” ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား”
အိပ်ရာဝင်ခါနီးမှ “ မီးပိတ်ခဲ့ရဲ့လား” ၊ “ တံခါးသော့ခတ်ခဲ့ရဲ့လား” ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။
ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ “ ငါတော့ OCD ဖြစ်နေပြီ” လို့ ကိုယ့်ဘာသာ အလွယ်တကူ ယူဆလိုက်တာ၊ ရောဂါအမည်တပ်လိုက်တာမျိုးတွေကို ဒီနေ့ခေတ်မှာ တွေ့လာရပါတယ်။
တကယ်တော့ OCD (Obsessive-Compulsive Disorder) ဆိုတာဟာ ဒီထက်အများကြီး ပိုနက်နဲပြီး ခံစားရသူအတွက် အလွန်ပင်ပန်းဆင်းရဲရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါ။
သေချာရှင်းပြရရင် OCD ဆိုတာဟာ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ မလိုလားအပ်ဘဲ ကျူးကျော်ဝင်ရောက်လာတဲ့ အတွေးတွေနဲ့ အဲဒီအတွေးတွေကြောင့် ဖြစ်လာတဲ့ပူပန်မှုကို လျှော့ချဖို့ ထပ်ခါထပ်ခါလုပ်မိတဲ့ အပြုအမူတွေ သို့မဟုတ် ထပ်ကျော့အပြုအမူတွေ စုစည်းထားတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခု ဖြစ်ပါတယ်။
အဓိကကွာခြားချက်က ဒီအပြုအမူတွေရဲ့ ပြင်းထန်မှုအတိုင်းအတာနဲ့ မိမိနေ့စဉ်ဘဝအပေါ်သက်ရောက်မှု ဖြစ်ပါတယ်။
…
…
ဒီနေရာမှာ သာမန်လူတစ်ယောက်နဲ့ OCD ဝေဒနာရှင်အကြား ဘယ်လိုကွာခြားလဲဆိုတာကို ပြောပြပါရစေ။
၁။ စိုးရိမ်စိတ်နဲ့ အကြောက်တရား
သာမန်လူတစ်ယောက်က အိပ်ခါနီးမှ “ သော့ပိတ်မိလား” ဆိုတာကို ပြန်စစ်တယ်ဆိုရင် တစ်ခါလောက်သွားကြည့်လိုက်မယ်။ သော့ခတ်ထားတယ်ဆိုတာကိုမြင်ရင် စိတ်အေးသွားပြီး ပြန်အိပ်လိုက်ရုံပါပဲ။ ဒါဟာ မေ့လျော့မှာကို စိုးရိမ်တဲ့ သာမန်သတိထားမှုပါ။
OCD ဝေဒနာရှင်တွေအတွက်ကျတော့ “ သော့ခတ်မိရဲ့လား” ဆိုတဲ့ အတွေးနဲ့အတူ “ သော့မခတ်မိရင် သူခိုးဝင်လာမယ်၊ မိသားစုတစ်ခုလုံး အန္တရာယ်ဖြစ်မယ်၊ အဲဒါအားလုံး ငါ့အပြစ်ပဲ” ဆိုတဲ့ အတွေးဆိုးကြီးက ကျူးကျော်ဝင်လာပါတယ်။ ဒီအတွေးကို မဖြေဖျောက်နိုင်ဘဲ တံခါးကို နာရီဝက်လောက်အထိ ထပ်ခါထပ်ခါ စစ်နေရတတ်ပါတယ်။ ဒါဟာ လွန်ကဲနေတယ်ဆိုတာကို သူကိုယ်တိုင်သိပေမယ့် မလုပ်ရရင် သည်းမခံနိုင်အောင် ပူပန်နေရလို့ ဆက်လုပ်နေရတာပါ။
.
၂။ အစီအစဉ်တကျဖြစ်ချင်စိတ်
လူအများစုက သပ်သပ်ရပ်ရပ်ဖြစ်ချင်လို့ ပစ္စည်းတွေကို နေရာတကျထားတတ်ကြပါတယ်။ ဒါဟာ စနစ်ကျတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါ။ ဒါပေမယ့် OCD ဝေဒနာရှင်တွေကတော့ ပစ္စည်းလေးတစ်ခုကို နေရာလွဲနေတာ မြင်ရုံနဲ့ ရင်ထဲမှာ အကြီးအကျယ် တုန်လှုပ်သွားတတ်ပါတယ်။ “ ဒီလို စီစီရီရီမထားရင် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မယ်” ဆိုတဲ့ အကြောက်တရားကြောင့် မစီရမနေနိုင် ဖြစ်တတ်ကြပါတယ်။ စီပြီးသွားပြန်ရင်လည်း “ မှန်ရဲ့လား” ဆိုတဲ့ သံသယနဲ့ စာအုပ်စင်က စာအုပ်တွေကို အရောင်လိုက်၊ အမြင့်လိုက် ပြန်စီနေတတ်တာ၊ ပြန်ပြန်ပြင်နေရတာကြောင့် တခြားအလုပ်တွေကို ဘာမှမလုပ်နိုင်တော့တဲ့အထိ ဖြစ်တတ်ပါတယ်။
.
၃။ ဂဏန်းရေတွက်ခြင်း
လမ်းလျှောက်ရင် လှေကားထစ်တွေကို ရေတွက်တာ၊ လမ်းဘေးက ဓာတ်တိုင်တွေကို ရေတွက်တာမျိုးတွေက ရှိတတ်ပါတယ်။ သာမန်လူဆိုရင်တော့ ပျင်းလို့ဖြစ်ဖြစ်၊ အမှတ်မထင်ဖြစ်ဖြစ် ရေတွက်မိတာပါ။ ဒါပေမယ့် OCD သမားကတော့ “ ဒီလှေကားထစ်ကို စုံဂဏန်းရောက်အောင် မနင်းမိရင် ငါ့အလုပ်မှာ ကံဆိုးလိမ့်မယ်” ဆိုတဲ့ ယုတ္တိမရှိတဲ့ အတွေးနဲ့ ရေတွက်နေတတ်ပါတယ်။ တကယ်လို့ ရေတွက်တာမှားသွားရင် ဒါမှမဟုတ် မဂဏန်းနဲ့ ဆုံးသွားရင် အစကနေ ပြန်တက်ပြီး ပြန်ရေတွက်ရမှ စိတ်အေးရတဲ့အထိ စိတ်ရောလူရော ပင်ပန်းရပါတယ်။
.
၄။ အန္တရာယ်ကို ထပ်ခါတလဲလဲ စစ်ဆေးခြင်း
ဥပမာ – ဂတ်စ်မီးဖိုကို ပိတ်/မပိတ် စစ်တာမျိုးပါ။ သာမန်လူက တစ်ခါစစ်ပြီးရင် စိတ်ချလက်ချ အပြင်ထွက်သွားနိုင်ပါတယ်။ OCD ဝေဒနာရှင်ကတော့ အိမ်ရှေ့ရောက်မှ “ ငါ တကယ်ပိတ်ခဲ့ရဲ့လား၊ မီးလောင်ရင် ဒုက္ခပါပဲ” ဆိုတဲ့ သံသယကြောင့် အိမ်ထဲ ပြန်ဝင်စစ်ပါတယ်။ ပြီးရင် ပြန်ထွက်တယ်။ လမ်းထိပ်ရောက်မှ စိတ်မချပြန်လို့ နောက်တစ်ခါ ပြန်လာစစ်ပါတယ်။ ဒီလိုနဲ့ အိမ်ထဲနဲ့အပြင်ကို ၅ ခေါက်၊ ၁၀ ခေါက်လောက် ကူးချည်သန်းချည် လုပ်နေရလို့ အလုပ်ကို အချိန်မှန်မရောက်နိုင်တော့တဲ့အထိ ဒုက္ခရောက်ရပါတယ်။
.
၅။ လက်ဆေးခြင်း
သာမန်လူက ညစ်ပတ်ရင် လက်ဆေးတယ်။ ဆေးပြီးရင် ပြီးသွားပါပြီ။ OCD ကို ခံစားရသူကတော့ တစ်ခုခုကို ထိလိုက်တာနဲ့ “ ရောဂါပိုးတွေ ကပ်သွားပြီ၊ ဒါတွေက ငါ့မိသားစုကို ကူးစက်ပြီး အားလုံး ဒုက္ခရောက်ကုန်မယ်” ဆိုတဲ့ အကြောက်တရားကြောင့် လက်ကို အကြိမ်ကြိမ် ဆေးပါတယ်။ လက်အရေပြားတွေ ကွဲအက်၊ သွေးထွက်တဲ့အထိ ဆေးနေမိတာကို သူကိုယ်တိုင်လည်း ရပ်တန့်ချင်ပေမယ့် စိုးရိမ်စိတ်ကြောင့် မရပ်တန့်နိုင်ပါဘူး။
…
…
ဘယ်အချိန်မှာ OCD လို့ သတ်မှတ်မလဲ။
🌴 အချိန်ကုန်များခြင်း
ဒီအပြုအမူတွေကြောင့် တစ်နေ့ကို အနည်းဆုံး ၁ နာရီထက်ပိုပြီး အချိန်ကုန်နေသလား။
🌴 မလုပ်ရမနေနိုင်ခြင်း
ယုတ္တိမရှိမှန်း သိပေမယ့် မလုပ်ရင် သည်းမခံနိုင်အောင် ပူပန်ရလို့ ဆက်လုပ်နေရတာလား။
🌴 နေ့စဉ်ဘဝကို ထိခိုက်ခြင်း
ဒီအပြုအမူတွေကြောင့် အလုပ်နောက်ကျတာ၊ လူမှုရေးပျက်ကွက်တာ၊ မိသားစုနဲ့ ဆက်ဆံရေး ခက်ခဲလာတာမျိုးတွေဟာ ရှိနေပြီလား။
🌴 စိတ်သောကကြီးခြင်း
ဒီအတွေးတွေကို တွန်းလှန်ဖို့ကြိုးစားရင်း စိတ်ပူပင်သောကတွေ ပိုဆိုးလာလား။
ဒါဆိုရင်တော့ သတိထားဖို့ လိုပါပြီ။
…
…
ပြန်ချုပ်ရရင်
OCD ဟာ ကုသလို့ရတဲ့ စိတ်ဝေဒနာတစ်ခုပါ။ စိတ်ကျန်းမာရေး ပညာရှင်/စိတ်ကျန်းမာရေးအထူးကုဆရာဝန်တွေနဲ့ ပြသပြီး ဆေးဝါးကုသမှု၊ စိတ်ကုထုံးတွေနဲ့ ပုံမှန်ဘဝကို ပြန်ရောက်အောင် ကုသနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်မှာ အပေါ်ကပြောပြထားတဲ့အချက်တွေ ရှိနေပြီး စိတ်ပင်ပန်းနေရင် မရှက်မရွံ့ဘဲ ကျွမ်းကျင်ပညာရှင်တွေဆီက အကူအညီကို ရယူပါ။ မိမိကိုယ်ကိုယ် အလွယ်တကူ ရောဂါနာမည်တပ်တာမျိုး မလုပ်ကြဖို့လည်း သတိလေးပေးလိုက်ပါရစေနော်….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

