ကောင်းမွန်တဲ့ ဆက်ဆံရေးတိုင်းဟာ နားလည်မှု၊ လေးစားမှုနဲ့ ကိုယ်ချင်းစာတရားတွေအပေါ်မှာ အခြေခံပါတယ်။ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေဟာ ကိုယ်ပဲ တာဝန်မကျေသလို၊ အလိုက်မသိသလို ခံစားရအောင် ဖိအားမပေးတတ်ကြပါဘူး။ တကယ်လို့ ဒီလိုလုပ်နေခဲ့တယ်ဆိုရင်တော့ ဒါဟာ မေတ္တာမဟုတ်ဘဲ Guilt Tripping လို့ခေါ်တဲ့ “ အပြစ်ရှိသလို ခံစားရအောင် ဖန်တီးပြီး ထိန်းချုပ်ခြင်း” (Emotional Manipulation) သာ ဖြစ်ပါတယ်။
…
…
🍀 Guilt Tripping ဆိုတာ ဘာလဲ။ 🍀
တစ်စုံတစ်ယောက်က သူတို့လိုချင်တာ တစ်ခုခုကို ရယူဖို့အတွက် သင့်ရဲ့ “ စာနာစိတ်” (Empathy) နဲ့ “ တာဝန်သိစိတ်” (Responsibility) ကို လက်နက်လုပ်ပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ “ ငါ့ကို ချစ်ရင် ဒါလုပ်ပေးမှာပေါ့” ဆိုတဲ့ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ သင့်ကို စိတ်ကျဉ်းကျပ်အောင်၊ အပြစ်ရှိသလို ခံစားရအောင်လုပ်ပြီး သူတို့လိုချင်တဲ့ အပြုအမူကို ရယူခြင်း ဖြစ်ပါတယ်။
…
…
🍀 ဒီနေရာမှာ အဆိပ်သင့် အပြစ်ရှိစိတ် (Toxic Guilt) ဆိုတာကို ခွဲခြားပြချင်ပါတယ်။ 🍀
လူတိုင်းမှာ အပြစ်ရှိစိတ် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကွာခြားချက်ရှိပါတယ်။
🌴 Healthy Guilt (ကျန်းမာသော အပြစ်ရှိစိတ်)
သင် တကယ်ပဲ တစ်ခုခုကို မှားယွင်းလုပ်မိလို့ (ဥပမာ- ကတိဖျက်မိလို့) စိတ်မကောင်းဖြစ်ပြီး ပြန်လည်ပြုပြင်ချင်တာ ဖြစ်ပါတယ်။
.
🌴 Toxic Guilt (အဆိပ်သင့် အပြစ်ရှိစိတ်)
သင် ဘာမှမမှားဘဲနဲ့၊ သင့်မှာ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် ရှိပါလျက်နဲ့ တစ်ဖက်လူ စိတ်တိုင်းမကျမှုကြောင့် သင့်ကိုယ်သင် လူဆိုးလို့ ခံစားနေရတာပါ။ (Guilt Tripping က ဒါကို ပစ်မှတ်ထားပါတယ်)
…
…
🍀 Guilt Tripping လုပ်လေ့ရှိတဲ့ ပုံစံတွေက ဘယ်လိုတွေ ရှိတတ်လဲ။ 🍀
သူတို့ဟာ ပုံစံအမျိုးမျိုးနဲ့ သင့်စိတ်ကို တိုက်ခိုက်တတ်ပါတယ်။
🌱သူကပဲ ပေးဆပ်နေရသလိုမျိုး ဟန်ဆောင်ခြင်း
အတိတ်က ကျေးဇူးတွေကို ထုတ်ဖော်ပြောပြီး သင့်ကို ကြွေးတင်နေသူတစ်ယောက်လို ခံစားရအောင်လုပ်တာ ဖြစ်ပါတယ်။
” ငါ့အတွက် ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား။ ငါက မင်းအတွက် အရာရာ လုပ်ပေးထားတာနော်။”
” ငါ မင်းကို ပြုစုစောင့်ရှောက်ခဲ့တာ၊ အခု မင်းက ဒီလောက်တောင်မှ မလုပ်ပေးနိုင်ဘူးလား။” ဆိုတာမျိုးပေါ့။
.
🌱နှုတ်ဆိတ်ခြင်းဖြင့် အပြစ်ပေးခြင်း
တိုက်ရိုက်မပြောဘဲ အမူအရာနဲ့ ဖိအားပေးတာ ဖြစ်ပါတယ်။
” မင်းလုပ်စရာရှိတာ လုပ်ပါ။ ငါ့အတွက် စိတ်မပူပါနဲ့” (စိတ်မကောင်းဖြစ်စေမည့် လေသံဖြင့်ပြောခြင်း)
” ဟုတ်ပါပြီ။ ငါပဲ ဒီအလုပ်တွေ အကုန်လုပ်မယ်။ မင်းပဲ အဲမှာ အနားယူနေလိုက်ပါ” စသဖြင့်ပေါ့။
.
🌱 အပြစ်ပုံချခြင်း
သူတို့ရဲ့ ကံမကောင်းမှုတွေ၊ မှားယွင်းမှုတွေဟာ သင့်ကြောင့်ဖြစ်ရသလို ပြောဆိုတာပါ။
” မင်းကြောင့် အရင်က ငါ့မှာ အခွင့်အလမ်းကောင်းတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်”
” ငါအခု ဒီလိုဖြစ်နေတာ မင်းကြောင့်မဟုတ်ဘူးလို့ ထင်နေလား” ဆိုတာမျိုးတွေကို ပြောတာပါ။
…
…
🍀 ဒီတော့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေဖြစ်နိုင်မလဲ။ 🍀
ဒီလိုဆက်ဆံရေးမှာ ကြာကြာနေရတဲ့အခါ သင်ဟာ အခုပြောပြမယ့် “ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ” ကို ခံစားလာရနိုင်ပါတယ်။
🌴 မိမိကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းခြင်း
” ငါဟာ မှားနေသလား” ၊ “ ငါ မကောင်းဘူးလား” ဆိုတဲ့ အတွေးတွေကို ဝင်လာစေပါတယ်။
.
🌴 နာကြည်းစိတ်များ တိုးပွားလာခြင်း
အပေါ်ယံမှာ လိုက်လျောနေရပေမယ့် အတွင်းစိတ်ထဲမှာ မကျေနပ်ချက်တွေက စုပုံလာတတ်ပါတယ်။
.
🌴 စိုးရိမ်စိတ်များ ဖြစ်ပေါ်ခြင်း
” ငါ ဘာမှားဦးမလဲ၊ သူ စိတ်ဆိုးဦးမလား” ဆိုပြီး အမြဲတမ်း မျက်နှာရိပ်မျက်နှာကဲ ကြည့်နေရပါတယ်။
…
…
🍀 ဒါဆိုရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ (Coping Strategies) 🍀
အကယ်၍ သင် Guilt Tripping ခံနေရပြီဆိုရင် ကိုယ့်စိတ်ကို ကာကွယ်ဖို့ ဒီနည်းလမ်းလေးတွေကို သုံးကြည့်ပါ။
🌱သတိပြုမိအောင် လေ့ကျင့်ပါ။
” ငါ ဒီအလုပ်ကို လုပ်ပေးလိုက်တာ ငါတကယ် စေတနာပါလို့လား ဒါမှမဟုတ် အပြစ်မရှိချင်လို့ လုပ်ပေးလိုက်တာလား” ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ အဖြေက “ အပြစ်မရှိချင်လို့” ဆိုရင် သင်ဟာ ထောင်ချောက်မိနေပါပြီ။
.
🌱 အတည်ပြုပါ။ ဒါပေမယ့် မလိုက်လျောပါနဲ့။
သူတို့ရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးလိုက်ပါ။ ဒါပေမယ့် ကိုယ့်ဆုံးဖြတ်ချက်ကို မပြင်ပါနဲ့။
” နင် စိတ်မကောင်းဖြစ်ရတာကို ငါနားလည်ပါတယ်။ ငါ မင်းကျေးဇူးကိုလည်း သိပါတယ်။ ဒါပေမယ့် ဒီကိစ္စကိုတော့ ငါ မလုပ်ပေးနိုင်ဘူး” ဆိုတာမျိုး ပြောလို့ရပါတယ်။
.
🌱 တိုက်ရိုက်ပြောဆိုပါ။
” မင်းပြောတဲ့ စကားက ငါ့ကို အပြစ်ရှိသလို ခံစားရစေတယ်။ ငါ့ဆုံးဖြတ်ချက်ကို လေးစားပေးပါ။ ကျေးဇူးတင်စကားနဲ့ ဖိအားပေးတာမျိုး ငါလက်မခံနိုင်ဘူး” လို့ ရဲရဲဝံ့ဝံ့ ဖွင့်ဟပြောဆိုပါ။
.
🌱 တာဝန်ခွဲဝေမှုကို နားလည်ပါ။
သူတို့ရဲ့ စိတ်ဆိုးမှု၊ စိတ်မချမ်းသာမှုတွေဟာ သူတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမယ့် အရာတွေဖြစ်ပါတယ်။ အခြားသူတွေရဲ့ စိတ်ခံစားချက်အတွက် သင်တစ်ယောက်တည်းက တာဝန်မယူပါနဲ့။
.
🌱 လျစ်လျူရှုတတ်အောင် သင်ယူပါ။
တစ်ခါတလေမှာ အကောင်းဆုံးနည်းလမ်းက သူတို့လိုချင်တဲ့ တုံ့ပြန်မှု (Reaction) ကို မပေးဘဲ လျစ်လျူရှုလိုက်တာပါ။ သူတို့က သင့်ကို စိတ်မကောင်းဖြစ်အောင် လုပ်တဲ့အခါ သင်က မတုန်မလှုပ် နေပြလိုက်ပါ။
…
…
တကယ်တော့
စစ်မှန်တဲ့မေတ္တာနဲ့ ဆက်ဆံရေးမှာ “ အပြစ်ရှိစိတ်” နဲ့ ချည်နှောင်ထားတာမျိုး မရှိပါဘူး။ တစ်စုံတစ်ယောက်က သင့်ကို ချစ်လို့၊ ခင်လို့ လုပ်ပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။
အကယ်၍ သင်ဟာ ဒီလိုအခြေအနေမျိုးကို ရေရှည်ကြုံတွေ့နေရပြီး ရုန်းထွက်ဖို့ ခက်ခဲနေမယ်၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေလည်း ရနေမယ်ဆိုရင်တော့ တစ်ယောက်တည်း ကြိတ်မှိတ်ခံမနေပါနဲ့။ အပေါ်က ပြောခဲ့တဲ့နည်းလမ်းလေးတွေကို အသုံးချပြီး ဖြေရှင်းလိုက်ပါ။
ထပ်ပြီး နှုတ်ဆက်စကားအနေနဲ့ ဆုတောင်းပေးလိုက်ချင်တာကတော့ “ ကိုယ့်တန်ဖိုးကို ကိုယ်ပြန်ရှာဖွေတွေ့ရှိပြီး ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပါစေနော်” …..။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

