‎ဦးနှောက် Error တက်ခြင်း (သို့) ခဏခဏမေ့တတ်တဲ့ပြဿနာ

‎ဖြစ်စဥ် (၁) – မနက်ခင်းမှာ ကော်ဖီသောက်ဖို့ မီးဖိုချောင်ကို ဝင်လိုက်တယ်။ တံခါးဝရောက်တော့မှ “ ငါ ဘာလာလုပ်တာပါလိမ့်” ဆိုပြီး ဖြစ်သွားတယ်။ ကော်ဖီခွက်က လက်ထဲမှာရှိနေတယ်။ ရေနွေးအိုးကိုလည်း မြင်‌နေရတယ်။ ဒါပေမယ့် ဦးနှောက်က ဘာလုပ်ရမှန်း မသိတော့ဘူး။

‎ဖြစ်စဥ် (၂) – အခန်းထဲကို တစ်ခုခုယူဖို့ ဝင်သွားတယ်။ တံခါးဝရောက်တော့မှ “ငါ ဘာလုပ်ဖို့ ဒီကို လာလိုက်တာပါလိမ့်” ဆိုပြီး ကြောင်ရပ်နေမိတယ်။

‎ဖြစ်စဥ် (၃) – အရေးကြီးတဲ့ အစည်းအဝေးမှာ စကားပြောရ‌တော့မယ့်အချိန်ကျမှ ရုတ်တရက် လက်ဖျားခြေဖျားတွေ အေးစက်သွားပြီး ဘာပြောရမယ်ဆိုတာကို လုံးဝစဉ်းစားမရတော့ဘူး။

‎ဖြစ်စဥ် (၄) – ကျောင်းသားငယ်လေးဟာ စာတွေကို တစ်လုံးမကျန် ဖတ်လာ၊ ကျက်လာခဲ့ပေမယ့် စာမေးပွဲခန်းထဲရောက်မှ ကျက်ထားသမျှ ဘာတစ်ခုမှကို ပြန်တွေးလို့မရတော့ဘူး။

‎အပေါ်ကပြောခဲ့တဲ့ ဖြစ်စဉ်တွေကို ကြုံနေကြရတာဟာ စိတ်ရောဂါလည်းမဟုတ်သလို ဦးနှောက်ချို့ယွင်းနေတာလည်း မဟုတ်ပါဘူး။ ‎ဒါဟာ လူသားတိုင်းနီးပါး ကြုံတွေ့ရတဲ့ ဦးနှောက်ရဲ့ သဘာဝတုံ့ပြန်မှုတစ်ခုပါနော်။
‎…
‎…

‎ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

‎ဦးနှောက်ကို ကွန်ပျူတာတစ်လုံးလို့ မြင်‌ယောင်ကြည့်ပါ။ ဒီကွန်ပျူတာမှာ ပရိုဂရမ် (အစီအစဉ်) တွေ အများကြီးကို တစ်ပြိုင်နက် အချိန်ပြည့် run (အလုပ်လုပ်) နေရတယ်။ အဲလိုနဲ့ ရုတ်တရက် ပရိုဂရမ်တစ်ခုက ရပ်သွားတာ၊ ဒါမှမဟုတ် Error (အမှားအယွင်း) ပြတာမျိုး ဖြစ်လာတတ်ပါတယ်။

‎၁။ “ Doorway Effect (တံခါးပေါက်သက်ရောက်မှု)”

ကျွန်မတို့က အခန်းတစ်ခုကနေတစ်ခုကို ကူးပြောင်းလိုက်တဲ့အခါ ဦးနှောက်က အရင်အခန်းက အချက်အလက်တွေကို ဖိုင်အဟောင်းအနေနဲ့ သိမ်းလိုက်ပြီး အခန်းသစ်အတွက် ဖိုင်အသစ် ဖွင့်လိုက်ပါတယ်။

‎ဥပမာ။ ညဘက် အိပ်ရာဝင်ခါနီးမှာ ဖုန်းအားသွင်းဖို့ စဉ်းစားမိတယ်။ ဧည့်ခန်းက ဖုန်းအားသွင်းကြိုးကို သွားယူဖို့ အိပ်ရာကထပြီး ဧည့်ခန်းကိုသွားတယ်။ ဧည့်ခန်းရောက်တော့မှ “ ငါ ဘာလာလုပ်တာလဲ” ဆိုပြီး သတိမရတော့ဘူး။

‎ဖုန်းအားသွင်းဖို့ဆိုတဲ့ အချက်အလက်က အခန်းအဟောင်းမှာ ကျန်ခဲ့ပြီး အခန်းသစ်ရောက်တော့ ဦးနှောက်က နောက်ထပ် ဖိုင်အသစ်ကို ဖွင့်လိုက်တာကြောင့်ပါ။
‎.

‎၂။ ခုခံတုံ့ပြန်မှု (Fight or Flight Response)

‎အရေးကြီးတဲ့ အခြေအနေတစ်ခု ကြုံလာရင် ခန္ဓာကိုယ်က “ အန္တရာယ်” ရောက်လာပြီလို့ ထင်မြင်ပြီး ခုခံတုံ့ပြန်တဲ့စနစ် (Sympathetic Nervous System) က အလိုအလျောက် ဖြစ်ပေါ်လာပါတယ်။

‎ဥပမာ။ ကားမောင်းရင်း ရှေ့ကနေ ကားတစ်စီးက ရုတ်တရက် ဖြတ်ချလိုက်တယ်။ ခဏတာ ဘာမှမစဉ်းစားနိုင်တော့ဘဲ ခြေနင်းဘရိတ် (Brake) ကိုသာ နင်းလိုက်မိတယ် ဆိုတာမျိုးပါ။ ဒါမှမဟုတ် စာမေးပွဲခန်းထဲမှာ မေးခွန်းကိုဖတ်ပြီး “ ငါ ဒါကို မကျက်ခဲ့မိဘူး” ဆိုတဲ့ အတွေးက ခေါင်းထဲဝင်လာလိုက်တာနဲ့ ကျက်ထားသမျှ အကုန်မေ့သွားတာမျိုးကလည်း အလားတူပါပဲ။

‎ဒီအချိန်မှာ ဦးနှောက်ရဲ့ ဆင်ခြင်တွေးခေါ်တဲ့အပိုင်းက ခဏတာပိတ်သွားပြီး ရှင်သန်ရေးအတွက် အလိုအလျောက်တုံ့ပြန်တဲ့အပိုင်း (စိတ်လှုပ်ရှားမှုကိုထိန်းတဲ့ဦးနှောက်အပိုင်း) ကပဲ အလုပ်လုပ်တော့လို့ပါ။
‎.

‎၃။ ဦးနှောက်မှတ်ဉာဏ် အလုပ်များခြင်း (Working Memory Overload)

‎ကျွန်မတို့ ဦးနှောက်မှာ ခဏတာမှတ်သားတဲ့ နေရာ (Working Memory) က အကန့်အသတ်ရှိတာမို့ တစ်ချိန်တည်းမှာ အလုပ်တွေ အများကြီး (Multitasking) လုပ်ရင် အဲဒီနေရာလေးက ပြည့်သွားပြီး Error တက်သွားတတ်ပါတယ်။

‎ဥပမာ။ ဖုန်းပြောရင်း၊ ထမင်းချက်ရင်း၊ ကလေးကိုလည်း ကြည့်ရင်း၊ ထိန်းရင်း လုပ်နေတယ်ဆိုပါစို့။ ဒီလိုအခြေအနေမှာ ဘာတစ်ခုမှ ကောင်းကောင်းမလုပ်နိုင်တော့ဘဲ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ပါတယ်။
‎…
‎…

‎ဆိုတော့
‎ဘယ်လိုလက္ခဏာတွေ ပြတတ်၊ ပေါ်လာတတ်လဲ။

‎🌴 ခေါင်းထဲမှာ မြူတွေဖုံးနေသလို၊ အပူတွေနဲ့ပြည့်နေသလို ခံစားရပြီး ဘာမှစဉ်းစားမရခြင်း။

‎🌴 ခဏတာမေ့ခြင်း (short term memory loss) “ ငါ ဘာပြောချင်တာလဲ” ဆိုပြီး စကားပြောရင်းနဲ့တောင် မေ့သွားတာမျိုး။

‎🌴 ထိတ်လန့်တုန်လှုပ်ခြင်း (Panic reaction)
‎အသေးအဖွဲကိစ္စလေးတွေမှာတောင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားခြင်း။
‎(ဥပမာ။ သော့ပျောက်ရုံနဲ့ ကမ္ဘာပျက်တော့မလို ထင်သွားတာမျိုး။)

‎🌴 Dissociation (စိတ်နဲ့ကိုယ် ခွဲထွက်ခြင်း)
‎ကိုယ့်ကိုယ်ကိုယ် အပြင်ကနေ ပြန်မြင်နေရသလို၊ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်သွားသလို ခံစားရခြင်းဆိုတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။
‎…
‎…

‎ဒါတွေကို လက်တွေ့ကျကျ ဘယ်လို ကုစားမလဲ။

‎၁။ ချက်ချင်းသုံးလို့ရတဲ့  “ ၅-၄-၃-၂-၁” နည်းလမ်း

‎လူက အရမ်းပြာနေပြီး ဘာလုပ်ရမှန်း မသိတော့ရင် ခဏ‌လေး ရပ်လိုက်ပါ။

‎ပြီးရင် အာရုံငါးပါးကို အသုံးပြုပြီး လက်ရှိအခြေအနေကို သတိပြုမိအောင် လုပ်ပါ။

‎🌴 ၅ – မြင်ရတဲ့ အရာ ၅ ခုကို ရေတွက်ကြည့်ပါ။ ‎(ဥပမာ။ မီးချောင်း၊ စာအုပ်စင်၊ လက်ပတ်နာရီ၊ ဖုန်း၊ ရေဘူး)

‎🌴 ၄ – ကိုင်တွယ်လို့ရတဲ့ အရာ ၄ ခုကို ထိကြည့်ပါ။ (ဥပမာ။ စားပွဲခုံ၊ ကုလားထိုင်၊ အဝတ်အစား၊ ဆံပင်)

‎🌴 ၃ – ကြားနေရတဲ့ အသံ ၃ ခုကို နားထောင်ပါ။ ‎(ဥပမာ။ ပန်ကာသံ၊ အဝေးက ကားသံ၊ ကိုယ့်အသက်ရှူသံ)

‎🌴 ၂ – အနံ့ ၂ မျိုးကို ရှူကြည့်ပါ။
‎(ဥပမာ။ လေထဲက အနံ့၊ ကိုယ်သုံးနေတဲ့ ဆပ်ပြာအနံ့)

‎🌴 ၁ – မြည်းစမ်းလို့ရတဲ့ အရသာ ၁ မျိုးကို သတိပြုပါ။ (ဥပမာ။ ပါးစပ်ထဲက အရသာ၊ ရေတစ်ငုံသောက်ကြည့်တာမျိုး)

‎ဒီနည်းလမ်းတွေက အတွေးတွေနဲ့ ယောက်ယက်ခတ်နေတဲ့ ကိုယ့်ဦးနှောက်ကို လက်ရှိပစ္စုပ္ပန်ဆီကို ပြန်ခေါ်လာပေးပါလိမ့်မယ်။
‎.

‎၂။ တစ်ကြိမ်မှာ တစ်ခုပဲ လုပ်ပါ။

‎တစ်ချိန်တည်းမှာ အလုပ်မျိုးစုံလုပ်တာက ဦးနှောက်ကို ပင်ပန်းစေပါတယ်။ ကော်ဖီသောက်ရင် ကော်ဖီသောက်တာပဲ အာရုံစိုက်လုပ်ပါ။ ဖုန်းကြည့်ရင်း ကော်ဖီသောက်တာမျိုး မလုပ်ပါနဲ့။

‎ဥပမာ။ စာဖတ်ချိန်ဆိုရင် ဖုန်းကို အသံတိတ်ပြီး အိတ်ထဲထည့်ထားပါ။ အလုပ်လုပ်ချိန်ဆိုရင် ဆိုရှယ်မီဒီယာ (Facebook, TikTok စသည်) ကိို ခဏပိတ်ထားပါ။ ဒါက ဦးနှောက်ရဲ့ဝန်ကို သိသိသာသာ လျှော့ချပေးပါတယ်။
‎.

‎၃။ အသက်ပြင်းပြင်းရှူပါ (Box Breathing Technique)

‎စိတ်ဖိစီးမှုများလာရင် နှလုံးခုန်နှုန်းမြန်လာပြီး သွေးပေါင်တက်လာပါတယ်။ ဒီအချိန်မှာ အသက်ရှူသွင်း၊ ရှူထုတ်ကို ထိန်းချုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ အာရုံကြောစနစ်ကို ချက်ချင်း ငြိမ်သက်စေနိုင်ပါတယ်။

‎အသက်ရှူလေ့ကျင့်ခန်းလုပ်နည်းလေးကို ပြောပြပါ့မယ်။

‎🌴 နှာခေါင်းကနေ ၄ စက္ကန့်ကြာအောင် ဖြည်းဖြည်းချင်း ရှူသွင်းပါ။
‎🌴 အဆုတ်ထဲမှာ ၄ စက္ကန့် အောင့်ထားပါ။
‎🌴 ပါးစပ်ကနေ ၄ စက္ကန့်ကြာအောင် ဖြည်းဖြည်းချင်း ရှူထုတ်ပါ။
‎🌴 အဆုတ်အလွတ်မှာ ၄ စက္ကန့် အောင့်ထားပါ။

‎ အဲဒီအတိုင်း ၃-၅ ကြိမ်လောက် ပြန်လုပ်ပါ။
‎.

‎၄။ အနီးပတ်ဝန်းကျင်ကို ပြန်ကြည့်ပါ။

‎ဘာလုပ်မလို့ ထလိုက်မှန်းမသိဘဲ မေ့သွားရင် အရင်ထိုင်ခဲ့တဲ့နေရာကို ပြန်သွားထိုင်ကြည့်ပါ။ ဒါမှမဟုတ် အရင်စဉ်းစားခဲ့တဲ့ ကိုယ်ဟန်အနေအထားအတိုင်း ပြန်လုပ်ကြည့်ပါ။

‎ဥပမာ။ ဖုန်းကိုင်ရင်း စဉ်းစားမိတာဆိုရင် ဖုန်းကိုပြန်ကိုင်လိုက်ပါ။ စာအုပ်ဖတ်ရင်း စဉ်းစားမိတာဆိုရင် စာအုပ်ကို ပြန်ကြည့်လိုက်ပါ။ ဦးနှောက်က မူလအခြေအနေကို ပြန်မြင်ယောင်မိပြီး ဘာလုပ်ဖို့ ဆိုတာကို သတိရသွားတတ်ပါတယ်။
‎…
‎…

‎ဆိုတော့

‎ဒါတွေက လူတိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပါ။ ကိုယ့်ကိုယ်ကိုယ် “ ငါကတော့ နမော်နမဲ့နဲ့ ပြာနေတာပဲ၊ သတိမေ့တတ်လိုက်တာ” ဆိုပြီး အပြစ်တင်တာက စိတ်ဖိစီးမှုကို ပိုများစေပြီး ပိုမေ့စေတတ်ပါတယ်။

‎နောက်တစ်ခါ ဒီလိုဖြစ်ရင် ကိုယ့်ကိုယ်ကိုယ် သတိကပ်ပြီး “ ဪ.. ငါ့ဦးနှောက်က ခဏ Error တက်သွားတာပဲ” လို့ ရေရွတ်ပါ။ ပြီးရင် အသက်ကို ဝဝရှူလိုက်ပါ။ ဒါဟာ စိတ်ရောဂါတစ်ခုမဟုတ်သလို သတိမေ့တတ်နေလို့လည်း မဟုတ်ပါဘူး။ ဒါဟာ လူသားတိုင်းရဲ့ ဦးနှောက်မှာ တစ်ကြိမ်တစ်ခါတော့ ဖြစ်လေ့ရှိတဲ့ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်လို့ပါပဲ….။

‎သင်၏စိတ်ကလေး ကျန်းမာစေဖို့ ‌
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here