‎ကနေ့မှာတော့ “ အိပ်မပျော်နိုင်ဘူး ဖြစ်နေပါသလား” ဆိုတဲ့ မေးခွန်းလေးနဲ့ အစပြုလိုက်ပါရစေ။

‎အဲဒီလိုဖြစ်‌နေရင် . . .

‎အိပ်ချိန်ကို ပုံမှန်သတ်မှတ်ထားပါ။ ဖုန်းနဲ့ တီဗီကြည့်တဲ့အချိန်ကို သတိထားပါ။ ပြီးတော့ အိပ်ရာမဝင်ခင် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ကြိုးစားကြည့်ပါ။

“ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာ” မရှိတဲ့ လူအများစုဟာ ၁၀ မိနစ်ကနေ မိနစ် ၂၀ အတွင်းမှာ အိပ်ပျော်သွားတတ်ကြပါတယ်။ ဒါပေမယ့် အိပ်ပျော်ဖို့ ၄၅ မိနစ်လောက် ကြာနေတယ်ဆိုရင်လည်း ဒါဟာ ပုံမှန်ပါပဲ။ လူတိုင်းမှာ ဇီဝနာရီ (Circadian Rhythm) တစ်ခုစီ ရှိကြပြီး အဲဒါက ခန္ဓာကိုယ်ဟာ ဘယ်အချိန်မှာ အနားယူရမလဲဆိုတာကို ဆုံးဖြတ်ပေးတာပါ။

ဒါပေမယ့် အလုပ်တွေအရမ်းများပြီး ပင်ပန်းနေတဲ့အခါမှာတော့ လိုအပ်တဲ့အိပ်စက်ခြင်းကို အပြည့်အဝရဖို့အတွက် အမြန်ဆုံး အိပ်ပျော်သွားချင်ကြမှာပါ။ ဒါကြောင့် မြန်မြန်ဆန်ဆန် အိပ်ပျော်စေမယ့် အကြံပြုချက်တွေနဲ့ အိပ်မပျော်တဲ့အခါ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲဆိုတာကို မျှဝေပေးပါမယ်။
‎…
‎…

🖤 ‎မြန်မြန်အိပ်ပျော်စေဖို့ ကူညီပေးမယ့် နည်းလမ်း (၁၀) ခု

‎” ဘယ်လောက် မြန်မြန်အိပ်ပျော်သလဲ” ဆိုတာထက် “ အိပ်စက်ခြင်းရဲ့ အရည်အသွေး” က ပိုအရေးကြီးပါတယ်။ အဲဒါက ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကို တိုက်ရိုက်သက်ရောက်မှုရှိလို့ပါ။ “ အိပ်စက်ခြင်း အရည်အသွေး” ကောင်းမွန်ဖို့အတွက် သင့်တော်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးဖို့၊ စိတ်ကြည်လင်ဖို့၊ ပုံမှန်အလေ့အကျင့်ရှိဖို့နဲ့ နေ့ဘက်လှုပ်ရှားမှုတွေကို သတိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် “ အိပ်စက်ခြင်း အရည်အသွေး” ကို မြှင့်တင်ပေးမယ့် နည်းလမ်း (၁၀) ခုကို မျှဝေပေးပါမယ်။

‎၁။ အိပ်ချင်လာပြီဆိုရင် အိပ်ရာဝင်ပါ။

‎ကောင်းကောင်းအိပ်ပျော်တတ်တဲ့သူတွေကို ကြည့်ရင် သူတို့ဟာ အိပ်စက်ခြင်းအကြောင်းကို လုံးဝစဉ်းစားလေ့မရှိပါဘူး။ သူတို့က ခန္ဓာကိုယ်ရဲ့ အချက်ပေးသံကို နားထောင်တယ်။ အိပ်ချင်လာပြီဆိုရင် အိပ်ရာဝင်လိုက်ကြတာပါပဲ။ သူတို့မှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေ ဒါမှမဟုတ် အတွေးတွေဟာ သိပ်မရှိကြပါဘူး။ သူတို့အတွက်ကတော့ ဒါဟာ လုပ်နေကျ အလုပ်တစ်ခုလိုပါပဲ။

‎အကယ်၍ သင်ဟာ အိပ်ရခက်နေတယ်ဆိုရင် အိပ်ရာဝင်ဖို့အတွက် စိုးရိမ်စိတ်တွေက ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်တာက သင့်ကို မြန်မြန် အိပ်ပျော်စေမှာ မဟုတ်ပါဘူး။ အိပ်ပျော်ဖို့ အတင်းကြိုးစားလေလေ အောင်မြင်ဖို့ ခက်လေလေပါပဲ။ တစ်နည်းအားဖြင့်ပြောရရင် စိတ်ကိုလျှော့ချပြီး ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း အိပ်စက်ခြင်းဆီကို ပြန်သွားဖို့ ကြိုးစားတာက အကောင်းဆုံးပါပဲ။
‎.

‎၂။ အိပ်ချိန်ကို ပုံမှန်သတ်မှတ်ပါ။

‎အိပ်ချိန်ကို ပုံမှန်သတ်မှတ်ထားတာဟာ (စနေ၊ တနင်္ဂနွေလို အိပ်ရာစောစောထစရာ မလိုတဲ့ နေ့တွေမှာတောင်) အချိန်မှန်အိပ်ပျော်စေဖို့ နည်းလမ်းကောင်းတစ်ခုပါ။ အလေ့အကျင့်တွေကို ခဏခဏပြောင်းလဲတာနဲ့ အချိန်ဇယားမရှိတာက အိပ်စက်ခြင်းပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း အချိန်မှန်အိပ်ရာဝင်ပြီး အချိန်မှန်ထဖို့ ကြိုးစားပါ။ ခန္ဓာကိုယ်က ဒီအလေ့အကျင့်နဲ့ ယဉ်ပါးသွားလေလေ သတ်မှတ်ထားတဲ့ အချိန်တွေမှာ အိပ်ပျော်ဖို့ ပိုလွယ်ကူလေလေ ဖြစ်မှာပါ။
‎.

‎၃။ Screen Time (လက်ပ်တော့ပ်၊ တက်ဘလက်၊ တီဗီနဲ့ ဖုန်းတွေရဲ့ မျက်နှာပြင်ကြည့်ရှုချိန်) ကို လျှော့ချပါ။

‎လက်ပ်တော့ပ်၊ တက်ဘလက်၊ တီဗီနဲ့ ဖုန်းတွေဟာ သင့်ကို နိုးကြားနေစေပါတယ်။ အထူးသဖြင့် သင်ကြည့်နေတဲ့ အရာတွေက သင့်ကို စိတ်လှုပ်ရှားစေရင် ပိုဆိုးပါတယ်။ တကယ်တော့ အဲဒီကိရိယာတွေပေါ်မှာ ဘာလုပ်နေသလဲဆိုတာက ပိုအရေးကြီးပါတယ်။ အနားယူဖို့ ကြိုးစားနေချိန်မှာ ဦးနှောက်ကို လှုံ့ဆော်ပေးမယ့် ဘယ်အရာမဆို သင့်ကို ဆက်ပြီး နိုးကြားနေစေမှာပါ။

အိပ်ရာမဝင်ခင် နာရီဝက်လောက်ကြိုပြီး ဖုန်းတွေကို ဖယ်ထားတာက မြန်မြန်အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ညဘက်မှာဖုန်းသုံးတဲ့ အလေ့အကျင့်ကို မဖြတ်နိုင်ဘူးဆိုရင်တော့ စိတ်အေးချမ်းစေမယ့် အရာတွေကိုပဲကြည့်ဖို့ ကြိုးစားပါ။ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေမယ့် စိတ်အေးလက်အေးဖြစ်စေတဲ့ အရာတွေကို နားထောင်တာမျိုး လုပ်ပေးလို့ ရပါတယ်။
‎.

‎၄။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပါ။

‎စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက အိပ်ရခက်စေတဲ့ အဓိက အကြောင်းရင်းတွေပါ။ အိပ်ရာထဲ ရောက်နေပေမယ့် အတွေးတွေများနေလို့ နာရီပေါင်းများစွာ အိပ်မပျော်ဘဲ ဖြစ်နေတာမျိုးကို ကြုံဖူးကြမှာပါ။ စိတ်ဖြေလျှော့တဲ့နည်းလမ်းတွေ ဒါမှမဟုတ် တရားမှတ်တာမျိုးက အနားယူဖို့အတွက် အဖြေကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

ကြွက်သားတွေကို ဖြေလျှော့တာ ဒါမှမဟုတ် စိတ်ကူးထဲမှာ အေးချမ်းတဲ့ပုံရိပ်တွေကို ဖော်ဆောင်တာမျိုးက မြန်မြန်အိပ်ပျော်စေဖို့ စိတ်အခြေအနေကို ပြင်ဆင်ပေးပါတယ်။ စိတ်ဖိစီးမှုရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်အေးချမ်းမှုကို ဖန်တီးဖို့ ကြိုးစားနေတာပါ။ အချို့သူတွေအတွက်တော့ White Noise လို့ခေါ်တဲ့ ဆူညံသံ ခပ်အေးအေးလေးတွေက စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ သဘာဝအသံလေးတွေကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

‎.

‎၅။ စားသောက်တဲ့အရာတွေကို ဂရုစိုက်ပါ။

‎သင်စားတဲ့ အစားအသောက်တွေက အိပ်ပျော်တဲ့အရှိန်နဲ့ “ အိပ်စက်ခြင်းအရည်အသွေး” ကို သက်ရောက်မှုရှိပါတယ်။ ဥပမာအားဖြင့် အစပ်များတဲ့ အစားအသောက်တွေက အိပ်လိုက်တဲ့အခါ ရင်ပူတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ကဖင်းဓာတ်ကလည်း သင့်ကို နိုးကြားနေစေတာ အားလုံးအသိပါပဲ။ အရက်သောက်တာက မြန်မြန် အိပ်ပျော်စေတယ်လို့ ထင်ရပေမယ့် တကယ်တော့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေက ပိုများပါတယ်။ အရက်ရှိန်ပြယ်သွားတဲ့အခါ အိပ်စက်ခြင်းရဲ့ အရေးကြီးတဲ့အဆင့်တွေမှာ နိုးလာတတ်ပါတယ်။ ဒါ့အပြင် ဟောက်တာကို ပိုဆိုးစေပြီး အိပ်ပျော်ရင်း လမ်းလျှောက်တာ၊ စကားပြောတာနဲ့ အိပ်မက်ဆိုးမက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ယေဘုယျအားဖြင့် အစပ်တွေနဲ့ ကဖင်းဓာတ်ကို အိပ်ရာမဝင်ခင်မှာ မစားဘဲ နေ့လယ်ဘက်တွေမှာပဲ စားသုံးသင့်ပါတယ်။ သကြား၊ အဆီနဲ့ ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအသောက်တွေက အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်ပါတယ်။ အပင်ကရတဲ့ အစားအသောက်တွေနဲ့ အမျှင်ဓာတ် များတာတွေကို စားတာကတော့ အိပ်စက်ခြင်းကို ပိုကောင်းစေပါတယ်။
‎.

‎၆။ အိပ်မပျော်တဲ့သူတွေအနေနဲ့ နေ့ခင်းဘက်မှာ တစ်ရေးတမောအိပ်တာကို ရှောင်ကြဉ်ပါ။

‎ညက ကောင်းကောင်းမအိပ်ရဘူးဆိုရင် နောက်နေ့မှာပြန်အိပ်ပြီး အစားထိုးချင်ကြတာက သဘာဝပါ။ ဒါပေမယ့် ဒါဟာ အမြဲတမ်းအတွက် အဖြေမဟုတ်သလို မြန်မြန်အိပ်ပျော်စေမှာလည်း မဟုတ်ပါဘူး။ ညက မအိပ်ရလို့ “ နေ့ခင်းဘက်မှာ တစ်ရေးအိပ်မယ်၊ ကဖင်းတွေ ပိုသောက်မယ်” ဆိုတာမျိုးက နောက်တစ်ညမှာ အိပ်မပျော်ခြင်းခြင်းကို ပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။ ကော်ဖီကိုလည်း အတိုင်းအတာနဲ့ သောက်ပါ။ (တစ်နေ့ကို သုံးခွက်ထက် ပိုမသောက်ဖို့ ကြိုးစားကြည့်ပါ)။

‎ဒါပေမယ့် အလုပ်လုပ်ရင်း ပင်ပန်းလွန်းနေရင်တော့ နေ့လယ် (၁) နာရီကနေ (၃) နာရီအတွင်း မိနစ် (၂၀-၃၀) လောက် ခဏအိပ်စက်ခြင်း (Napping) ကို ပြုလုပ်လို့ရပါတယ်။
‎.

‎၇။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ။

‎အိပ်ရာမဝင်ခင်မှာတော့ လေ့ကျင့်ခန်းကို မလုပ်ပါနဲ့။ ညနေဘက်မှာ လေ့ကျင့်ခန်းလုပ်တာက လူကို တက်ကြွစေပြီး အိပ်မပျော်ဘဲ ကြာနေစေနိုင်ပါတယ်။ ဒါပေမယ့် မနက်ပိုင်း ဒါမှမဟုတ် နေ့ဘက်မှာ လေ့ကျင့်ခန်းလုပ်တာကတော့ ညဘက်မှာ အလွယ်တကူ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ဇီဝနာရီကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပေမယ့် အိပ်ရာဝင်ခါနီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာကတော့ ခန္ဓာကိုယ်အပူချိန်ကို တက်စေပြီး အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။ နေ့ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ရင် အိပ်ချိန်နဲ့ ၃-၄ နာရီခွာပြီးလုပ်ဖို့ အကြံပြုလိုပါတယ်။
‎.

‎၈။ Melatonin ကို စမ်းသုံးကြည့်ပါ။

‎Melatonin ဆိုတာဟာ “ ခန္ဓာကိုယ်ရဲ့ အိပ်စက်ခြင်းသံသရာ” ကို ထိန်းညှိပေးတဲ့ ဖြည့်စွက်ဆေး တစ်မျိုးပါ။ လူအချို့က မြန်မြန် အိပ်ပျော်ဖို့ သုံးကြပေမယ့် အိပ်စက်ခြင်းပြဿနာကို သေချာမစစ်ဆေးဘဲ မသုံးစွဲဖို့တော့ သတိပေးလိုပါတယ်။ မယ်လတိုနင်က ညဘက်မှာအိပ်မရဘဲ ညဉ့်နက်မှ အိပ်တတ်သူတွေအတွက် အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်မပျော်ရတဲ့ တခြား အကြောင်းရင်းတွေဟာ အများကြီး ရှိနိုင်တာမို့ ဆေးမသောက်ခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။
‎.

‎၉။ “ စစ်သုံး အိပ်စက်ခြင်းနည်းလမ်း” ကို စမ်းကြည့်ပါ။

‎အချို့ကတော့ Military Sleep Method လို့ခေါ်တဲ့ “ စစ်တပ်သုံး နည်းလမ်း” က မြန်မြန်အိပ်ပျော်စေတယ်လို့ ပြောကြပါတယ်။ ကြွက်သားတွေကို ဖြေလျှော့တာ၊ အသက်ရှူနည်းနဲ့ စိတ်ကူးပုံဖော်တာတွေကို ပေါင်းစပ်ပြီး ၂ မိနစ်အတွင်း အိပ်ပျော်အောင် လုပ်တဲ့နည်းလမ်းပါ။ ဒါပေမယ့် ဒါဟာ တကယ်အလုပ်ဖြစ်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားတော့ မရှိသေးပါဘူး။ စိတ်လျှော့တဲ့နည်းလမ်းတွေက ခန္ဓာကိုယ်ကို အနားယူဖို့ ပြင်ဆင်ပေးနိုင်ပေမယ့် အချိန်တိုအတွင်း အိပ်ပျော်ရမယ်လို့ တအားမျှော်လင့်ထားရင်တော့ စိတ်ဖိစီးပြီး ပိုအိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။

‎ဒါဆို “ စစ်သုံး အိပ်စက်ခြင်းနည်းလမ်း” မှာ ဘယ်လိုနည်းလမ်းတွေပါလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

‎🌴 “ ကြွက်သားတွေကို ဖြေလျှော့ခြင်း” နည်းလမ်း

‎- အိပ်ရာပေါ်မှာ ပက်လက်လှဲပြီး မျက်စိမှိတ်လိုက်ပါ။
‎- ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီကို ဖြေလျှော့ဖို့ စိတ်ထဲကနေ ရည်ရွယ်ချက်ရှိရှိ တွေးပါ။
‎- နဖူးကနေ စပြီး ခြေဖျားအထိ တစ်ဆင့်ချင်း လုပ်သွားပါ။
‎- ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ ခံစားချက်ကို သတိပြုပြီး အနားယူဖို့ ခွင့်ပြုလိုက်ပါ။
‎.

‎🌴 “ အသက်ရှူခြင်း” နည်းလမ်း

‎- ခန္ဓာကိုယ်ကို ဖြေလျှော့နေရင်း အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းပါ။
‎- ရှူထုတ်တဲ့အခါ ပိုပြီးခပ်ရှည်ရှည်လေး ထုတ်ပေးပါ။

‎- အသက်ကို ဝဝရှူတာက ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်တွေ ကောင်းကောင်းစီးဆင်းစေပါတယ်။ ဒါက အတွေးတွေကို တည်ငြိမ်စေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။

‎🌴 ပုံဖော်ကြည့်ခြင်း

‎- စိတ်ကူးနဲ့ ပုံဖော်တာဟာလည်း ဒီနည်းလမ်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
‎- ခန္ဓာကိုယ်ကို ဖြေလျှော့ပြီး အသက်ရှူနေရင်း စိတ်ကိုအေးချမ်းစေမယ့် အခြေအနေတစ်ခုကို စိတ်ကူးယဉ်ကြည့်ပါ။

‎တကယ်‌တော့ အိပ်စက်ခြင်းဆိုတာဟာ သဘာဝအတိုင်း ဖြစ်လာရမှာပါ။ အတင်းအကျပ် လုပ်နေရပြီဆိုရင်တော့ ဒါဟာ သေချာစစ်ဆေးဖို့ လိုအပ်နေပါပြီ။
‎.

‎၁၀။ အိပ်စက်မယ့် ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ။

‎သက်သောင့်သက်သာရှိပြီး စိတ်အေးချမ်းစေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပါ။ အိပ်ခန်းကို သန့်ရှင်းသပ်ရပ်အောင်ထားတာက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ကို ကြည်လင်စေပါတယ်။ အိပ်ခန်းကို မှောင်နေအောင်ထားပြီး အခန်းအပူချိန်ကို အေးအေးလေးထားတာကလည်း အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အိပ်ခန်းထဲမှာ အလင်းရောင်မရှိသလောက် ဖြစ်နေတာက အကောင်းဆုံးပါပဲ။

‎သက်သောင့်သက်သာရှိတဲ့ အိပ်ရာခင်းတွေ သုံးတာကလည်း သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ဖိတ်ခေါ်နေသလို ဖြစ်စေမှာပါ။
‎…
‎…

‎ဘယ်အချိန်မှာ ဆေးရုံ/ဆေးခန်းပြဖို့ လိုမလဲ။

‎အိပ်ပျော်ဖို့အတွက် အချိန်အနည်းငယ်ယူရတာက သဘာဝပါပဲ။ ဒါပေမယ့် ပုံမှန်လိုလို အိပ်မပျော်တဲ့ပြဿနာကို ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်လာပါပြီ။ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်လောက် အိပ်ရခက်နေပြီး နေ့ဘက်မှာပါ အလုပ်အကိုင် ပျက်ကွက်တာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ ဒါဟာ “ နာတာရှည် အိပ်မပျော်တဲ့ရောဂါ” ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာတွေကို ဆရာဝန်ဆီ စောစောစီးစီး တိုင်ပင်ပြသလေလေ သင့်အတွက် လိုအပ်နေတဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ချိန်တွေကို မြန်မြန်ဆန်ဆန် ပြန်ရလေလေ ဖြစ်ကြောင်း အသိပညာပေးမျှဝေရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်…။


‎ဒေါက်ပီ (တယ်လီကျန်းမာ)

‎Reference: 📖
‎https : //health . clevelandclinic . org / how – to- fall- asleep- fast

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.


LEAVE A REPLY

Please enter your comment!
Please enter your name here