပါ့မလဲ။
…
…
ချုပ်ရရင်တော့ဗျာ “တန်ဆေး လွန်ဘေး” ဆိုတာ အသီးအရွက်စားတာ၊ ရေချိုးတာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့ ကောင်းမွန်တဲ့ အလေ့အထတွေအတွက်ပဲ မှန်တာပါ။ အထက်က ပြောခဲ့တဲ့ အရက်၊ ဝိုင်၊ ဆေးလိပ်၊ Vape၊ ကွမ်း၊ ဆီအမည်း၊ အသွင်ပြောင်းဆီ၊ ဖော်မလင် နဲ့ မူးယစ်ဆေး စတာတွေအတွက်ကတော့ “တန်ဆေး” ဆိုတာ လုံးဝ (လုံးဝ) မရှိပါဘူး။
ဒီလိုအရာတွေအတွက် အကောင်းဆုံး စကားပုံက “တန်ဆေး လွန်ဘေး” မဟုတ်ပါဘူး။ “တန်ဘေး လွန်ဘေး” ဆိုတာပါပဲ။ နည်းနည်းလေးပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အလျှော့ပေးလိုက်တာနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ပဲ ဒုက္ခတွင်းထဲ ပို့လိုက်တာနဲ့ အတူတူပါပဲ။
အသိသတိ ဉာဏ်ပညာနဲ့ ယှဥ်တွဲနေထိုင် နိုင်ကြပါစေ။
စေတနာဖြင့်
အဓိပတိ
Reference: 📚
The Lancet Public Health (2023): Health and alcohol: no safe level of consumption https://www.thelancet.com/journals/lanpub/article/PIIS2468-2667(22)00317-6/fulltext
Nature Communications (2022): Associations between alcohol consumption and gray and white matter volumes https://www.nature.com/articles/s41467-022-28735-5
The New England Journal of Medicine (2020): Outbreak of Lung Injury Associated with E-Cigarette Use, or Vaping https://www.nejm.org/doi/full/10.1056/NEJMoa1911614
BMJ (2019): Health risks of e-cigarettes https://www.bmj.com/content/366/bmj.l5275
CDC USA / NCBI (2014): The Health Consequences of Smoking https://www.ncbi.nlm.nih.gov/books/NBK179276/
IARC Monographs (WHO): Betel-quid and Areca-nut Chewing https://publications.iarc.fr/103
The New England Journal of Medicine (2006): Trans Fatty Acids and Cardiovascular Disease https://www.nejm.org/doi/full/10.1056/NEJMra054035
BMJ (2015): Intake of saturated and trans unsaturated fatty acids and risk of all cause mortality https://www.bmj.com/content/351/bmj.h3978
PubMed Research Database: Health Risks of Repeatedly Heated Cooking Oil https://pubmed.ncbi.nlm.nih.gov/?term=repeatedly+heated+cooking+oil+health+risks
The Lancet Oncology (2015): Carcinogenicity of consumption of red and processed meat https://www.thelancet.com/journals/lanonc/article/PIIS1470-2045(15)00444-1/fulltext
BMJ (2019): Red and processed meat consumption and risk for all cause mortality https://www.bmj.com/content/365/bmj.l2110
WHO / IARC (ကမ္ဘာ့ကျန်းမာရေးအဖွဲ့): IARC List of Classifications (ဖော်မလင်ကို အဆိုးရွားဆုံး ကင်ဆာဖြစ်စေနိုင်သော Group 1 အဖြစ် သတ်မှတ်ထားသည့် တရားဝင်စာရင်း) https://monographs.iarc.who.int/list-of-classifications
The New England Journal of Medicine (2014): Adverse Health Effects of Marijuana Use https://www.nejm.org/doi/full/10.1056/NEJMra1402309
The Lancet Psychiatry (2019): The contribution of cannabis use to variation in the incidence of psychotic disorder https://www.thelancet.com/journals/lanpsy/article/PIIS2215-0366(19)30048-3/fulltext
JAMA Psychiatry (2016): Association Between Cannabis Use and Risk for Substance Use Disorders and Mental Health Conditions https://jamanetwork.com/journals/jamapsychiatry/fullarticle/2491944
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.



