အပင်တွေကနေရရှိတဲ့ အာဟာရဓာတ်တွေဟာ ယနေ့ခေတ်ကြုံတွေ့နေရတဲ့ stress တွေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အကူအညီတွေပါပဲ။ အပင်ကရတဲ့ အာဟာရဓာတ်တွေကို phytonutrients လို့ ခေါ်ပါတယ်။ Phyto ဆိုတာ အပင်တွေလို့ အဓိပ္ပာယ်ရပြီး Nutrients ဆိုတာတော့ အာဟာရဓာတ်တွေပေါ့။
လူသားမျိုးနွယ် တည်တံ့ရှေ့ဆက်နိုင်ခဲ့တာလည်း သဘာဝရဲ့ အရင်းအမြစ်တွေကို ထုတ်ယူရှာဖွေ သုံးစွဲနိုင်ခဲ့လို့ပါ။ ပြန်တွေးကြည့်ရင် ဟိုးကျောက်ခေတ်တုန်းက ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်၊ သစ်ဥ၊ သစ်ဖု၊ သစ်သီး စတာတွေအမျိုးမျိုးကို လှည့်လည်သွားလာရင်း စားခဲ့ကြရတာ။ ဒီတုန်းက အခုနဲ့မတူတာကတော့ ရှေးကျောက်ခေတ် လူသားတွေက ရာသီ၊ နေရာအလိုက် တစ်နှစ်ပတ်လုံး သူတို့စားခဲ့ကြတာ အမျိုးပေါင်း မနည်းလှဘူးတဲ့။
ဒီနေ့ခေတ်မှာတော့ ဘယ်လောက်ပဲ အစုံစားဖြစ်တယ်ပြောပြော တကယ်စားဖြစ်တာက အဓိက ထမင်း ၂ နပ်။ အဲဒီထမင်းတောင်မှ ဆန်အမျိုးအစားက မျိုးကွဲအများကြီး မရှိလှဘူး။ ခေါက်ဆွဲ၊ နံပြား၊ ပလာတာ၊ ပေါင်မုန့် ဒါတွေအားလုံးက မုန့်လုပ်နည်းသာကွဲတာ သုံးတော့ ဒီဂျုံစက်က ဂျုံတစ်မျိုးတည်း မဟုတ်လား။
ဒီတော့ ဒီတစ်မျိုးတည်းကို အကြာကြီး စွဲစွဲမြဲမြဲ စားလာတဲ့အခါ ဒီထဲမှာပါတဲ့ ဓာတုဓာတ် ကောင်းတာရော မကောင်းတာရော ကိုယ်ထဲမှာ စုပြုံလာပါတယ်။ တကယ်လို့များ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ သုံးထားတဲ့ ဆန်ကိုပဲ အဓိကအနေနဲ့ အများကြီး နှစ်ရှည်စားဖြစ်မယ်ဆိုရင် ဒီထဲကနေ အဆိပ်သင့်တာတွေ၊ ကင်ဆာဖြစ်နိုင်ခြေ များလာပါတယ်။ ဒါတွေကို ပြန်ချေဖျက်ဖို့ဆိုရင် တိုင်းပြည်နဲ့အဝှမ်း ကြိုးစားမှရမှာပါ။ ဒီတော့ မလွယ်ကူတဲ့ အခြေအနေတစ်ရပ်မှာ မိမိစားမိတဲ့ အဆိပ်တွေကို ပြန်ဖြေဖို့ မိမိတို့ဘက်က တတ်နိုင်သလောက် အသက်ကို ဉာဏ်စောင့်ကြရအောင်လား။
…
…
အဆိပ်ဓာတ်တွေ၊ မကောင်းတာတွေက ကိုယ်တွင်းက ဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဆဲလ်လေးတွေဆိုတာ ကိုယ့်အိမ်နံရံနဲ့ကိုယ်နေကြပြီး electron တွေ၊ proton တွေ ညီညီမျှမျှ လှလှပပ လုံလုံခြုံခြုံလေး တည်ဆောက်ထားတယ်လို့ မြင်ကြည့်နိုင်ပါတယ်။
လူဆိုး free radical တွေ ရောက်လာတဲ့အခါ သူတို့က ဆဲလ်နံရံကနေ electron တွေကို ခိုးယူပါတယ်။ ဒီတော့ ဆဲလ်နံရံပျက်ပြီး အိမ်ထဲနဲ့ အိမ်ပြင် ကမောက်ကမတွေဖြစ်ပြီး ဆဲလ်တွေရဲ့ ပျက်စီးခြင်း ရောက်ရတာပေါ့။ ဒီလူဆိုးတွေ free radical တွေကို ပြန်တိုက်ဖျက်ပေးဖို့၊ သူတို့ရဲ့ လိုအပ်နေတဲ့ မညီမျှဖြစ်နေတဲ့ ဓာတ်ကို ပြန်ချေဖျက်ပြီး လူဆိုးတွေကို ငြိမ်ဝပ်ပိပြားဖို့ဆိုရင် antioxidant တွေ လိုတာပေါ့။ အပင်ကရတဲ့ အာဟာရဓာတ်တွေဟာ antioxidant ကဲ့သို့ ဒီဓာတုဖြစ်စဉ်တွေမှာ ကူပေး၊ ပါဝင်ပေးပြီး ကိုယ်ခန္ဓာကို ကာကွယ်ပေးတာပါ။
(စာကြွင်း – antioxidant တွေဟာ တိရစ္ဆာန်တွေကလည်း ရနိုင်ပါတယ်။ ငါးကြီးဆီလိုမျိုးပေါ့။ phytonutrient ကတော့ အပင်ကရတာကိုပဲ ဆိုလိုတာပါ။ သူတို့ ၂ ခုက တစ်ထပ်တည်း မကျပေမယ့် ကောင်းကျိုးပေးတာချင်း ဆင်တူတယ်လို့ အလွယ်မှတ်နိုင်ပါတယ်)
ကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို ရှင်းရတာနဲ့ ရှုပ်သွားကြပြီလား။ ပြန်ချုပ်ပြောရရင် ကိုယ့်ခန္ဓာကိုယ်ကို စောင့်ရှောက်ရပါမယ်။ ဒီတော့ ကောင်းတဲ့ အပင်ကဓာတ်တွေရအောင် အရောင်စုံပါတဲ့ အစားအစာတွေကို စားပေးရပါမယ်လို့။
ဘာတွေစားရမလဲဆိုရင်ဖြင့် ထူးထူးဆန်းဆန်း ဈေးကြီးစာတွေ၊ ဓာတ်စာတွေ မလိုပါဘူး။ သဘာဝအတိုင်းဖြစ်တာရယ်၊ ဓာတုပစ္စည်း ပိုးသတ်ဆေးမပါလို့ သိနိုင်တာဆို ပိုကောင်းတာပေါ့။ ရာသီပေါ် အစားအစာတွေကို လှည့်စားပေးဖို့ပါ။ ဈေးဝယ်တဲ့အခါလည်း အရောင်စုံလေးဖြစ်အောင် ထည့်ဝယ်ပေးပါ။
တကယ်တော့ ကျွန်မတို့ မြန်မာဟင်းလျာတွေက ကျန်းမာရေးကို အထောက်အကူပြုပြီးသားပါ။ (ဒေသအရ မြန်မာဟင်းဟု ခြုံရေးသော်လည်း တိုင်းရင်းသား အစားအစာများပါ အကျုံးဝင်ပါတယ်။ ဥပမာ ကချင်အစားအစာ၊ ရှမ်းအစားအစာ၊ ရခိုင်၊ ကရင် စသဖြင့် မျိုးစုံအကုန်လုံးမှာ သူ့ကောင်းကွက်နဲ့သူချည်းမို့ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်)။
တို့တွေက ဟင်းချက်တိုင်း ဟင်းအနှစ်ကို သုံးကြတယ်လေ။ ဟင်းအနှစ်မှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ ခရမ်းချဉ်သီး၊ နနွင်း၊ မဆလာ ပါရင် အရွက်အခေါက်အစုံ ပါမယ်၊ ဒါတွေကို သုံးရတယ်။
အစားအစာတွေနဲ့ သူတို့မှာပါတဲ့ ဓာတ်တွေရယ်၊ ဘာတွေကောင်းစေတာလဲဆိုတာကို နည်းနည်း ခြုံပြောချင်ပါတယ်။
🧅 ကြက်သွန်နီမှာ Quercetin ဆိုတဲ့ ရောင်ရမ်းမှု၊ ယားယံမှုတွေကို သက်သာစေတဲ့ ဓာတ်ပါပါတယ်။
🧄 ကြက်သွန်ဖြူမှာဆိုရင် Allicin ဆိုတဲ့ သဘာဝ ပိုးသေစေတဲ့ ဓာတ်ပါတယ်၊ သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးတဲ့ ဓာတ်ပါပါတယ်။
🍅 ခရမ်းချဉ်သီးကျ ချက်လိုက်မှ အူက ပိုစုပ်ယူနိုင်ပြီး ခုနက လူဆိုး free radical တွေကို တိုက်ထုတ်ပေးတဲ့ Lycopene ဆိုတာ ပါတယ်။
- နနွင်းဆိုတာလည်း Curcumin ဓာတ်က ရောင်ရမ်းတာတွေ လျော့စေပြီး ခုနက ကိုယ်ထဲက မကောင်းတဲ့ stress တွေဖြစ်မှာကို ပြန်လည်ပြင်ဆင်ပေးတယ်။ နနွင်းကတော့ ငရုတ်ကောင်းမည်းနဲ့ တွဲစားရင် အူတွင်း ပိုမိုစုပ်ယူနိုင်ပါတယ်။
- ချင်း(ဂျင်း)ဆိုတာလည်း ကိုယ်တွင်း အရောင်ကျစေတယ်။ အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းစေပြီး ကောင်းတဲ့ ဘက်တီးရီးယားတွေကို အားပေးတယ်။ မကောင်းတဲ့ ပိုးတွေကို သေစေတယ်။
🍆 ခရမ်းသီးမှာဆိုရင် anthocyanin ဓာတ်က antioxidant ကဲ့သို့ လုပ်ပေးပြီး သွေးကြောနဲ့ အာရုံကြောတွေကို အားကောင်းစေပါတယ်။
🍎 အနီရဲရဲတို့ လိမ္မော်ရောင်တို့ ရှိတဲ့ အစားအစာတွေမှာတော့ ခရမ်းချဉ်သီးမှာပါတဲ့ lycopene ဓာတ် ပါဝင်ပါတယ်။
🥬 ဟင်းနုနယ်၊ နံနံပင်၊ ပဲသီး စတာတွေမှာ lutein, zeaxanthin ဓာတ်တွေ ပါဝင်ပြီး မျက်စိအားကောင်းစေပါတယ်။
🥜 ပဲပုပ်၊ ကုလားပဲနဲ့ အခြားပဲအမျိုးမျိုးတို့မှာလည်း isoflavone ပါဝင်ပြီး အမျိုးသမီး ဟော်မုန်းဓာတ်ကို ညီမျှစေတယ်။ အမျိုးသားတွေလည်း စားလို့ရပါတယ်။ စားလို့ နွဲ့နွဲ့နှောင်းနှောင်း မဖြစ်ပါဘူးနော်။ အီစထရိုဂျင် (Estrogen) ဓာတ်က အရိုးသန်မာမှု၊ သွေးပေါင်ငြိမ်စေပြီး နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။
- မြန်မာတို့ရဲ့ ဟင်းတစ်ခွက် မပါမဖြစ် လက်ဖက်ကလည်း catechin ပါဝင်လို့ ဆဲလ်ပျက်စီးမှာ တားဆီးပေးပါတယ်။
🥕 ကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥနီတို့လိုတွေမှာပါတဲ့ beta carotene ဟာလည်း ဗီတာမင်အေရဲ့ ကုန်ကြမ်းပါ။ ဒါကြောင့် အရေပြား၊ ကိုယ်တွင်းနဲ့ ခံတွင်း အမြှေးပါး (mucosa) တွေကို မြန်မြန် ကျန်းမာနေကောင်းစေပါတယ်။
…
…
ကဲ ရောင်စုံ အစားအစာတွေဆိုတာလည်း တို့မြန်မာပြည်မှာ မရှားပါဘူး။ အနောက်နိုင်ငံတွေလို ဘယ်ရီသီးတွေ၊ ဘရိုကိုလီတို့၊ ဆလတ်တို့လို သိပ်မဖြစ်ထွန်းပေမယ့် ခရမ်းသီး၊ ငရုတ် စတာတွေ၊ သင်္ဘောသီး၊ သရက်သီးတွေ ပေါမှပေါလေ။
ပြောရရင်တော့ သဘာဝတရားက လူသားမျိုးနွယ်ကို လက်ဆောင်တွေ ပေးထားပြီးသားပါ။ သင့်တင့်မျှတ စုံလင်အောင် ထုတ်ယူနိုင်ဖို့ပဲ အရေးကြီးတာပါ။
အပင်ကရတဲ့ အာဟာရဓာတ်တွေအတွက် သတိပြုရမှာက တချို့ဓာတ်တွေက အဆီနဲ့အတူ အူက စုပ်ယူလို့ ဆီနည်းနည်း ထည့်ချက်တာမျိုး လုပ်သင့်ပါတယ်။ ဥပမာ ခရမ်းချဉ်သီးဆို ငပိချက်သလို ဆီလေးနဲ့ဆို အူက အလွယ်တကူ စုပ်ယူနိုင်ပါတယ်။
အပင်က အာဟာရဓာတ်တွေဟာ ရေမှာ ပျော်ဝင်နိုင်တာများပါတယ်။ ဒါကြောင့် ရေလုံပြုတ်လုပ်ပြီး ရေသွန်လိုက်မယ်ဆိုရင် ထိုရေထဲမှာ အာဟာရဓာတ်တွေ ပါသွားနိုင်ပါတယ်။ ရေနဲ့မပြုတ်ဘဲ ရေနွေးငွေ့နဲ့ ပေါင်းတာမျိုးလုပ်ပါ။ ဥပမာ ကန်စွန်းဥဆို ပြုတ်တာထက် ပေါင်းတာက ပိုအရသာရှိတယ် မဟုတ်လား။ ပိုလည်း အာဟာရ ကြွယ်ဝစေပါတယ်။ အသီးအနှံတွေ ပြတ်လပ်နိုင်တယ်ဆိုရင် အချဉ်စိမ်တာ၊ မီးမှန်တဲ့နေရာမှာဆို ခဲထားပြီး ပြန်ထုတ်စားတာမျိုး လုပ်နိုင်ပါတယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံးအနေနဲ့ ဒီဆောင်းပါးက ပေးချင်တာကတော့ သဘာဝကရတဲ့ အစားအစာတွေဟာ အဖိုးတန်ပါတယ်။ မိမိတို့ ရိုးရာဓလေ့အတိုင်း ပြင်ဆင်စားသောက်ကြပါ။ အချိန်ရာသီအလိုက် ရနိုင်တာ အမျိုးစုံအောင်စားပါ။ အားဆေး၊ ဓာတ်စာတွေဟာ ဓာတ်တစ်မျိုးတည်းကို ထုတ်ယူထားတာဖြစ်လို့ ဒီတစ်မျိုးတည်း ကိုယ်ခန္ဓာက ရမှာမို့ မကောင်းပါဘူး။
အထက်ပါပြောခဲ့သလို တစ်မျိုးတည်း အကြာကြီးရနေရင် သူ့ရဲ့ ကောင်းတာရသလို ဆိုးတာလည်း မျှခံရမှာပါ။ ဗီတာမင်စီ ဆေးတစ်လုံးမှာပါတဲ့ ဓာတ်ကို အူက တကယ်စုပ်ယူနိုင်စွမ်းက သိပ်မကောင်းလှပါဘူး။ ဒါပေမယ့် လိမ္မော်သီး တစ်လုံးမှာကျ ဗီတာမင်စီရော flavonoid ဓာတ်ရောပါလို့ အူက စုပ်ယူနိုင်တယ်။ ဗီတာမင်စီ ကိုယ်ထဲရောက်ရင်လည်း အစွမ်းပိုပြနိုင်ပါတယ်။
သိပ်လှတဲ့ အလင်းရောင်တောင် သက်တံ့ရောင်နဲ့ ဖွဲ့စည်းထားတာမို့လား….
ကျွန်ုပ်တို့ အစားအစာတွေလည်း သက်တံ့လို စုံလင်အောင် စားသုံးကြပါစို့……။
အာဟာရဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

