“ ဟစ်” ခနဲနေတိုင်း ပေါ့ဆလို့မရတဲ့ ကိစ္စရပ်များ
ကြို့ထိုးတယ်ဆိုတာ သိပ်ပြီး အမြင်ကတ်စရာကောင်းတဲ့ အလုပ်ဗျ။ လူတကာရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောမလို့ ဟန်ပြင်တုန်းရှိသေး၊ လည်ချောင်းထဲကနေ “ ဟစ်” ဆိုပြီး အသံထွက်လာရော။
ကိုယ့် crush လေးကို အရေးတကြီး စကားပြောမလို့ လုပ်နေချိန် ဒီလိုလာဖြစ်ရင် ဘယ်လောက် ဒုက္ခရောက်လိုက်မလဲ စဉ်းစားသာကြည့်တော့။ ဒီကြားထဲ ဘေးကလူတွေကလည်း အလကားနေရင်း လန့်အောင် လာလုပ်ကြသေးတာ။ အသက်ရှူအောင့်ခိုင်းတဲ့သူက တစ်မျိုး၊ ရေကို ခေါင်းငုံ့ပြီး သောက်ခိုင်းတဲ့သူက တစ်ဖုံနဲ့ တော်တော်လေးကို ဇယားရှုပ်တဲ့ ကိစ္စပဲ။
…
…
အဲဒီလိုဖြစ်ရတာက တခြားကြောင့်မဟုတ်ဘူး။ ကိုယ့်ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြားမှာ ကန့်လန့်ဖြတ်ရှိနေတဲ့ ရင်ဝမ်းခြားကြွက်သား (Diaphragm) ကြီးက ရုတ်တရက် အကြောဆွဲသလို ကျုံ့သွားလို့ ဖြစ်ရတာ။ အစားကို မြန်မြန်စားလိုက်မိတာတို့၊ အရက်တွေ၊ ဘီယာတွေ၊ ဂတ်စ်ပါတဲ့ အအေးတွေ တစ်ဝကြီး သောက်ချလိုက်တာတို့၊ ပူတဲ့ဟင်းရည်ကို သောက်မိလိုက်တာတို့၊ အစပ်တွေ အများကြီး စားလိုက်တာတို့ဆိုရင် ဒီကြွက်သားကြီးက သဘောမကျတော့ဘဲ ဆန္ဒပြတဲ့အနေနဲ့ ထအော်တော့တာပဲ။
ဒါပေမယ့်ဗျာ ဒီကောင်က မိနစ်ပိုင်းလောက် လာနှောင့်ယှက်သွားရင်တော့ ထားလိုက်ပါတော့။ ပြဿနာက နှစ်ရက် (၄၈ နာရီ) ကျော်တဲ့အထိ တဟစ်ဟစ်နဲ့ ဖြစ်နေတယ်ဆိုရင် ရယ်စရာ မဟုတ်တော့ဘူး။ ကြို့ထိုးတာက အိပ်မရ၊ စားမရဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ရောဂါကြီးကြီးမားမား တစ်ခုခုက နောက်ကွယ်ကနေ စောင့်ကြိုနေပြီလို့သာ မှတ်လိုက်တော့။
…
…
🔺အစာအိမ်၊ အသည်းနှင့် ဝမ်းဗိုက်ပိုင်း ပြဿနာများ
ပထမဆုံး သံသယဝင်ရမှာက အစာအိမ်နဲ့ အူလမ်းကြောင်းကိစ္စပဲ။ အထူးသဖြင့် စားချဉ့်ပြန်ရောဂါ (GERD) ပေါ့ဗျာ။ အစာအိမ်ဆိုတာက အက်စစ်တွေ စုဝေးရာ နေရာလေ။ အဲဒီအက်စစ်တွေက အောက်ကို မဆင်းဘဲ အထက်ကို ဆန်တက်လာပြီး အစာရေမျိုပြွန် တစ်လျှောက် လာလောင်ကျွမ်းတဲ့အခါ အနားမှာရှိနေတဲ့ အာရုံကြောတွေကို သွားကလိတော့တာကိုး။
အာရုံကြောတွေက အက်ဆစ်နဲ့တွေ့နေပြီလို့ အချက်ပြလိုက်တာနဲ့ ရင်ဝမ်းခြားကြွက်သားကြီးကလည်း ဆက်တိုက်ကို ကြို့ထိုးတော့တာပါပဲ။ ဝမ်းဗိုက်ပိုင်းကို ဆက်ပြောရရင်တော့ဗျာ အစာအိမ်အနာတို့၊ အစာအိမ်ကင်ဆာတို့အပြင် သည်းခြေအိတ်ရောင်တာတို့၊ အူပိတ်တာတို့၊ နာမည်ကိုက ချစ်စရာကောင်းပြီး ဒုက္ခပေးတဲ့ မုန့်ချိုအိတ် (ပန်ကရိယ) ရောင်တာတို့ဆိုရင်လည်း ဒီရင်ဝမ်းခြားကြွက်သားကြီးက သိပ်ငြိမ်ချင်တာမဟုတ်ဘူး။
ဒါ့အပြင် တော်တော်လေး သတိထားရမယ့် အပိုင်းက အသည်းရဲ့ တိတ်တဆိတ် ခြိမ်းခြောက်မှုဗျ။ ရင်ဝမ်းခြားကြွက်သားရဲ့ ညာဘက်ပိုင်း အောက်ကပ်ရပ်မှာက အသည်းရှိတယ်။ တကယ်လို့ ကိုယ့်မှာ အသည်းရောင်နေတာ၊ အသည်းကြီးနေတာ၊ ပိုဆိုးတာက အသည်းကင်ဆာလို အလုံးအကျိတ်တွေ ရှိလာပြီဆိုရင် အဲဒီအသည်းက သူ့အပေါ်မှာရှိတဲ့ ရင်ဝမ်းခြားကြွက်သားကြီးကို သွားပင့်မိ၊ ဖိမိတာပေါ့။ ကြွက်သားကလည်း အောက်ကနေ အဖိခံရတော့ အဆက်မပြတ် ကြို့ထိုးတော့တာပါပဲ။
…
…
🔺အဆုတ်နှင့် နှလုံးပိုင်းဆိုင်ရာ ပြဿနာများ
အသည်းအပေါ်မှာက အဆုတ်ရှိတယ်။ အဆုတ်ရောင်ရောဂါတို့၊ အဆုတ်ကင်ဆာတို့ဆိုရင်လည်း ဒီသဘောတရားပါပဲ။ အလုံးအကျိတ်တွေက ကြွက်သားကို လာဖိမိရင် ကြို့က ဆက်တိုက်ထိုးတတ်ပါတယ်။
နောက်ထပ် လူတွေ သိပ်သတိမထားမိတဲ့ အရာက နှလုံးသွေးကြောပိတ်တာ (Heart Attack) ဗျ။ ရုပ်ရှင်တွေထဲမှာလို ရင်ဘတ်ကြီးဖိပြီး လဲကျသွားတာမျိုး မဟုတ်ဘဲ တစ်ခါတလေ (အထူးသဖြင့် အမျိုးသမီးတွေမှာ) အဆက်မပြတ် ကြို့ထိုးတာ၊ မောတာ၊ အော့အန်တာမျိုးနဲ့ လက္ခဏာ ပြတတ်သေးတယ်။
…
…
🔺ဦးနှောက်နှင့် အာရုံကြောပိုင်း ပြဿနာများ
ဦးနှောက်နဲ့ အာရုံကြောဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ဆရာကြီးတွေလေ။ ကြို့ထိုးတာကို ထိန်းချုပ်ဖို့ လည်ပင်းနဲ့ ရင်ခေါင်းထဲကနေ ဖြတ်သွားတဲ့ အဓိက အာရုံကြောကြိုးကြီး နှစ်ချောင်းရှိတယ်။ Vagus Nerve နဲ့ Phrenic nerve လို့ ခေါ်တယ်။ အကယ်လို့ လည်ပင်းမှာ အကျိတ်ထွက်တာ၊ လည်ချောင်းနာတာ၊ အသံအိုးရောင်တာတွေ ဖြစ်လာရင် အဲဒီ အာရုံကြောကြိုးကြီးတွေကို သွားဖိမိတတ်တယ်။ ဖုန်းလိုင်းတွေ ရှော့ခ်ဖြစ်သလို အာရုံကြောတွေမှာ အချက်ပြစနစ် မှားယွင်းသွားပြီး ကြို့တွေ ဆက်တိုက်ထိုးတော့တာပဲ။
အဲထက်ပိုဆိုးတာက ဗဟိုထိန်းချုပ်ရေးစခန်းဖြစ်တဲ့ ဦးနှောက်မှာ လေဖြတ်တာ၊ ဦးနှောက်အမြှေးပါးရောင်တာ ဖြစ်လာရင်လည်း ကြို့ထိုးခြင်းကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။
ဦးနှောက်နဲ့ အာရုံကြောအပိုင်းမှာ တခြားကိစ္စတွေလည်း အများကြီး ကျန်သေးတယ်။ အာရုံကြောအမြှေးပါးတွေ ပျက်စီးတဲ့ Multiple Sclerosis (MS) တို့၊ ဦးနှောက်နဲ့ ကျောရိုးမကြီးထဲမှာ အကျိတ်သွားတည်တာတို့၊ ဦးခေါင်းကို အပြင်းအထန် ထိခိုက်မိတာမျိုးတွေကလည်း ဒီကြို့ထိုးတဲ့ ပြဇာတ်ကြီးရဲ့ နောက်ကွယ်က ဒါရိုက်တာတွေပဲဗျ။
အဲဒီလို အခြေအနေမျိုးဆိုရင်တော့ ကြို့ထိုးတာက အပျော်သဘော မဟုတ်တော့ဘူး။ ကိုယ်ခန္ဓာအတွင်းထဲမှာ ရောဂါတစ်ခုခုရှိနေပြီလို့သာ မှတ်လိုက်တော့။
…
…
🔺ဇီဝကမ္မဖြစ်စဉ်၊ ဆေးဝါးများနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
ဒီကြားထဲ ဆီးချိုတို့၊ ကျောက်ကပ်မကောင်းတာတို့၊ သွေးထဲ ဓာတ်ဆားမညီတာတို့၊ အရက်အလွန်အကျွံ သောက်လို့ အရက်စွဲတာတို့ကလည်း ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကမောက်ကမဖြစ်စေပြီး ကြို့ထိုးစေတဲ့ တရားခံတွေပဲ။ ပြီးတော့ ကိုယ်သောက်နေတဲ့ ဆေးတွေ၊ ဥပမာ – စတီးရွိုက်တွေ၊ ကင်ဆာဆေးတွေ၊ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေကလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြို့ထိုးစေတတ်တာကိုး။
နောက်တစ်ခုက ခွဲစိတ်ခန်းဝင်ဖူးတဲ့သူတွေ၊ အထူးသဖြင့် မေ့ဆေးအရှိန်နဲ့ ဗိုက်ခွဲထားတဲ့ သူတွေမှာဆိုရင် ကိုယ်တွင်းအင်္ဂါတွေက ကပြောင်းကပြန်ဖြစ်ပြီး အသားမကျသေးခင် ကြို့တဟစ်ဟစ်နဲ့ ဇာတ်လမ်းလာလုပ်တတ်သေးတာဗျ။
အဲ စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေကလည်း ပါသေးတယ်။ လူဆိုတာကလည်း စိတ်အလိုလိုက်တတ်တဲ့ သတ္တဝါဆိုတော့ စိတ်ဖိစီးမှု (Stress) တွေ အရမ်းများလာတာ၊ သောကပွေပြီး စိတ်ပူပန်လွန်တာ (Anxiety) တွေ၊ အကြီးအကျယ် ထိတ်လန့်သွားတာမျိုးတွေ ဖြစ်လာရင် ခန္ဓာကိုယ်က ဘာလုပ်ရမှန်းမသိဘဲ ကြို့ထိုးပြီး တုံ့ပြန်တတ်သေးတာ။ စိတ်နဲ့ကိုယ်ဆိုတာက တစ်ထပ်တည်းလေ။ စိတ်က ဂနာမငြိမ်ရင် ခန္ဓာကိုယ်ကလည်း ဟစ်ခနဲ၊ ဟစ်ခနဲနဲ့ ကသိကအောက် လာလုပ်ပြတော့တာပဲ။
…
…
ဒါကြောင့် ပြောချင်တာကဗျာ . . .
ရိုးရိုးကြို့ထိုးရင်တော့ အသက်လေးသာ ကျိတ်မှိတ်အောင့်ထားလိုက်။ စက္ကူအိတ်လေးထဲ လေမှုတ်ထုတ်လိုက်။ ရေအေးလေး တစ်ငုံချင်း သောက်လိုက်။ ဒါပေမဲ့ ၄၈ နာရီကျော်တဲ့အထိ သူက ဟစ်လို့ကောင်းနေတုန်း၊ အိပ်လို့မရ စားလို့မဝင်နဲ့ ရင်ဘတ်တွေပါ အောင့်လာပြီဆိုရင်တော့ ဘေးကလူတွေရဲ့စကားကို နားမယောင်နေနဲ့တော့။ “ ကြို့ထိုးတာလေးများကွာ” ဆိုပြီး ပေါ့ပေါ့ဆဆ မနေဘဲ၊ နီးစပ်ရာ ဆရာဝန်ဆီဖြစ်ဖြစ်၊ တယ်လီကျန်းမာလို အွန်လိုင်းဆေးခန်းကိုဖြစ်ဖြစ် အပြေးလေးသာ သွားပြလိုက်ဖို့ သတိပေးလိုက်ရပါရဲ့ဗျာ…..။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


