🌧️ စိတ်ဓာတ်ကျခြင်း (Depression) 🌧️
လူ့ဘဝမှာ ပျော်ရွှင်စရာတွေရှိသလို စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့ရတာဟာ သဘာဝနိယာမပါပဲ။ ချစ်သူနဲ့ လမ်းခွဲရတာ၊ အလုပ်ဖြုတ်ခံရတာ၊ စာမေးပွဲကျတာ၊ ချစ်ခင်ရသူတစ်ဦးကို ဆုံးရှုံးလိုက်ရတာ စတဲ့ဒီလိုအခြေအနေတွေမှာ ကျွန်တော်တို့ ဝမ်းနည်းကြတယ်။ ဒါပေမယ့် အဲဒီဝမ်းနည်းမှုက ရက်အနည်းငယ်၊ ရက်သတ္တပတ်အနည်းငယ်ကြာရင် တဖြည်းဖြည်း သက်သာသွားလေ့ရှိပါတယ်။
ဒါပေမယ့် အဲဒီဝမ်းနည်းမှုက မပျောက်သွားဘဲ ပိုပိုပြီး နက်ရှိုင်းလာမယ်၊ ရှင်သန်နေထိုင်မှု ဘဝကြီးတစ်ခုလုံးကို ဝါးမျိုသွားမယ်၊ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားလာရမယ်ဆိုရင်တော့ ဒါဟာ သာမန် “စိတ်ညစ်တာ” မဟုတ်တော့ပါဘူး။ ဒါဟာ “Depression” လို့ခေါ်တဲ့ ရောဂါအခြေအနေတစ်ခု ဖြစ်နေပါပြီ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ Depression ဟာ ကမ္ဘာတစ်ဝှမ်းမှာ လူသန်းပေါင်း (၂၈၀) ကျော် ခံစားနေရတဲ့ ရောဂါတစ်ခုဖြစ်ပြီး လူကို ဒုက္ခအပေးနိုင်ဆုံး ရောဂါများထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။
…
…
၁။ Depression ဆိုတာ “စိတ်ခိုင်ရင် ပျောက်တယ်” ဆိုတာ ဟုတ်ပါသလား။
လုံးဝ (လုံးဝ) မဟုတ်ပါ။
မြန်မာလူ့အဖွဲ့အစည်းမှာ အတော်များများက Depression ကို “စိတ်အားငယ်တာ”၊ “စိတ်ဓာတ်ပျော့ညံ့တာ”၊ “ဘုရားတရား မေ့လျော့တာ” လို့ အဓိပ္ပာယ်ဖွင့်ဆိုလေ့ ရှိကြပါတယ်။ ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆပါ။
ဆီးချိုရောဂါဖြစ်ရင် အင်ဆူလင်ဓာတ် လိုအပ်သလို၊ သွေးတိုးရောဂါဖြစ်ရင် သွေးကြောတွေမှာ ပြဿနာရှိသလိုပဲ Depression ဆိုတာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဆိုင်ရာ အဆင်မပြေတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ MRI စက်တွေနဲ့ စစ်ဆေးကြည့်တဲ့အခါ Depression ရှိသူတွေရဲ့ ဦးနှောက်ဟာ ပုံမှန်လူတွေနဲ့ မတူညီတာကို တွေ့ရှိရပါတယ်။
.
🧠 ဦးနှောက်ထဲမှာ ဘာတွေဖြစ်နေလဲ။
ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ စိတ်ခံစားချက်၊ အိပ်စက်မှု၊ အစာစားချင်စိတ်နဲ့ နာကျင်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဓာတုပစ္စည်း (Neurotransmitters) တွေ ရှိပါတယ်။ Depression ဟာ အဲဒီ ဓာတုပစ္စည်းတွေ မညီမျှတဲ့အခါမှာ ပေါ်ပေါက်လာနိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်ပါတယ်။
ဆီရိုတိုနင် – ပျော်ရွှင်မှု၊ စိတ်တည်ငြိမ်မှုနဲ့ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ဓာတ်။ ဒီဓာတ်လျော့နည်းသွားတဲ့အခါ ဝမ်းနည်းတာ၊ စိတ်ဂနာမငြိမ်တာနဲ့ အိပ်မပျော်တာတွေ ဖြစ်လာပါတယ်။
ဒိုပါမင်း – စိတ်တက်ကြွမှု၊ လိုချင်တပ်မက်မှုနဲ့ ကျေနပ်မှုကို ပေးတဲ့ဓာတ်။ ဒီဓာတ်လျော့နည်းရင် ဘာလုပ်လုပ် စိတ်ဝင်စားမှု မရှိတော့တာ၊ အိပ်ရာက မထချင်တာ၊ ရည်မှန်းချက်တွေ ပျောက်ဆုံးတာ ဖြစ်တတ်ပါတယ်။
နော်အက်ပီနက်ဖရင်း – အားအင်နဲ့ အာရုံစိုက်မှုကို ပေးတဲ့ဓာတ်။ ဒီဓာတ်နည်းသွားရင် လူက အမြဲတမ်း ပင်ပန်းနွမ်းနယ်နေပြီး၊ အာရုံစူးစိုက်လို့ မရတော့ပါဘူး။
ဒါ့အပြင် နာတာရှည် စိတ်ဓာတ်ကျခြင်းဟာ ဦးနှောက်ရဲ့ တည်ဆောက်ပုံကိုပါ ပြောင်းလဲစေပါတယ်။
Hippocampus – မှတ်ဉာဏ်နဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့နေရာ
Depression ကြောင့်ထွက်လာတဲ့ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) တွေက Hippocampus ကို တိုက်ခိုက်တဲ့အတွက် ဒီနေရာဟာ ပုံမှန်ထက် ကျုံ့ဝင်သွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျသူတွေဟာ မကြာခဏ မေ့လျော့တတ်တာ ဖြစ်ပါတယ်။
Amygdala – ကြောက်ရွံ့မှုနဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့နေရာ
ဒီနေရာကတော့ ပိုပြီး အလုပ်လုပ်လွန်း နေတတ်ပါတယ်။ ဒါကြောင့် ကိစ္စသေးသေးလေးနဲ့ စိတ်ပူတာ၊ စိုးရိမ်တာ၊ ဒေါသထွက်လွယ်တာတွေ ဖြစ်တတ်ပါတယ်။
…
…
၂။ Depression ရဲ့ လက္ခဏာရပ်များ
Depression ရဲ့ လက္ခဏာတွေက လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ဒါပေမယ့် ရောဂါသတ်မှတ်ချက် (DSM-5) အရ အောက်ပါ လက္ခဏာတွေထဲက (၅) ချက်နဲ့အထက်ကို (၂) ပတ်ဆက်တိုက် ခံစားနေရရင် Depression လို့ သတ်မှတ်နိုင်ပါတယ်။
(က) စိတ်ခံစားမှုဆိုင်ရာ လက္ခဏာများ
🍀 နေ့တိုင်းလိုလို ဝမ်းနည်းနေခြင်း
အကြောင်းအရင်း ကြီးကြီးမားမားမရှိဘဲ နေ့စဉ်လိုလို ဝမ်းနည်းနေခြင်း။ တချို့လူတွေမှာ ဝမ်းနည်းတာထက် “စိတ်ထဲမှာ ဘာမှ မရှိသလို” ဖြစ်နေခြင်း ကို ပိုခံစားရတတ်ပါတယ်။
🍀 စိတ်ကျေနပ်စရာများ ပျောက်ဆုံးခြင်း
ဒါဟာ Depression ရဲ့ အဓိကလက္ခဏာပါ။ အရင်က ကိုယ်တအားဝါသနာပါခဲ့တဲ့ အရာတွေ (ဥပမာ – ဘောလုံးကန်တာ၊ ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့တာ) ကို လုပ်ရတာ ဘာစိတ်မှ မဝင်စားတော့ဘဲ ပျော်ရွှင်မှုများ ပျောက်ဆုံးသွားခြင်း ဖြစ်ပါတယ်။
🍀 အပြစ်တင်ခြင်းနှင့် အသုံးမကျသလို ခံစားရခြင်း
ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ မြင်တာ၊ အတိတ်က အမှားသေးသေးလေးတွေကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာမျိုးတွေကို ခံစားရတတ်ပါတယ်။
🍀 မျှော်လင့်ချက်များ ပျောက်ဆုံးခြင်း
အနာဂတ်မှာ ဘာမှကောင်းလာစရာ မရှိတော့ဘူးလို့ မြင်တာ။ “ငါ ဘယ်တော့မှ ပျော်ရမှာ မဟုတ်တော့ဘူး”၊ “ငါ့ဘဝက ဒီလိုပဲ ပြီးဆုံးသွားတော့မှာ” ဆိုတဲ့ အတွေးမျိုး ခဏခဏ ဝင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
.
(ခ) ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
Depression ကို စိတ်ရောဂါလို့ ထင်ကြပေမယ့် ရုပ်ပိုင်းဆိုင်ရာမှာ အများကြီး သက်ရောက်မှုရှိပါတယ်။ အာရှနိုင်ငံတွေမှာ လူနာတော်တော်များများက “ဝမ်းနည်းတယ်” လို့ မပြောဘဲ “ခေါင်းကိုက်တယ်”၊ “ရင်ဘတ်အောင့်တယ်”၊ “နေရတာ အဆင်မပြေဘူး” ဆိုပြီး ဆေးခန်းလာပြလေ့ ရှိပါတယ်။
🍀 အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
ညဘက် လုံးဝအိပ်မပျော်တာ သို့မဟုတ် မနက် ၃ နာရီလောက်မှာ လန့်နိုးပြီး ပြန်အိပ်မပျော်တော့ဘဲ အတွေးတွေများနေတာ၊ လက်တွေ့ဘဝကို ရင်မဆိုင်ချင်လို့ တစ်နေ့ကို ၁၂ နာရီ၊ ၁၄ နာရီလောက် အိပ်ရာထဲက မထချင်အောင် အိပ်နေတာ… Depression မှာ အိပ်လို့မရတာရော၊ အလွန်းအကျွံအိပ်ချင်နေတာရော နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။
🍀လေးလံနှေးကွေးသော လုပ်ဆောင်ချက်များ
လှုပ်ရှားမှုတွေ နှေးကွေးလေးလံလာတာ။ စကားပြောတာ၊ လမ်းလျှောက်တာတွေကအစ ပုံမှန်ထက် ပိုနှေးနေပြီး လူက “ခဲဆွဲထားသလို” လေးလံနေတတ်ပါတယ်။
🍀 ဘာ့ကြောင့်မှန်းမသိရသော နာကျင်မှုများ
ခေါင်းကိုက်တာ၊ ခါးနာတာ၊ ဗိုက်အောင့်တာ၊ ကြွက်သားတွေနာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဆေးစစ်ကြည့်ရင် ဘာရောဂါမှ မတွေ့ရတတ်ပါဘူး။ ဒါဟာ Serotonin၊ Endorphins နဲ့ Norepinephrine ဓာတ်နည်းသွားလို့ နာကျင်မှုကို ခံနိုင်ရည် ကျဆင်းသွားတာ ဖြစ်ပါတယ်။
🍀 အစားအသောက် ပြောင်းလဲခြင်း
အစားလုံးဝမဝင်တော့ဘဲ ပိန်သွားတာလည်း ရှိသလို၊ စိတ်ညစ်လို့ အစားတွေ အများကြီးစားပြီး ဝလာတာမျိုးလည်း ရှိတတ်ပါတယ်။
🍀 လိင်စိတ်ဆန္ဒ လျော့နည်းခြင်း
အိမ်ထောင်သည်တွေမှာဆိုရင် လိင်မှုကိစ္စကို စိတ်မပါတာမျိုး၊ လုံးဝ စိတ်မဝင်စားတော့တာမျိုး ဖြစ်တတ်ပါတယ်။
.
(ဂ) ဉာဏ်ရည်နဲ့ အတွေးအခေါ်ဆိုင်ရာ လက္ခဏာများ
🍀 ခေါင်းမကြည်ခြင်း
ဦးနှောက်က မကြည်လင်ဘဲ “မြူ” တွေ ဖုံးနေသလို ဖြစ်နေတာ။ တွေးခေါ်ရတာ နှေးကွေးနေတာ။
🍀 အာရုံစိုက်လို့ မရခြင်း
စာဖတ်လို့မရ၊ အလုပ်မှာ အာရုံစိုက်လို့မရ၊ သူများပြောတဲ့စကားကို နားထောင်ဖို့ ခက်ခဲလာတာ။ ရုပ်ရှင်ကြည့်ရင်တောင် ဇာတ်လမ်းကို လိုက်မမီတော့တာမျိုး ဖြစ်တတ်ပါတယ်။
🍀 ဆုံးဖြတ်ချက် မချနိုင်ခြင်း
ဆုံးဖြတ်ချက်ချဖို့ ခက်ခဲလာတာ။ ထမင်း ဘာဟင်းနဲ့ စားမယ်ဆိုတဲ့ ကိစ္စသေးသေးလေးကအစ ဆုံးဖြတ်ရခက်ပြီး တွေဝေနေတတ်ပါတယ်။
🍀 သေခြင်းတရားအကြောင်း မကြာခဏ တွေးမိခြင်း
နေရတာ ပင်ပန်းခက်ခဲလိုက်တာ၊ သေသွားရင် ကောင်းမယ်လို့ စဉ်းစားတာ၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်ချင်စိတ်တွေ ပေါ်လာတာ။
.
(ဃ) လူမှုရေးဆိုင်ရာ လက္ခဏာများ
လူတွေနဲ့ တွေ့ရမှာကို ကြောက်တာ၊ ရှောင်ဖယ်နေတာ။
ဖုန်းမကိုင်တာ၊ Message မပြန်တာ။ အလုပ်ခွင်မှာ လုပ်ရည်ကိုင်ရည် ကျဆင်းလာတာ (ရုံးတော့ရောက်ပေမယ့် အလုပ်မလုပ်နိုင်တာ)။
…
…
၃။ သတိထားရမည့် ” မသိသာတဲ့ Depression”
လူတိုင်းက အခန်းအောင်းပြီး ငိုနေမှ Depression ဖြစ်တာ မဟုတ်ပါဘူး။ တချို့ Depression အမျိုးအစားတွေက အပြင်ပန်းမှာ လုံးဝ မသိသာပါဘူး။
🍀 အလုပ်လုပ်နိုင်တဲ့ Depression
သူတို့က အလုပ်ပုံမှန်သွားမယ်။ ပျော်သလို နေပြမယ်။ မိသားစုကို ဦးဆောင်နေမယ်။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ ဘာခံစားချက်မှ မရှိတော့ဘဲ စက်ရုပ်တစ်ရုပ်လို ရှင်သန်နေရတာပါ။ သူတို့ဟာ “ငါ မပျော်တာ ကြာပြီ ဒါပေမယ့် အလုပ်လုပ်နိုင်သေးတော့ ငါနေကောင်းပါတယ်” လို့ မှားယွင်းစွာ ယူဆတတ်ပါတယ်။
🍀အမျိုးသားများရဲ့ Depression
အမျိုးသားအများစုဟာ “ဝမ်းနည်းတယ်” လို့ ဖွင့်ပြောဖို့ ဝန်လေးတတ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ Depression ဟာ ဒေါသထွက်ခြင်း၊ ရန်လိုခြင်း၊ အရက်သောက်ခြင်း၊ လောင်းကစားလုပ်ခြင်း၊ ကားအမြန်မောင်းခြင်း စတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေနဲ့ ထွက်ပေါ်လာတတ်ပါတယ်။
…
…
၄။ ဘာကြောင့်ဖြစ်ရတာလဲ။
Depression ဟာ အကြောင်းရင်း တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ဘဲ “Bio-Psycho-Social” (ကိုယ်၊ စိတ်၊ လူမှု) အကြောင်းရင်းတွေ ပေါင်းစပ်ဖြစ်ပေါ်လာတာပါ။
🍀 မျိုးရိုးဗီဇ
မိသားစုထဲမှာ (မိဘ၊ မောင်နှမ) စိတ်ကျရောဂါရှိဖူးရင် ကိုယ်တိုင်ဖြစ်နိုင်ခြေ ၃ ဆလောက် ပိုများပါတယ်။
🍀 ကလေးဘဝ စိတ်ဒဏ်ရာ
ငယ်စဉ်က မိဘကွဲကွာတာ၊ အနိုင်ကျင့်ခံရတာ၊ လစ်လျူရှုခံရတာ၊ အကြမ်းဖက်မှု ကြုံတွေ့ရတာတွေဟာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကြီးလာတဲ့အခါ Stress ကို ခံနိုင်ရည်နည်းသွားစေပါတယ်။
🍀 နာတာရှည်ရောဂါများ
ဆီးချို၊ နှလုံး၊ ကင်ဆာ၊ လေဖြတ်ရောဂါသည်တွေမှာ စိတ်ဓာတ်ကျခြင်းက တွဲလျက်ပါလာတတ်ပါတယ်။
🍀 ဘဝအပြောင်းအလဲများ
အလုပ်လက်မဲ့ဖြစ်ခြင်း၊ အိမ်ထောင်ကွဲခြင်း၊ ချစ်ခင်ရသူ သေဆုံးခြင်း သို့မဟုတ် ကလေးမွေးဖွားခြင်း။
…
…
“Depression ဆိုတာ စိတ်ဓာတ်ပျော့ညံ့သူတွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ တကယ်တော့ ဒါဟာ ဘဝရဲ့ အခက်အခဲတွေ၊ ဖိစီးမှုဒဏ်တွေကို အချိန်ကာလရှည်ကြာစွာ တစ်ယောက်တည်း ကြံ့ကြံ့ခံရင်း စိတ်စွမ်းအင်တွေ ကုန်ခမ်းသွားတဲ့ “သန်မာသူတွေ” မှာ အဖြစ်များတတ်တဲ့ အခြေအနေတစ်ခုပါ။ တံတားတစ်စင်းဟာ ဝန်ပိလွန်းရင် အက်ကွဲကြောင်းတွေ ပေါ်လာသလိုမျိုး၊ လူတစ်ယောက်ဟာလည်း ဒဏ်ရာတွေများလာရင် ဇီဝဗေဒဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာပြီး ရောဂါအသွင် ပြောင်းသွားတတ်ပါတယ်။
ဒါကြောင့် Depression ဆိုတာ စရိုက်လက္ခဏာ မဟုတ်ပါဘူး။ ဆီးချို၊ နှလုံးရောဂါတွေလိုပဲ ကုသရင် ပျောက်ကင်းနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုသာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်လာရင် ဆေးကုသဖို့ ဘယ်သူမှ မရှက်ကြသလို စိတ်ကလေး ဖျားနာတဲ့အခါမှာလည်း ဆေးကုသမှုခံယူဖို့၊ အကူအညီတောင်းဖို့ လုံးဝ (လုံးဝ) ဝန်မလေးသင့်ပါဘူး။ ဒါဟာ သင့်ရဲ့ အပြစ်မဟုတ်လို့ပါပဲ။
ဒီရောဂါကို ခံစားနေရတာဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဟောဒီကမ္ဘာကြီးထဲမှာ သင်နဲ့ထပ်တူ ခံစားနေရတဲ့ မိတ်ဆွေပေါင်း သန်းနဲ့ချီ ရှိပါတယ်။
လူ့ဘဝဆိုတာ ပင်လယ်ပြင်ကြီးလိုပါပဲ။ လှိုင်းလေထန်တဲ့ရက်တွေ ရှိသလို ငြိမ်သက်အေးဆေးတဲ့ နေ့ရက်တွေလည်း ရှိတတ်စမြဲပါ။ အခုလက်ရှိအချိန်မှာ အမှောင်ဖုံးနေတယ်လို့ ခံစားရပေမယ့် ဒီမုန်တိုင်း ပြီးသွားတဲ့အခါ ပိုမိုသန်စွမ်း ရင့်ကျက်တဲ့၊ ဘဝကို ပိုပြီး နားလည်စာနာတတ်တဲ့ ‘သင့်’ ကို ပြန်လည်ရှာဖွေတွေ့ရှိမှာ အသေအချာပါပဲ။
အရှုံးမပေးလိုက်ပါနဲ့။
သင်ဟာ တန်ဖိုးရှိတဲ့သူတစ်ယောက်ပါ….။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

